မြန်မာ့ရုပ်ရှင်လောက၏ ပထမဆုံးအကယ်ဒမီဆု ဆွတ်ခူးရရှိခဲ့သူ လေးထပ်ကွမ်းအကယ်ဒမီဆုရှင် ဝဏ္ဏကျော်ထင် ဒေါ်ကြည်ကြည်ဌေး

 

အနုသုခုမပညာရပ်တစ်ခုဖြစ်သည့် ရုပ်ရှင်အတတ်ပညာ၏ ခေတ်ဦးသမိုင်းအစ ပထမတွင် အသံတိတ်ရုပ်ရှင်များဖြင့်သာ အစပြုခဲ့ပါသည်။ ကမ္ဘာ့ရုပ်ရှင်ပေါ်ထွန်းပြီး ၂၅ နှစ်အကြာတွင် မြန်မာရုပ်ရှင်လုပ်ငန်း စတင်ပေါ်ပေါက်ခဲ့ ပါသည်။ မြန်မာပြဇာတ်နှင့်  ရုပ်ရှင်အနုပညာသမိုင်းကြောင်းတွင် ခေတ်တစ်ခေတ်ကို အခိုင်အမာစိုက်ထူနိုင်ခဲ့သူများ တွင် ပထမဆုံးသော အမျိုးသမီးအကယ်ဒမီထူးချွန်ဆုရှင်တစ်ဦးဖြစ် သည့် လေးထပ်ကွမ်းအ ကယ် ဒမီဆုရှင် မင်းသမီး ကြည်ကြည်ဌေးသည်လည်း အပါအဝင်ဖြစ်ပါသည်။

မင်းသမီး ကြည်ကြည်ဌေးသည်   သာယာဝတီခရိုင် ကျွဲသတ်ကျေးရွာဇာတိဖြစ်ပြီး အမည်အရင်းမှာ မသိန်း ကျင်ဖြစ်ပါသည်။  အစ်မဖြစ်သူ ဒေါ်သိန်းရှင်သည်လည်း မြန်မာ့ရုပ်ရှင်လောကတွင် အကယ်ဒမီဒေါ်သိန်းရှင်အဖြစ် ထင်ရှားခဲ့သူ တစ်ဦးဖြစ်သည်။  မင်းသမီး ကြည်ကြည်ဌေးကို သင်ပုန်းကြီးစသင်ပေးခဲ့သော  လက်ဦးဆရာမှာ သုပဏ္ဏက ဂဠုနရာဇာဘွဲ့ခံ   ဆရာစံဖြစ်သော်လည်း   ကြည်ကြည်ဌေး သည် ငယ်စဉ်ကတည်းက ကျောင်းစာထက် အဆို၊ အက၊ သဘင် အနုပညာဘက်ကို   ပိုမိုဝါသနာထုံခဲ့သူတစ်ဦးဖြစ် သည်။

တောက်မည့်မီးခဲတရဲရဲဟု   ဆိုရလောက်အောင်ပင် ကြည်ကြည်ဌေးသည်  (၆)နှစ်သမီးအရွယ်တွင် ဒေါ်လေးဖြစ်သူ၏ ဇာတ်ထဲတွင်]အောင်မြကျင်}အမည်ဖြင့် အစ်မများနှင့်အတူ   အပျိုတော် ၁၂ ခန်း    ကပြခဲ့သည်။ ထို့နောက် လူရွှင်ေ တာ်   ဦးနတ်ပန်းနှင့်   ]မုဆိုးကတော်} တစ်ခန်းရပ်ပြဇာတ်တွင်လည်း   ပါဝင်ကပြခဲ့ရာ  ထိုအရွယ် ကတည်းက ပရိသတ်၏အထူးအားပေးမှုကို  ရရှိခဲ့သူတစ်ဦး ဖြစ်သည်။         အသက်ငယ်ငယ်နှင့်     မင်းသမီးပေါက်စ ကြည်ကြည်ဌေး သည် “အောင်မြကျင်”အမည်ဖြင့် တစ်ရှိန်ထိုးကျော်ကြားလျက်ရှိချိန်တွင်     ဇာတ်ခေါင်းကွဲပြီး နယားပျံဆရာခ ဇာတ်သို့ရောက်ရှိခဲ့ကာ ယင်းဇာတ်ထဲတွင်       မင်းသားကြီးရွှေနှင့်      တွဲဖက်၍ အောက်ချင်း ဖို၊ အောက်ချင်းမ ပြဇာတ်ကို ကပြခဲ့ ရာ အလွန် အောင်မြင်ခဲ့သဖြင့် ပုဂံ၊ ညောင်ဦး၊ မကွေး၊ ချောက်၊ စလင်း၊ စကု စသည့် မြို့များ၌ မနားတမ်းကပြခဲ့ရသည်။

စစ်ပြီးခေတ်တွင် ပြဇာတ်ခေတ်သို့ ရောက်သောအခါ ကြည်ကြည်ဌေးသည် မာလာရီအမည်ဖြင့် ထင်ရှားစပြုလာ ချိန်ဖြစ်ပါသည်။ ထို့နောက် ကာဌေးရုံ၌ ပြဇာတ်မင်းသမီး ရွေးပွဲတွင် ကြည်ကြည်ဌေးအမည်ဖြင့် ဒုတိယရရှိခဲ့သဖြင့် ဒါရိုက်တာဦးသုခ၏ ချစ်ကုမ္ပဏီပြဇာတ်တွင်  ခေါင်းဆောင် မင်းသမီးအဖြစ် ကပြသရုပ်ဆောင်ခွင့်ရရှိခဲ့သည်။

ထိုသို့ ပြဇာတ်လောကတွင် ကြည်ကြည်ဌေးအမည် ဖြင့် နာမည်ရလာခဲ့ပြီးနောက်   ညောင်ရေသဘင်၊  ဂီတာ လုလင်၊ နှစ်ဆင့်မေတ္တာ စသည့် ပြဇာတ်များတွင် ဆက်တိုက် ဆိုသလို ပါဝင်ကပြခဲ့ရပြီး ထိုစဉ်က ကြည်ကြည်ဌေး ကို ပြဇာတ်ဘုရင်မဟုပင်   တင်စားခေါ်ဝေါ်လာကြပါသည်။ ထိုမှတစ်ဆင့်   ပြဇာတ်မင်းသမီး   ကြည်ကြည်ဌေးသည် ရုပ်ရှင်လောကသို့ ကူးပြောင်းရောက်ရှိလာခဲ့ပြန်ပါသည်။

ပြဇာတ်လောကမှ ရုပ်ရှင်လောကသို့  ကူးပြောင်းလာ သော မင်းသမီးကြည်ကြည်ဌေးသည် အေဝမ်းရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ  မောင်တင်မောင် ရိုက်ကူးသည့် “ချစ်သက်ဝေ”ဇာတ်ကားကို မင်းသမီး မေရှင် နှင့် ရိုက်ကူးရန် စီစဉ်ထားသော်လည်း  မေရှင် မအားလပ် သဖြင့် ယင်းဇာတ်ကားတွင်  ကြည်ကြည်ဌေး  ပါဝင်သရုပ် ဆောင်ခဲ့ရာ   မြန်မာ့ရုပ်ရှင်လောကတွင် ထင်ရှားသည့်  ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ယင်းဇာတ် ကားဖြင့်ပင်  အမျိုးသမီးပညာသည်ဆုကို ရရှိခဲ့ ပါသည်။ ယင်းအချိန်က ရုပ်ရှင်ထူးချွန်ဆုကို အကယ်ဒမီဟု မခေါ်တွင်သေးဘဲ အမျိုးသား၊ အမျိုးသမီးပညာသည်ဆုဟု သာ ခေါ်တွင်စေခဲ့သည့်အချိန်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး အကယ်ဒမီမင်းသမီး  ကြည်ကြည်ဌေး သည် ၁၉၅၆ ခုနှစ်တွင် “ချစ်ခွင့်မပိုင်”ဇာတ်ကားဖြင့် ရုပ်ရှင် ထူးချွန်ဆုကိုလည်းကောင်း၊     ၁၉၇၀ ပြည့်နှစ်တွင်   “နုနု ငယ်ငယ်”ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့အကယ်ဒမီဆု ကိုလည်းကောင်း၊ ၁၉၇၈ ခုနှစ်တွင် “လူဇော်”ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့အကယ်ဒမီဆုကိုလည်းကောင်း  ဆွတ်ခူး ရရှိခဲ့ပါသည်။ ထို့အပြင် အကယ်ဒမီလေးထပ်ကွမ်းဆုရှင် အကယ်ဒမီများရှင် ဒေါ်ကြည်ကြည်ဌေးကို  နိုင်ငံတော်မှ ဝဏ္ဏကျော်ထင်ဘွဲ့ကို  ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက်  မြန်မာ့ပြဇာတ်နှင့် ရုပ်ရှင်လောကတွင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည့်   အနုပညာကြယ်တစ်ပွင့်ဖြစ်သည့် အကယ်ဒမီများရှင် ဝဏ္ဏကျော်ထင်  ဒေါ်ကြည်ကြည်ဌေး သည် အသက်(၇၆)နှစ်အရွယ်တွင်  အနုပညာလောက ကြီးကို အပြီးတိုင် စွန့်ခွာသွားခဲ့သည်။

(၆)နှစ်သမီးအရွယ်မှစတင်ကာ အနုသုခုမ သဘင်ပညာရပ်ကိုအရူးအမူးလေ့လာလိုက်စားခဲ့ပြီး အခက် အခဲအတားအဆီး အမျိုးမျိုးကြားမှ  မိမိဝါသနာပါ သည့် အနုပညာလမ်းကြောင်းကို အတိမ်းအစောင်းမခံဘဲ မဆုတ် မနစ်ကြိုးစားခဲ့ကာ အဆို၊ အငို၊ အပြော၊ သရုပ်ဆောင် ကောင်းချက်များကြောင့်  တစ်ခေတ်တစ်ခါက   တော်လို့ ကျော်ခဲ့သူ လေးထပ်ကွမ်း အကယ် ဒမီဆုရှင်  ဝဏ္ဏကျော်ထင်  ဒေါ်ကြည်ကြည်ဌေးသည် မြန်မာ့ပြဇာတ်နှင့်  ရုပ်ရှင် လောကတွင်   မေ့ဖျောက်မရနိုင်သည့်  သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်ကတော့  အသေအချာပင်ဖြစ်ပါတော့ သည်။    ။

Featured News: