YRTC က YBS ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်း လေးသိန်းခန့် အခမဲ့ဖြန့်ဝေခဲ့ပြီးဖြစ်

 

ရန်ကုန်   မေ   ၂၉


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ် နိုင်ရေးနှင့်  ဘေးအန္တရာယ်ကင်းရှင်း၍ ဝန်ဆောင်မှုကောင်းသော   YBS   စနစ် ဖြစ်ပေါ်စေရေးအတွက်   ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ  (YRTC)  အနေဖြင့် YBS   ယာဉ်မောင်းများနှင့်   ခရီးသွား ပြည်သူများအပါအဝင် လမ်းသွားလမ်း လာများအား Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း ကို  မေ ၂၈   ရက်က   ရန်ကုန်မြို့လယ် ဆူးလေမှတ်တိုင်နှင့်   လေးထောင့်ကန် လမ်းမကြီး  (စံပြစျေးမှတ်တိုင်)   တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 


“ကိုဗစ်ရောဂါက လျော့နည်းကျဆင်း လာပြီဆိုပေမယ့် ကူးစက်ရောဂါဆိုတာ မမြင်ရတာမို့     ခရီးသွားပြည်သူတွေနဲ့ လမ်းသွားလမ်းလာတွေ   ကူးစက်ရောဂါ အန္တရာယ်မဖြစ်စေဖို့အတွက်  မဖြစ်မနေ နှာခေါင်းစည်းတွေ တပ်ဆင်ပြီး   ယာဉ် စီးနင်းစေဖို့နဲ့         ရောဂါကာကွယ်ရေး အတွက်  အသိရှိကြစေဖို့  ဆောင်ရွက် ခြင်းလည်း  ဖြစ်ပါတယ်။  အခုအကြိမ်နဲ့ ဆိုရင် (၂၂)ကြိမ်မြောက် Mask Campaign ပြုလုပ် ဆောင်ရွက်တာဖြစ်ပြီး    စုစုပေါင်း နှာခေါင်းစည်း   အခုရေ   လေးသိန်းခန့် အခမဲ့   ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါတယ်”ဟု YRTC တွဲဖက်အတွင်းရေးမှူး    ဦးလျန် ကျင့်မန်က ပြောသည်။

 


အဆိုပါ Mask Campaign ဆောင် ရွက်ရာတွင် YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်နှင့်အဖွဲ့က     ဆူးလေ မှတ်တိုင်၌  နှာခေါင်းစည်း    အခုရေ ၁၀၀၀၀ နှင့်  လေးထောင့်ကန်လမ်းမကြီး (စံပြစျေးမှတ်တိုင်) ၌   နှာခေါင်းစည်း အခုရေ ၁၀၀၀၀ တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ သည်။

 


ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း   ကျဆင်းလာသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ရက် လျှင် YBS  ယာဉ်လိုင်း ၁၁၃  လိုင်းက ယာဉ်စီးရေ ၃၀၀၀ ကျော်ဖြင့် ပြန်လည် ပြေးဆွဲလျက်ရှိပြီး တစ်ရက်လျှင် လိုက်ပါ စီးနင်းကြသည့်    ခရီးသည်ဦးရေမှာ ကိုးသိန်းနီးပါးအထိ    ရှိနေပြီဖြစ်သော ကြောင့်   ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေး သတ်မှတ်စည်းကမ်း များနှင့်အညီ သွားလာကြစေရေးအတွက် အသိပညာပေး    ဆောင်ရွက်ခြင်းဖြစ်‌ ကြောင်း သိရသည်။


တင်စိုး (မြန်မာ့အလင်း)