ကရင်ပြည်နယ် ကျုံထော်ရေတံခွန်သို့ နေ့ချင်းပြန် သွားရောက်လည်ပတ်သူ အထူးများပြား

 

ရန်ကုန်   ဇန်နဝါရီ   ၃

 

ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ တွင် ကရင်ပြည်နယ်ရှိ ကျုံထော်ရေ တံခွန်ခရီးစဉ်သို့ နေ့ချင်းပြန် သွား ရောက်လည်ပတ်သူ အထူးများပြား လျက်ရှိကြောင်း ခရီးသွားပို့ဆောင် ရေးလုပ်ငန်းများမှ သိရသည်။ 

 

ကရင်ပြည်နယ် မြိုင်ကြီးငူ အထူး ဒေသရှိ ကျုံထော်ရေတံခွန်သို့  သွားရောက်လည်ပတ်သူများ ယခုနောက် ပိုင်းတွင် အထူးများ ပြားလာပြီးနေ့ချင်း ပြန်သွားရောက်မှု ပိုမိုများပြားသည်ဟု သိရသည်။ 

 

''ကျုံထော် ရေတံခွန်နဲ့ ဘားအံက ဆဒ္ဒန်လိုဏ်ဂူခရီးစဉ်ကို တွဲပြီးပို့တာ မျိုးတွေလည်းရှိတယ်။  ဘားအံက ဘုရားတွေဖူးပြီး နေ့ချင်းပြန်  သွားတာများပါတယ်။ တစ်ညအိပ်တာက ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားတဲ့သူတွေ၊ ခရီးဆက်မယ့်သူတွေ အိပ်တာ များတယ်။ ဘုရားဖူးပို့ဆောင်ရေးတွေ၊ အေဂျင်စီတွေကတော့ နေ့ချင်းပြန် ခရီးတွေ စီစဉ်တာများပါတယ်။ ဈေး ကတော့  ၃ဝဝဝဝ၊  ၃၅ဝဝဝ နဲ့ စရိတ်ငြိမ်း   ပို့ဆောင်ပေးတာတွေ ရှိတယ်''ဟု  ကျုံထော်ရေတံခွန်သို့ သွားရောက်လည်ပတ်သူ တစ်ဦးက ပြောသည်။ 

 

မြိုင်ကြီးငူ အထူးဒေသရှိ ကျုံထော် ရေတံခွန်သည် ဘားအံမှ တစ်နာရီခွဲ ကျော်၊ နှစ်နာရီခန့်   မောင်းနှင်ရပြီး မြိုင်ကြီးငူ      အထူးဒေသသည် သက်သတ်လွတ်  ဒေသဖြစ်သောကြောင့် သားငါးများ ယူဆောင်စားသုံး ခြင်း၊ အရက်၊ ဘီယာများ သယ်ဆောင် သောက်သုံးခြင်းများကို  လုံးဝခွင့်မပြု ကြောင်း  သိရသည်။ 

 

''ရန်ကုန်ကနေ ည ၁၂ နာရီ လောက်က ထွက်သွားတာ ဘားအံကို မနက်  စောစောရောက်ပါတယ်။ မြိုင်ကြီးငူကို     ခရီးဆက်တော့ နည်းနည်းတော့ မောင်းရသေးတယ်။ နေ့ချင်းပြန်ဆိုရင်      ခရီးနည်း နည်းလှမ်းပြီး  ပင်ပန်းတယ်လို့ဆို ရမယ်။ ဒါပေမယ့်   ရေတံခွန်ကို ရောက်ရင်တော့   အပန်းပြေရပါ တယ်။ လှပပြီး  အေးချမ်းပါတယ်။ သက်သတ်လွတ်    ဒေသဖြစ်ပြီး   အရက်သေစာ သောက်စားခြင်းကိုလည်း လုံးဝခွင့်မပြုပါဘူး။ အမှိုက်ပုံး တွေကိုလည်း စနစ်တကျ ထားပေး ထားပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် တာမျိုး မရှိအောင် လုပ်ထားပါတယ်။ ဒါပေမယ့် ရေတံခွန်ဘေးက ဆိုင်တွေနဲ့ သန့်စင်ခန်းတွေကို ပိုပြီး သန့်ရှင်း သပ်ရပ်အောင်     လုပ်မယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်'' ဟု ကျုံထော်ရေတံခွန်သို့  ကိုယ်ပိုင်အစီ အစဉ်ဖြင့် သွားရောက်ခဲ့သူ တစ်ဦးက ပြောသည်။ 

 

ယခုနှစ်တွင် ပြည်တွင်းခရီးသွား အထူးများပြားလျက်ရှိရာ   ခရီး သွားများပြားသည့် ဒေသများအပြင်  ယခုနောက်ပိုင်းတွင် ခရီးစဉ်အသစ် များ၊   နေ့ချင်းပြန်ခရီးစဉ်များကို သွားရောက်လည်ပတ်မှု   များပြား လျက်ရှိသည်ဟု သိရသည်။ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ တွင်     နေ့ချင်းပြန်ခရီးတိုများ သွားရောက်မှု   အထူးများပြားပြီး ကျုံထော်ရေတံခွန်သို့လည်း   သွား ရောက်လည်ပတ်မှု  များပြားလျက်ရှိ ကြောင်း သိရသည်။

 

(ဝဝ၁)

 
Featured News: