
နေပြည်တော် ဩဂုတ် ၂၁
အစိုးရနှင့် တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေရန် သတင်းဌာနများနှင့် လူမှုကွန်ရက်တွင် ဝေဖန်ရေးသား မှုများ ပြုလုပ်နေပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှု ဖွင့်လှစ်ထားရှိသည့် VOA နှင့် Frontier Myanmar သတင်းဌာန တို့၏ ပင်တိုင်ဆောင်းပါးရှင် အောင်ဆန်း(ခ) စည်သူအောင်မြင့် နှင့် BBC သတင်းဌာန အလွတ်တန်း သတင်းထောက် ထက်ထက်ခိုင်တို့ကို ဩဂုတ် ၁၅ ရက် ညပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက် ကမ္ဘာအေးဘုရားလမ်း ရွှေဂုံရိပ်မွန် အိမ်ရာ တိုက်(၁၂) အခန်း(၉)၌ အတူတကွ တွေ့ရှိသဖြင့် ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
တရားခံ အောင်ဆန်း(ခ)စည်သူအောင်မြင့်နှင့် ထက်ထက် ခိုင်တို့သည် ၂၀၂၁ ခုနှစ် မတ်လ (တတိယပတ်)မှစ၍ အဆိုပါ ကမ္ဘာအေးဘုရားလမ်းရှိ ရွှေဂုံ ရိပ်မွန် အိမ်ရာတိုက်ခန်းတွင် သီးသန့်နှစ်ဦးတည်းအတူတကွနေထိုင်ကာ သတင်းမီဒီယာနှင့် ဝါဒဖြန့်ချိရေး လုပ်ငန်းများ ကို လုပ်ကိုင်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဆန်း (ခ) စည်သူ အောင်မြင့်သည် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်း ပြီးနောက်ပိုင်း VOA သတင်းဌာန နှင့် Frontier Myanmar သတင်း ဌာနများသို့ တပ်မတော်ကို ဝေဖန် ဆန့်ကျင်သည့် သတင်းနှင့် ဆောင်းပါးများ ရေးသားပေးပို့ ခြင်း၊ လူမှုကွန်ရက်စာမျက်နှာတွင် Sithu Aung Myint အမည်ဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဝေဖန်သည့် ဆောင်းပါးများ၊ နိုင်ငံ့ဝန်ထမ်း များ CDM ပြုလုပ်လာစေရန် စည်းရုံးလှုံ့ဆော်သည့် စာသား များ၊ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သည့် NUG/CRPH တို့ ကို ထောက်ခံရေးသားသော အကြောင်းအရာများ၊ ပြည်သူ လူထု အထင်အမြင် လွဲမှားစေနိုင် သည့် အခြားမဟုတ်မမှန် သတင်းများ၊ နိုင်ငံတော်မှ အောင်ဘာလေထီ ရောင်းချခြင်း ကို ပြည်သူလူထု အသိအမြင် လွဲမှားစေရန် လှုံ့ဆော်ရေးသား ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ထက်ထက်ခိုင် အနေဖြင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ် ထားရှိသော တရားခံ အောင်ဆန်း (ခ)စည်သူအောင်မြင့်ကို ၎င်း၏ နေအိမ်တွင် ပုန်းရှောင်နေနိုင်ရန် လက်ခံထားရှိခြင်း၊ အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့် NUG မှ နေ့စဉ်ထုတ်လွှင့်သော Federal FM တွင် Volunteer အယ်ဒီတာ အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်း များ ဆောင်ရွက်ခဲ့ကြောင်း စိစစ် တွေ့ရှိရသည်။
သို့ဖြစ်၍ တရားခံ အောင်ဆန်း (ခ)စည်သူအောင်မြင့်ကို ယခင် အမှု ဖွင့်လှစ်ထားသည့် ရာဇသတ် ကြီး ဥပဒေပုဒ်မ ၅၀၅-က နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) တို့ဖြင့် လည်းကောင်း၊ တရားခံ ထက်ထက်ခိုင်ကို မတရားအသင်းနှင့် ဆက်သွယ် ဆောင်ရွက်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့်လည်းကောင်း အမှုဖွင့်အရေး ယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်