
ရန်ကုန် ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် နေ့စဉ် YBS ခရီးသည်တင်ယာဉ်များ စီးနင်း၍ မြို့တွင်းခရီးသွားလာနေကြသည့် ပြည်သူများ အနေဖြင့် ခရီးသွားလာကြရာတွင် ယာဉ်အကူ (စပယ်ယာ)များနှင့် ဆက်ဆံရသည့် အခက်အခဲများ၊ ငွေအကြွေရှာရသည့် အခက်အခဲများ၊ ငွေစက္ကူများမှတစ်ဆင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရမှုများ စသည့်အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ငွေပေးချေကတ် Yangon Payment Service (YPS)စနစ်ကို တွင်ကျယ်စွာ ပြန်လည်အသုံးပြုနိုင်ရန် ဒုတိယ အကျော့အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
သို့သော်ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အနေဖြင့် ယခုအခါ YBS ခရီးသည်တင်ယာဉ် များတွင် ငွေပေးချေကတ် Yangon Payment Service (YPS)စနစ်ကို ပြန်လည်အကောင်အထည် ဖော်ခြင်းထက် အချို့သော YBS ခရီးသည်တင် ယာဉ် အစီးရေ ပြေးဆွဲမှုနည်းသော ယာဉ်လိုင်း များတွင် ယာဉ်အစီးရေများ လုံလုံလောက်လောက် ပြေးဆွဲနိုင်ရန် ခရီးသည်များက မျှော်လင့်လျက်ရှိ ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
“ YBS ခရီးသည်တင်ယာဉ်လိုင်းတွေမှာ ယာဉ်စီးခငွေပေးချေတဲ့စနစ်ကို YPS ကတ်စနစ် အဖြစ် ဆောင်ရွက်ပေးတာထက် ကျွန်မတို့လို နေ့စဉ်ခရီးသွားပြည်သူတွေအဖို့ တချို့ ယာဉ်အစီး ရေနည်းပါးတဲ့ ယာဉ်လိုင်းတွေမှာ ယာဉ်အစီးရေတွေ ကို တိုးမြှင့်ပြေးဆွဲပေးစေချင်ပါတယ်။ ပြောရရင် တော့ ဒီကတ်စနစ်ကိုသွားဖို့ ပထမခြေလှမ်းအနေ နဲ့ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကတ်စနစ် ဆိုတာက ကားလာမှစီးလို့ရတာလေ။ အဲဒီအတွက် ကားတွေက လုံလုံလောက်လောက် ပြေးဆွဲပေးနိုင် မှ လူတွေကလည်း ဒီကတ်ကို ယုံယုံကြည်ကြည်နဲ့ ဝယ်ယူပြီး စီးကြမှာလေ။ အဲဒီအခါမှာတော့ ဒီကတ် စနစ်က သက်ဆိုင်ရာတာဝန်ရှိသူတွေ မျှော်မှန်း ထားသလောက် အောင်မြင်လာနိုင်မှာပါ။ နောက် တစ်ခုက အရင်ကဆို YBSနဲ့ ခရီးသွားရတာ အချိန် ကို မှန်းပြီး သွားလို့ရပေမယ့် ကိုဗစ်ကာလကနေစပြီး ဒီနေ့အချိန်အထိ YBS စီးမယ်ဆိုရင် အရင်က သွားနေကျအချိန်ထက် တစ်နာရီလောက်ကြိုပြီး အိမ်ကနေထွက်ရပါတယ်။ အဲဒါတောင်မှ တစ်ခါ တလေ ခရီးစဉ်တစ်ဝက်ပဲရောက်မယ်ဆိုတဲ့ ကားက ရှိသေးတယ်။ ပြောရရင် YBS စီးရတာ အရင်ကထက် အဆင်မပြေမှုတွေ များပါတယ် ” ဟု နေ့စဉ် အလုံမြို့ နယ်မှ တောင်ဒဂုံမြို့နယ်သို့ YBS ခရီးသည်တင်ယာဉ် စီးနင်းပြီး မြို့တွင်းခရီးသွားလာနေသူ ဒေါ်သန္တာဦးက ပြောသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည် တင်ယာဉ်များတွင် ငွေပေးချေကတ် YPS စနစ်ဖြင့် ယာဉ်စီးခပေးချေမှုကို ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းကစ၍ ရန်ကုန်မြို့တွင်း ယာဉ်လိုင်းပေါင်း ၃၆ လိုင်းရှိ ဘတ်စ်ကားအစီးရေ ၁၉၀၂ စီးတွင် စတင်တပ်ဆင် အသုံးပြုခဲ့ရာ ခရီးသွားပြည်သူ ခြောက်သောင်းကျော် အထိ ဝယ်ယူအသုံးပြုမှုရှိခဲ့ပြီး ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာမှုကြောင့်လည်းကောင်း၊ ဝန်ဆောင်မှုပေးနေသော Yangon Payment Service Company Limited ရပ်နားခဲ့မှုကြောင့်လည်းကောင်း YBS ခရီးသည် တင်ယာဉ်များတွင် ငွေပေးချေကတ် YPS စနစ်အသုံးပြုမှုမှာလည်း အရှိန်အဟုန်ပြတ် သွားခဲ့ရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ဦးဆောင်ပြီး မြို့တွင်းခရီးစဉ်ပြေးဆွဲပေးနေ သည့် YBS ခရီးသည်တင်ယာဉ်လိုင်း ကုမ္ပဏီငါးခု ဖြစ်သည့့် YUPT၊ YBPC ၊ GYCT ၊ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးကုမ္ပဏီလီမိတက်၊ လူထုမိတ်ဆွေ အများပိုင်ကုမ္ပဏီလီမိတက် စသည့်ကုမ္ပဏီငါးခု ရှိ YBS ခရီးသည်တင်ယာဉ် ၁၉၄ စီးတွင် ဒုတိယ အကျော့အနေဖြင့် ငွေပေးချေကတ် YPS စနစ် ကို တွင်ကျယ်စွာ ပြန်လည်တပ်ဆင် အသုံးပြု လျက်ရှိသော်လည်း ခရီးသွားပြည်သူများအနေ ဖြင့် ငွေပေးချေကတ် YPS စနစ် အသုံးပြုပြီး ရန်ကုန်မြို့တွင်း ခရီးသွားလာမှုမှာ မရှိသလောက် နည်းပါးကြောင်း YBS ခရီးသည်တင်ယာဉ်မောင်း တစ်ဦးထံမှ သိရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများကို စည်းကမ်း ထိန်းသိမ်း ခြင်းများဆောင်ရွက်၍ ထိရောက်သည့် စစ်ဆေး အရေးယူမှုများ ဆောင်ရွက်နေသော်လည်း တချို့သော YBS ခရီးသည်တင်ယာဉ်လိုင်းများမှာ ယာဉ်အကူ(စပယ်ယာ) တင်ဆောင်၍ သတ်မှတ် ယာဉ်စီးခနှုန်းထားထက် ပိုမိုကောက်ခံခြင်း၊ စည်းကမ်းမဲ့စွာ မောင်းနှင်ခြင်း၊ ခရီးစဉ်တစ်ဝက်သာ ပြေးဆွဲနေခြင်း၊ စီးနင်းလိုက်ပါလာသည့် ခရီးသည် များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံမှုမရှိခြင်း များကြောင့် ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများ အနေဖြင့် နေ့စဉ်အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
နိုင်လင်းအောင်
(တာမွေ)