ယခုလအတွင်း Cargo Flight ဖြင့် ဆန်နှင့်ဆန်ကွဲ တင်ပို့ပါက Pre-License Cargo Inspection စစ်ဆေးရန်မလိုဟု ဆန်စပါးအသင်းချုပ်က အသိပေးထား

 

ရန်ကုန်  ဒီဇင်ဘာ  ၂
ပင်လယ်‌‌ရေကြောင်းနှင့် နယ်စပ်မှ  ဆန်နှင့် ဆန်ကွဲတင်ပိုမှု လျော့ကျနေချိန်တွင် Cargo Flight   ဖြင့်   ပြည်ပသို့   ဆန်နှင့်  ဆန်ကွဲ  တင်ပို့မည့်   ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်   Pre-License  Cargo   Inspection   စစ်ဆေး ရန်  မလိုအပ်ကြောင်း   မြန်မာနိုင်ငံ   ဆန်စပါး အသင်းချုပ်က ထုတ်ပြန်အသိပေးလာသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်က စတင်၍ Pre-License Cargo Inspection စစ်ဆေးခြင်း ကိုလျှောက်ထားမည့်  ဆန်/ဆန်ကွဲ   ပို့ကုန်လိုင်စင် ပမာဏ၏ ၁၀၀ ရာခိုင်နှုန်း ကုန်ပစ္စည်းသိုလှောင် ထားရှိမှု စိစစ်ခြင်းအစား ၅၀ ရာခိုင်နှုန်းအထိ သာ စစ်ဆေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
MSME နှင့် SME ပို့ကုန်လုပ်ငန်းရှင်များကို အားပေးကူညီရန်အတွက် တန်ချိန် ၂၆၀ နှင့် အောက်   ပို့ကုန်လိုင်စင်လျှောက်ထားမှုများ အတွက် Pre-License Cargo Inspection စစ်ဆေးရန် လိုအပ်မှုမရှိကြောင်းနှင့် အဆိုပါ အစီအစဉ်ကို   ယခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အတွင်း   ဆောင်ရွက်မည်ဖြစ်ကြောင်း လည်း ဖော်ပြရေးသားထားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်း တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိသော်လည်း လက်ရှိဘဏ္ဍာ နှစ် ခြောက်လအတွင်း တန်ချိန် ၅၈၃၆၈၃ တန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂၇၁ သန်း ရရှိခဲ့ကာ ယခင်နှစ်ကာလတူထက် ၅၀  ရာခိုင်နှုန်းအထိ လျော့ကျနေကြောင်းလည်း    မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။           MT