
(ယမန်နေ့မှအဆက်)
အမျိုးသားရွေးကောက်ပွဲကော်မရှင် (Comissão Nacional de Eleições - CNE)
အမျိုးသားရွေးကောက်ပွဲကော်မရှင် (CNE) အား ကော်မရှင်အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသည်။ အဖွဲ့ဝင်သုံးဦးအား သမ္မတကလည်းကောင်း၊ အဖွဲ့ဝင် သုံးဦးအား အမျိုးသားလွှတ်တော်ကလည်းကောင်း၊ အဖွဲ့ဝင် သုံးဦးအား အစိုးရအဖွဲ့ကလည်းကောင်း ခန့်အပ်သည်။ ကျန်ကော်မရှင်အဖွဲ့ဝင်များမှာ (၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ရွေးကောက်တင်မြှောက်သော) တရားစီရင်ရေးဆိုင်ရာ ရာဇဝတ်တရားသူကြီး တစ်ဦး၊ စွဲချက်တင် ရာဇဝတ်တရားသူကြီးတစ်ဦးနှင့် အစိုးရတရားခံရှေ့နေ တစ်ဦးတို့ဖြစ်ကြပြီး ကတ်သလစ်ဘုရားကျောင်းမှ ရွေးချယ်သူတစ်ဦး၊ အခြားသောဘာသာများမှ ရွေးချယ်သူတစ်ဦးနှင့် အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးတို့ဖြစ်သည်။ ကော်မရှင်အဖွဲ့ဝင်များ၏ သက်တမ်းမှာ ခြောက်နှစ်ဖြစ်ပြီး နောက်ထပ်သက်တမ်းတစ်ကြိမ်သာ ထပ်မံတာဝန်ထမ်းဆောင်ခွင့်ရှိသည်။ ဥက္ကဋ္ဌအဖြစ် ကော်မရှင်အဖွဲ့ဝင်များအနက်မှ တစ်ဦးအား ရွေးချယ်ခန့်အပ်သည်။
ကော်မရှင်က နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများကိစ္စ၊ မဲဆန္ဒရှင်စာရင်းနှင့် ဒေတာ ဘေ့စ်ကိစ္စ၊ ဥပဒေရေးရာကိစ္စများနှင့် တရားစွဲဆိုခြင်းအမှုကိစ္စ၊ အများပြည်သူဆက်ဆံပြန်ကြားရေး ကိစ္စများအား ဆောင်ရွက်သည်။ STAE ၏ လုပ်ငန်းဆောင်ရွက်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကိုလည်း ကြီးကြပ်ဆောင်ရွက်သည်။ အမျိုးသား ရွေးကောက်ပွဲကော်မရှင် (CNE) တွင် ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော အတွင်းရေးမှူးချုပ်ရုံးရှိပြီး လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ သတင်းအချက်အလက်၊ ဆက်သွယ်ပြန်ကြား ရေး၊ မှတ်တမ်းတင်ခြင်းနှင့် ဥပဒေရေးရာထောက်ပံ့ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပြီး ခရိုင် ၁၃ ခုတွင် လည်း ကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများ ခန့်အပ်ကာ ဆောင်ရွက်သည်။
ရွေးကောက်ပွဲစီမံအုပ်ချုပ်ရေးအတွက် နည်းပညာအထောက်အပံ့ဆိုင်ရာ အတွင်းရေးမှူးချုပ်ရုံး (Secretariado Técnico de Administração Eleitoral - STAE)
STAE သည် အုပ်ချုပ်ရေးနှင့်နယ်နိမိတ်စီမံခန့်ခွဲရေးဝန်ကြီးဌာန (Ministry of State Administration and Territorial Management) အောက်တွင်ရှိသည့် အစိုးရအဖွဲ့အစည်းဖြစ်သည်။ STAE အား ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ဦးဆောင်ပြီး ဝန်ထမ်း ၁၂၀ ခန့်ရှိကာ ဝန်ထမ်းအများစုမှာ ခရိုင်များရှိရုံးများ တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ STAE ၏အဓိကလုပ်ငန်းတာဝန်မှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား အကောင်အထည်ဖော်ရန်ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများမူကြမ်း ရေးဆွဲခြင်း၊ သင်တန်းများပို့ချခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်း၊ သတင်းအချက်အလက် နည်းပညာ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ဒေတာဘေ့စ်စီမံခန့်ခွဲခြင်း၊ ငွေစာရင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများ ဝယ်ယူထောက်ပံ့ခြင်း၊ မဲပေးခြင်းနှင့် မဲရေတွက်ခြင်း၊ နိုင်ငံပြင်ပမဲပေးခြင်းအား တာဝန်ယူ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများ ပါဝင်သည်။ ရွေးကောက်ပွဲကာလတွင် STAE ထပ်တိုးဝန်ထမ်းများအား ခန့်အပ်ဆောင်ရွက်သည်။
ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ
တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် သမ္မတရွေးကောက်ပွဲများကို ၂၀၀၂ ခုနှစ်၊ ၂၀၀၇ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၇ ခုနှစ်များတွင် ကျင်းပခဲ့ပြီး လွှတ်တော်ရွေးကောက်ပွဲများကို ၂၀၀၁ ခုနှစ်၊ ၂၀၀၇ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များတွင် ကျင်းပခဲ့သည်။
၂၀၁၈ ခုနှစ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ
၂၀၁၇ ခုနှစ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွင် မဲရလဒ်သိသာစွာ အနိုင်ရရှိသူမရှိဘဲ Mari Alkatiri ဦးဆောင်သည့် Fretilin ပါတီက ၂၃ နေရာရရှိခဲ့ပြီး Xanana Gusmao ဦးဆောင်သည့် National Congress for Timorese Reconstruction ပါတီထက် နေရာတစ်နေရာ အသာဖြင့် အနိုင်ရရှိခဲ့သည်။ Fretilin ပါတီက Democratic Party နှင့်ပူးပေါင်းပြီး လွှတ်တော်နေရာ ၆၅ နေရာအနက် ၃၀ နေရာဖြင့် အစိုးရကို ဖွဲ့စည်းခဲ့သည်။ အစိုးရ၏ ဘတ်ဂျက်တစ်ခုအား အတည်ပြုရန် ကြိုးပမ်းမှုများ လွှတ်တော်အတွင်း အောင်မြင်ခြင်းမရှိဘဲ နိုင်ငံရေးအကျပ်အတည်းနှင့်ရင်ဆိုင်ရပြီးနောက်တွင် သမ္မတက လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို သာမန်ထက်စော၍ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
သမ္မတ Francisco Guterres က ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အမျိုးသားလွှတ်တော်အား ဖျက်သိမ်းကြောင်းကြေညာပြီးနောက် (၅)ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများကို ပုံမှန်ထက်စော၍ ၂၀၁၈ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည်။ အတိုက်အခံပါတီ သုံးပါတီပေါင်းစည်း ဖွဲ့စည်းထားသည့် ညွန့်ပေါင်းအဖွဲ့ (The Alliance for Change and Progress - ACP) က ကိုယ်စား လှယ်နေရာ ၆၅ နေရာအနက် ၃၄ နေရာကို ရရှိအနိုင်ရခဲ့ပြီး ဆန္ဒမဲပေးမှု ၈၁ ရာခိုင်နှုန်းရှိခဲ့သဖြင့် ၂၀၁၇ ခုနှစ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲထက် ငါးရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ရက်ပေါင်း ၃၀ ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက် နေ့မှ မေလ ၉ ရက်နေ့အတွင်း ဖြစ်သည်။ မဲဆွယ်စည်းရုံးမှုကို အမျိုးသားရွေးကောက်ပွဲကော်မရှင်က ကြီးကြပ် ပြီး ဝင်ရောက်ယှဉ်ပြိုင်သူများ၏ အကြံပြုချက်ဖြင့် ၂၀၁၈ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် မည်သည့်နေရာ၊ မည်သည့်အချိန်၌ မည်သည့်ပါတီ သို့မဟုတ် ပါတီညွန့်ပေါင်းအဖွဲ့က မဲဆွယ်စည်းရုံးမည်ဟူသည့် အချက် အလက်များပါသော မဲဆွယ်စည်းရုံးရေးအချိန်ဇယားအား ထုတ်ပြန်ခဲ့သည်။
၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် STAE ၏ ထုတ်ပြန်ကြေညာချက်အရ မဲပေးစင်တာ ၈၇၆ ခု၌ မဲရုံပေါင်း ၁၁၅၁ ရုံရှိပြီး နိုင်ငံခြား၌ မဲပေးရန် မဲရုံ ကိုးရုံ ရှိခဲ့သည်။ မဲရုံဝန်ထမ်းပေါင်း ၁၂၀၀၀ ကျော်ရှိသည်။ ၂၀၁၈ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် နိုင်ငံပြင်ပရောက် မဲပေးခွင့်ရှိသည့် တီမောလက်စ် တေနိုင်ငံသားများ နိုင်ငံပြင်ပတွင် မဲပေးနိုင်ရေးအတွက် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များစာရင်းကို ပြုစုခဲ့ပြီး တီမောလက်စ်တေ သံရုံးများတည်ရှိသည့် လစ္စဘွန်းနှင့်ပေါ်တို၊ ပေါ်တူဂီနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် တီမောလက်စ်တေ ကောင်စစ်ဝန်ရုံးများရှိသည့် ဩစတြေးလျနိုင်ငံရှိ ဒါဝင်၊ ဆစ်ဒနီနှင့်မဲလ်ဘုန်းမြို့များတွင် မဲပေးခွင့်ပြုခဲ့သည်။
စုစုပေါင်းဝင်ရောက်ယှဉ်ပြိုင်သော ပါတီ ၂၀ ရှိပြီး မဲဆန္ဒရှင်စုစုပေါင်း ၇၈၄၂၈၆ ဦးရှိခဲ့ကာ အမျိုးသား ၄၀၆၂၉၅ ဦးနှင့် အမျိုးသမီး ၃၇၇၉၉၁ ဦး ဖြစ်သည်။ ယင်းအနက် ၇၇၈၀၄၁ ဦး (ကျား - ၄၀၂၀၁၄ ဦးနှင့် မ - ၃၇၆၀၂၇ ဦး) မှာ ပြည်တွင်း၌ မဲပေးရန် မဲဆန္ဒရှင်မှတ်ပုံတင်စာရင်းပေးသွင်းခဲ့ကြပြီး ၆၂၄၅ ဦး (ကျား- ၄၂၈၁ ဦးနှင့် မ- ၁၉၆၄ ဦး)မှာ နိုင်ငံပြင်ပဆန္ဒမဲပေးရန် မဲဆန္ဒရှင်မှတ်ပုံတင်စာရင်းပေးသွင်းခဲ့ကြသည်။ ၂၀၁၇ ခုနှစ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၇၆၀၉၀၇ ဦးရှိခဲ့သဖြင့် ၂၀၁၈ ခုနှစ်တွင် မှတ်ပုံတင်စာရင်းသွင်းသည့် မဲဆန္ဒရှင် ၃ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ မဲဆန္ဒရှင် စုစုပေါင်း ၇၈၄၂၈၆ ဦးအနက် မဲပေးသူစုစုပေါင်း ၅၆၈၀၇၀ ရှိခဲ့ပါသည်။
နိဂုံး
တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ သမ္မတရွေးကောက်ပွဲနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်ရာတွင် အမျိုးသားရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲစီမံ အုပ်ချုပ်ရေးအတွက် နည်းပညာအထောက်အပံ့ဆိုင်ရာ အတွင်းရေးမှူးချုပ်ရုံးတို့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေလုပ်ငန်းစဉ်များနှင့်အညီ ရွေးကောက်ပွဲများအား အဆင့်ဆင့်စီမံအုပ်ချုပ်ဆောင်ရွက်ပါသည်။ လွှတ်တော်ရွေးကောက်ပွဲများကျင်းပရာတွင် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးလျက်ရှိပြီး လွှတ်တော် နှင့်သမ္မတ ဦးဆောင်သည့် အစိုးရအကြား ဟန်ချက်ညီညီ (Check and Balance) ဖြင့် အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးခြင်း ကြောင့် လွှတ်တော်အတွင်း နိုင်ငံရေးပါတီများ ပိုမိုပါဝင်လာနိုင်ခြင်း၊ အစိုးရဖွဲ့စည်းနိုင်ရေးအတွက် ပါတီများအချင်းချင်း ဆွေးနွေးညှိနှိုင်းအဖြေရှာကာ ပါတီများပူးပေါင်းရခြင်း၊ ပြည်သူလူထုကို ကိုယ်စားပြုမှု ပိုမိုရရှိလာခြင်း စသည်တို့ကို တွေ့ရှိရပါသည်။ လက်ရှိအချိန်တွင် တီမောလက်စ်တေဒီမိုကရက်တစ် သမ္မတနိုင်ငံသည် နိုင်ငံ၏အုပ်ချုပ်ရေးနှင့် အစိုးရအဖွဲ့အစည်းများအား တည်ဆောက်လျက်ရှိနေဆဲ ဖြစ်ပါသည်။ တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံသည် ၁၉၉၁ ခုနှစ်မှသာ လွတ်လပ်ရေးရရှိခဲ့ သောကြောင့် အခြားနိုင်ငံများကဲ့သို့ ဒီမိုကရေစီသက်တမ်း မကြာသေးသော်လည်း ရွေးကောက်ပွဲစီမံခန့်ခွဲမှု အခြေအနေများမှာ ဖွံ့ဖြိုးကောင်းမွန်လျက်ရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ကောင်းမွန်စွာလျှောက် လှမ်းဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း သိရှိနိုင်ရန် ရေးသားဖော်ပြအပ်ပါသည်။
ကျမ်းကိုး
https://en.wikipedia.org/wiki/Politics_of_East_Timor
https://www.electionguide.org/countries/id/63/
https://en.wikipedia.org/wiki/National_Parliament_(East_Timor)
https://en.wikipedia.org/wiki/East_Timor
https://en.wikipedia.org/wiki/Constitution_of_East_Timor
https://aceproject.org/ace-en/topics/em/annex/electoral-management-case-studies/timor-leste-election-administration
https://constitutionnet.org/sites/default/files/Election%20Law%20East%20Timor%20%28Pres%29.pdf
https://www.idea.int/answer/ans1303551986182928
https://en.wikipedia.org/wiki/2018_East_Timorese_parliamentary_election#:~:text=Early%20parliamentary%20elections%20were%20held,the%2065%20seats%20in%20Parliament
https://www.ifes.org/sites/default/files/2018_ifes_timor-leste_early_parliamentary_elections_faqs_final.pdf
http://timor-leste.gov.tl/?p=91&lang=en
http://timor-leste.gov.tl/wp-content/uploads/2010/03/Constitution_RDTL_ENG.pdf
ကိုအောင်(ရန်ကုန်)