ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၁) နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၂) ဖွင့်လှစ်

 

နေပြည်တော်    ဒီဇင်ဘာ   ၆ 


ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၁) နှင့် အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၂) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။ 

 


အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ   ဒေါက်တာမောင်မောင်နိုင်က   အဆင့်မြင့် အရာရှိကြီးများ၏   အရည်အသွေးများ    မြင့်မား ထက်မြက်လာစေပြီး မိမိတာဝန်ယူရသော ဝန်ထမ်း အဖွဲ့အစည်း၏ ဦးဆောင်နိုင်မှုစွမ်းရည် တိုးတက် လာစေရန်နှင့်    အနာဂတ်ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများ   ပေါ်ထွက်လာစေရန် ရည်ရွယ်၍    သင်တန်းကို    ဖွင့်လှစ်ခြင်းရခြင်း ဖြစ်ကြောင်း၊  သင်တန်းတွင် ဘက်ပေါင်းစုံတွေးခေါ် မြော်မြင်မှု၊    ညှိနှိုင်းပေါင်းစပ်တတ်မှု၊   ပြည်တွင်း၊ ပြည်ပဗဟုသုတနှင့်     သတင်းအချက်အလက် နည်းပညာများကို အသုံးချပြီး ပိုမိုကောင်းမွန်သည့် ပညာရပ်အတွေ့အကြုံ သင်ခန်းစာနှင့် နမူနာများကို လေ့လာသုံးသပ်တတ်သည့် အလေ့အထများ ရရှိ စေရန် တာဝန်ရှိသူများက  ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း၊     ကျယ်ပြန့်သည့်    တွေးခေါ်မြော်မြင်မှု စွမ်းအားနှင့်   စွမ်းဆောင်ရည်များ  အစဉ်တိုးတက် နေစေရန် သင်တန်းကာလဆွေးနွေးမှုများမှ ပညာ သစ်၊ အတွေ့အကြုံသစ်များကို  ဖော်ထုတ်သိမြင်  နိုင်ရေး      အထူးကြိုးပမ်း   လေ့လာသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 


ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံ ခန့်ခွဲမှုသင်တန်း   အမှတ်စဉ်(၁၁)သို့   ဝန်ကြီးဌာန များမှ သင်တန်းသား  ၂၀ နှင့်  အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၂)သို့    သင်တန်းသား  ၃၈ ဦး    တက်ရောက်ကြပြီး   သင်တန်းကာလမှာ ရက်သတ္တရှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း  သိရ သည်။

 


အခမ်းအနားသို့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်       (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဖိတ်ကြား ထားသူများ၊   သင်တန်းသား  သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  

သတင်းစဉ်