ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များနှင့် ဒီဂရီကောလိပ်၊ ကောလိပ် ၄၉ ခုတို့မှ နည်းပြနှင့် သရုပ်ပြဆရာ ဆရာမအသစ် ၁၄၇၉ ဦးအား အခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာကြိုဆို

 

ရန်ကုန်     မေ  ၇         


ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များနှင့် ဒီဂရီကောလိပ်၊ ကောလိပ် ၄၉ ခုတို့တွင်  နည်းပြနှင့် သရုပ်ပြဆရာ ဆရာမတာဝန် ထမ်းဆောင်ကြမည့် ၁၄၇၉ ဦးအား ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များတွင်  အခမ်းအနားများဖြင့် စည်ကား သိုက်မြိုက်စွာ ကြိုဆိုခဲ့ကြသည်။

 


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ    ရန်ကုန် တက္ကသိုလ်အပါအဝင် အခြားသော တက္ကသိုလ်တို့၌ နည်းပြနှင့်  သရုပ်ပြဆရာ  ဆရာမအသစ်များအား ကြိုဆိုသော   အခမ်းအနားများကို  ကျင်းပကြရာ ဒဂုံမြို့သစ်မြို့နယ် ဒဂုံတက္ကသိုလ်၌ ယနေ့နံနက်ပိုင်း တွင် နည်းပြနှင့် သရုပ်ပြဆရာ ဆရာမအသစ်  ၃၄ ဦးကို ပါမောက္ခချုပ်နှင့် သင်ကြားရေး၊ အုပ်ချုပ်ရေး ပိုင်းမှ   တာဝန်ရှိသူများက  နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

 


ရှေးဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဦးသာထွန်းမောင်က    ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိတို့ရွေးချယ်ထားသော ဘာသာ ရပ်ဆိုင်ရာများကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ပြီး သင်ကြားရေးနှင့် သုတေသနသည် ဟန်ချက်ညီရန် လိုအပ်၍  စိတ်ဓာတ်၊  စည်းကမ်း၊  ပညာဟူသော ဆောင်ပုဒ်နှင့်အညီ    စံနမူပြသင်ကြားပေးသူများ အဖြစ်    ကြိုးပမ်းကြစေလိုပါကြောင်း၊   စာပေ သင်ကြားမှုတစ်ခုတည်းမဟုတ်ဘဲ လူ့အဖွဲ့အစည်း အတွက် စံပြုထိုက်သူများဖြစ်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့အကျိုးကို   သယ်ပိုးနိုင်သော  ဆရာကောင်း ဆရာမကောင်းများဖြစ်ကြပါစေဟု ဆုမွန်ခြွေလျက် လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ပြောကြားသည်။

 


ထို့နောက် ဒဂုံတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ် များ၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးပိုင်းမှ ပါမောက္ခ ဌာနမှူးများက တာဝန်ထမ်းဆောင်ကြမည့် နည်းပြ နှင့် သရုပ်ပြဆရာ သုံးဦးနှင့် ဆရာမ ၃၁ ဦးတို့ကို ကြိုဆိုမိတ်ဆက်စကားများ ပြောကြားကြသည်။
ဒဂုံတက္ကသိုလ်ကို မေ ၂ ရက်မှစ၍ ဘာသာရပ် ၂၀ တွင် တက်ရောက်သင်ကြားကြမည့် ပထမနှစ်မှ တတိယနှစ်အထိ ကျောင်းသား ကျောင်းသူများကို လက်ခံဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆက်လက်၍ Master တန်းများကို    ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  သိရ သည်။

 


သတင်းစဉ်