ဝဿကာရတွေကြားက တို့ပြည်ထောင်စုနယ်မြေ

Type
5

 ပြည်ထောင်စုနေ့ အကြိုဂုဏ်ပြုဆောင်းပါး

ဇာနည်ဘွား

၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့နီးကပ်လာခဲ့ချေပြီ။ အသက် ၅၀ ကျော်အရွယ်  မိမိတို့မျိုးဆက်များအဖို့ ပြည်ထောင်စုနေ့နှင့်ပတ်သက်လျှင် အမှတ်ရစရာများက အများသားလား။ ဦးစွာအောက်မေ့ အမှတ်ရမိသည်က မီးအလှရောင်စုံများ ဖြာဝေစွာဆင်ယင်ထွန်းညှိပြီး တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြသည့် ကျိုက္ကဆံပြည်ထောင်စုပွဲတော်နှင့် ပြည်ထောင်စုအလံတော်ကို လက်ဆင့်ကမ်းသယ်ယူခဲ့ကြသည့် မြင်ကွင်းပုံရိပ်များပင် ဖြစ်ပါတော့သည်။

 

နှစ်သစ်၏   ဇန်နဝါရီလကုန်၍   ဖေဖော်ဝါရီ လဆန်းပြီဆိုလျှင်ဖြင့်    ရန်ကုန်မြို့တော်ခန်းမတွင် တစ်နှစ်တာရပ်နားခဲ့သော ပြည်ထောင်စုအလံတော် သည်    ပြည်နယ်နှင့်  တိုင်းအသီးသီးသို့  စတင် လှည့်လည်ပါတော့သည်။  ပြည်ထောင်စုအလံတော် ကို  ပြည်ထောင်စုနယ်မြေအသီးသီးမှ တိုင်းရင်းသား ပြည်သူများ၊ လူထုလူတန်းစားအဖွဲ့အစည်းများက အလံတော်ညအိပ်ရပ်နားရာနေရာသို့   လက်ဆင့် ကမ်း သယ်ဆောင်ကြသည်။


ဖေဖော်ဝါရီလ ၁၂ ရက်နေ့  (ပြည်ထောင်စုနေ့) မတိုင်မီ ရက်ပိုင်းအလိုတွင် ပြည်ထောင်စုအလံတော် သည်    ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရာ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အလံတော်ရပ်နားရာ စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိလာပါသည်။


ပြည်ထောင်စုနေ့အခမ်းအနား  
စည်ကားသိုက်မြိုက်စွာကျင်းပ


ပြည်ထောင်စုနေ့အခမ်းအနား   ကျင်းပရာ ကျိုက္ကဆံကွင်းအတွင်း၌မူ ပြည်ထောင်စုပွဲတော်ကို ပြည်ထောင်စုနေ့အထိမ်းအမှတ်    ပြည်နယ်နှင့် တိုင်း၊ ဝန်ကြီးဌာနပြခန်းများ၊   ရုပ်ရှင်၊   သဘင်၊   ဂီတပဒေသာကပွဲများ၊   ဇာတ်ပွဲများ၊ ပွဲဈေးတန်းများ၊ ပျော်ပွဲရွှင်ပွဲများဖြင့်      စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။


ပြည်နယ်နှင့် တိုင်း၊ ဝန်ကြီးဌာနပြခန်းများတွင် တိုင်းရင်းသားတို့၏    ယဉ်ကျေးမှုနှင့်   ရိုးရာ ဓလေ့ထုံးစံများ၊ ဒေသထွက်ကုန်များ၊ အထင်ကရ ဘုရားပုထိုးစေတီများ၊ လမ်းတံတား  အဆောက် အအုံများ၊    နိုင်ငံပိုင်စက်ရုံ၊   အလုပ်ရုံများကို ပုံစံငယ်များနှင့်တကွ   ခင်းကျင်းပြသထားသည်။ ကယားပြည်နယ်    ပြခန်းအတွင်းရှိ    လောပိတ ဓာတ်အားပေးစက်ရုံပုံစံငယ်နှင့်  မကွေးတိုင်းအတွင်း ရှိ    ရေနံတွင်းတူးစင်ပုံစံငယ်များကို   ယနေ့တိုင် အမှတ်ရနေဆဲပင်။


ထိုထိုသော   ပြည်ထောင်စုနေ့နှင့်  ဆက်စပ် သည့်    မြင်ကွင်းပုံရိပ်များကြောင့်ပင်   မိမိတို့ မျိုးဆက်များခေတ်တွင်    တိုင်းရင်းသားများနှင့် အနေဝေးသော်လည်း     သွေးချင်းနီးခဲ့ကြသည်။ သွေးချင်းညီအစ်ကိုများအဖြစ်   ရင်းနှီးချစ်ကြည် ချစ်ကျွမ်းဝင်ခဲ့ကြသည်။ ယုတ်စွအဆုံး တစ်ခေတ် တစ်ခါက ရန်ကုန်မြို့ အောင်ဆန်းကွင်း၌  ကျင်းပ ခဲ့သည့်  ပြည်နယ်နှင့်  တိုင်းဘောလုံးပြိုင်ပွဲများ၌ပင် လျှင်    ရန်ကုန်မြို့ခံဘောလုံးပရိသတ်များသည် ပြည်နယ်အသင်းများကို အထူးအားပေးမြှောက်စား ခဲ့ကြပါသည်။


၁၉၈၀ ကျော်လွန်နှစ်များအတွင်းက ပြည်နယ် အသင်းများခြေစွာသည်။ ရန်ကုန်၊ မန္တလေး၊ မကွေး စသည့်အသင်းကြီးများကို   ခြေရည်တူကစားပြီး အခက်တွေ့အောင်လုပ်နိုင်သည့် ပြည်နယ်အသင်း တစ်သင်း၊ နှစ်သင်း   နှစ်စဉ်ပေါ်ထွက်လေ့ရှိသည်။ နာမည်ကြီး တိုင်းအသင်းများကို အကြိတ်အနယ် ခံကစားသည့်        ပြည်နယ်အသင်းများအား အောင်ဆန်းကွင်းတစ်ကွင်းလုံးက ပုံအောအားပေး လေ့ရှိကြသည်။


အိမ်ခံ    ရန်ကုန်တိုင်းအသင်းသည်ပင်လျှင် ကရင်၊ ကယား၊  ကချင်၊  ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်နယ်အသင်းများနှင့်    ဆုံတွေ့ခဲ့ပါက   အိမ်ခံ အသင်းသည်  ဧည့်သည်အသင်း၊  အိမ်ကွင်းသည် အဝေးကွင်းအဖြစ်  ပြောင်းပြန်ဖြစ်သွားရလောက် အောင်ပင်   ပြည်နယ်အသင်းများကို   တစ်ခဲနက် အားပေးခဲ့ကြပါသည်။


ပြည်ထောင်စုစိတ်ဓာတ်
ထာဝစဉ်တည်တံ့ခိုင်မြဲရေး


ယခုပြန်တွေးကြည့်တော့  ပြည်ထောင်စုနေ့ အခမ်းအနားများကို    ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထွန်းကားရေး၊   တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးရေး၊ အေးအတူပူအမျှ ဥမကွဲသိုက်မပျက်ဖြင့် ပြည်ထောင်စုကြီး   ထာဝစဉ်တည်တံ့ခိုင်မြဲရေးတို့ အတွက် ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များ ၏ အမြော်အမြင်နှင့် ရည်ရွယ်ချက်များကို တွေ့မြင် နားလည်သဘောပေါက်လာမိသည်။                              

                        
မျက်မှောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရခေတ်တွင်လည်း ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား  အပါအဝင်   ပြည်ထောင်စုနေ့အခမ်းအနားများကို   နိုင်ငံရေး အနှစ်သာရရှိရှိ      နှစ်စဉ်  ခမ်းခမ်းနားနား စည်ကား သိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိသည်။


ယခု ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနားကိုလည်း အမျိုးသားရေးဦးတည် ချက်(၅)ရပ်နှင့်     ဒို့တာဝန်အရေး (၃)ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့်    အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဦးတည်ချက်များနှင့်အညီ တိုင်းရင်းသားများစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်း ရေးအတွက် အဓိကထားပြီး ရည်ရွယ်ကျင်းပသွား မည်ဟု သိရသည်။


ထို့အပြင် ပြည်ထောင်စုနေ့အခမ်းအနားတွင် နိုင်ငံတော်က     အလေးထားဆောင်ရွက်နေသည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်း မှ အထောက်အကူပြုမည့်  MSME လုပ်ငန်းများနှင့် ပတ်သက်သည့် ပြခန်းများကိုလည်း ခင်းကျင်းပြသ နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် One Region One Product အဓိကထုတ်ကုန်အပါအဝင်     မိမိပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အခြားသော ထုတ်ကုန်အမျိုး မျိုးကို ပူးပေါင်းပါဝင် ခင်းကျင်းပြသခြင်းဖြင့် မိမိတို့ ထုတ်ကုန်များအား   အချင်းချင်းပညာရပ်ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ပြည်သူများ အသိပညာတိုးလျက် ပြည်တွင်းဖြစ်ကို       ပိုမိုအားပေးလာနိုင်ခြင်း၊ ထုတ်ကုန်များ၏ သဘောသဘာဝနှင့်    ထပ်မံ၍ အနာဂတ်အတွက် ရည်ရွယ်ထားသောလုပ်ငန်းများ အတွက် အကြံဉာဏ် အတွေးအခေါ်ကောင်းများ ရရှိစေခြင်း     စသည့်ရည်ရွယ်ချက်များနှင့်အညီ MSME   ပြခန်းများကို   ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။


ဒို့တာဝန်အရေး (၃)ပါးကို   မည်သည့်ခေတ်၊ မည်သည့်စနစ်ပင်ဖြစ်စေ    နိုင်ငံသားတိုင်း  ဦးထိပ် ထားရန်လိုအပ်ပေသည်။ ထို့အတူ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများဖြင့် စုစည်းတည်ထောင် ထားသည့်           ပြည်ထောင်စုနိုင်ငံတော်ဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထွန်းကားရေးသည်    လွန်စွာ အရေးကြီးလှပေသည်။
ယနေ့မျက်မှောက်ကာလတွင် ပြည်ပဩဇာခံ များနှင့် ဒေသစွဲ၊ လူမျိုးစွဲ အစွန်းရောက်ဝါဒီများသည် ခေတ်အဆက်ဆက်နိုင်ငံ့ခေါင်းဆောင်များ အမြော် အမြင်ကြီးစွာချမှတ်ခဲ့သော  တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့်     ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်ရေးလုပ်ငန်းစဉ်များကို ဝါဒဖြန့်ချိမှုဟူ၍   မျိုးဆက်သစ်လူငယ်များကို မမှန်မကန် ရိုက်သွင်း လျက်ရှိသည်။ ထို့အတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အစဉ်အလာကြီးမားခဲ့သော သမိုင်း ကြောင်းမှန်သမျှကိုလည်း  မျိုးဆက်သစ်များအား အလေးမထားရန်၊    သမိုင်းကြောင်းအမှန်   မသိ စေရန်  အကြံဆိုးဖြင့်   လိမ်လည်လှည့်ဖြားလျက် ရှိသည်။


  မြန်မာ့သမိုင်းကြောင်းကို  
အမှန်အကန် မသိသူအချို့က လက်ခုပ်ဩဘာပေး


ဤသို့ဖြင့်   မြန်မာ့သမိုင်းကြောင်းကို  အမှန် အကန်မသိနားမလည်သူအချို့နှင့်   နားယောင်သူ အချို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကို သောင်းကျန်းသူများက  မဖွယ်မရာပြုမူလုပ်ဆောင်လျှင်လည်း        နာရကောင်းမှန်းမသိ၊ လက်ခုပ်ဩဘာပေးကြသည်။     အမျိုးဘာသာ သာသနာအပေါ်စော်ကားလျှင်လည်း တုဏှိဘာဝေ မသိကျိုးကျွန်ပြုကြသည်။ ထို့အတူ ခေတ်အဆက် ဆက် ပြည်ထောင်စုမပြိုကွဲရေး၊    တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်    အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး (၃)ပါးကို     အသက်ပေး   ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေသည့်   တပ်မတော်ကို အာဏာရှင် ဟူ၍ လည်းကောင်း၊  ဒေသစွဲ၊  လူမျိုးစွဲ၊  တစ်တောတစ်ကြက်ဖဝါဒကို ကိုင်စွဲ၍    သီးခြားနယ်မြေရယူရန်   လက်နက် အားကိုးဖြင့်   ဆူပူသောင်းကျန်းနေကြသူများကို   ဖက်ဒရယ်ဒီမိုကရေစီအရေးလှုပ်ရှားသူ တော်လှန် ရေးအဖွဲ့အစည်းများဟူ၍        လည်းကောင်း ပြောင်းပြန်ထင်မှတ်လျက်ရှိကြသည်။


ခေတ်သစ်ကိုလိုနီနယ်ချဲ့တို့ကလည်း   ပထဝီ နိုင်ငံရေးအရ အချက်အချာကျသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ပြိုကွဲစေရန် ဝဿကာရ နည်းလမ်းဖြင့် အကောက်ကြံ၊ ခလောက်ဆန်လျက် ရှိကြသည်။ ဝဿကာရသည် အဇာတသတ်မင်း၏ အမတ်ကြီးတစ်ဦးဖြစ်သည်။


မြတ်စွာဘုရားရှင်လက်ထက်တော်   ကာလ တွင်  ဝဇ္ဇီတိုင်းသည်   မဂဓ၊   ကောသလတိုင်း နိုင်ငံကြီးများအနီးရှိ    တိုင်းပြည်ငယ်လေးမျှသာ ဖြစ်သည်။   သို့သော်လည်း    တိုင်းပြည်လေးကို နိုင်ငံကြီးများက    ချိုးနှိမ်၍မရပါ။   တိုင်းပြည်၏ အချုပ်အခြာအာဏာကို  စုပေါင်းပိုင်ဆိုင်လာခဲ့ကြ သော    လိစ္ဆဝီအမျိုးသားများက   အညီအညွတ် လက်တွဲ၍ သူတို့နိုင်ငံကို ကာကွယ်ထားနိုင်ကြပေ သည်။ ဝဇ္ဇီတို့သည် ဆင်၊ မြင်း၊ ရထားမှစ၍ စစ်ဆင် ရေးအတတ်မျိုးစုံကို   ပိုင်ပိုင်နိုင်နိုင်  တတ်မြောက် ထားကြသည်။ နိုင်ငံကြီးများလောက် စစ်အင်အား  မများသော်လည်း  သူတို့၏  တိုက်ရည်ခိုက်ရည်ကို နိုင်ငံကြီးများက အလေးမူကြရ၏။ အဆက်မပြတ် စစ်ရေးလေ့ကျင့်နေကြသဖြင့်   သူတို့၏   အရည် အသွေးများက တရှိန်ရှိန်တက်လျက်ရှိ၏။ ဤသို့ သော    အရည်အချင်းများဖြင့်   အဇာတသတ်၏ စစ်တပ်ကြီးများအပေါ် နှစ်ကြိမ်တိုင်တိုင် အသာစီး ရယူနိုင်ခဲ့သည်။


ဤတစ်ကြိမ်တွင်မူ  အဇာတသတ်မင်းသည် ဝဿကာရအမတ်ကြီး၏  “ဝဇ္ဇီတို့ကို  စစ်ရေးဖြင့် မချေမှုန်းသင့်ပါ။  ဖြားယောင်းသွေးဆောင်ခြင်းဖြင့် သော်လည်းကောင်း၊ သူတို့အချင်းချင်းသင်းခွဲပေး ခြင်းဖြင့်သော်လည်းကောင်း သူတို့ကို ချေမှုန်းရပါ တော့မည်”ဟူသည့်   အကြံပေးချက်အရ  သွေးခွဲ သပ်လျှိုခဲ့မှုကြောင့်   အဆုံးတစ်နေ့ဝယ်   တံတိုင်း သုံးဆင့်ဖြင့် ကြီးကျယ်ခမ်းနားခဲ့သော  ဝဇ္ဇီတိုင်း၏ မြို့တော် ဝေသာလီသည် မရှုမလှပြိုကွဲပျက်စီးသွား ခဲ့ရလေသည်။


တစ်ချိန်က    အင်အားကြီး     ဆိုဗီယက် ပြည်ထောင်စုနှင့် ယူဂိုဆလားဗီးယားပြည်ထောင်စု သမ္မတနိုင်ငံတို့သည်လည်း  ပြိုင်ဘက်နိုင်ငံများ၏ သွေးခွဲသပ်လျှိုမှုကြောင့်    ဝေသာလီပြည်သို့နှယ် ပြိုကွဲပျက်စီးသွားခဲ့ရခြင်းဖြစ်ရာ     ပြည်ထောင်စုဖွား တိုင်းရင်းသားများအနေဖြင့်        အတိတ်သမိုင်း သင်ခန်းစာအဖြစ်ရယူပြီး ခေတ်သစ်ဝဿကာရတို့၏ အန္တရာယ်ကိုအသိ၊  သတိတို့ဖြင့်    မပြတ်ဆင်ခြင် သတိပြုမိကြစေရန် ၂၀၂၄ ခုနှစ် (၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင်       တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။         ။