
ထက်လင်း (ဦးရာဇ်မြီ)
ယမန်နေ့မှအဆက်
ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းမှုနှင့် ပြင်ဆင်မှု
အိုက်စလန်နိုင်ငံ၌ ရွေးကောက်တင်မြှောက် ခြင်းနှင့်သက်ဆိုင်သည့် ဥပဒေများအဖြစ် ဒေသန္တရ အစိုးရရွေးကောက်ပွဲ ဥပဒေ၊ လွှတ်တော် ရွေးကောက်ပွဲများဆိုင်ရာ ဥပဒေ၊ ပါလီမန် လွှတ်တော်ရွေးကောက်ပွဲများဆိုင်ရာ ဥပဒေ၊ ရွေးကောက်ပွဲဥပဒေနှင့် သမ္မတလောင်းအဖြစ် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းထားရှိပြီး ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက် တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော ရွေးကောက်ပွဲဥပဒေ အမှတ်၊ (၁၁၂/ ၂၀၂၁) ကို ၁၆-၇-၂၀၂၁ ရက်တွင် ပြင်ဆင်သည့်ဥပဒေအမှတ်၊ (၁၁၃/ ၂၀၂၁) ဖြင့်လည်း ကောင်း၊ ၃၁-၇-၂၀၂၁ ရက်တွင် ပြင်ဆင်သည့် ဥပဒေအမှတ်၊ (၁၃၇/ ၂၀၂၁) ဖြင့် လည်းကောင်း ပြင်ဆင်ပြဋ္ဌာန်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ၁၈-၃-၂၀၂၂ ရက်နေ့တွင် ပြင်ဆင်သည့်ဥပဒေ အမှတ်၊ (၁၈/ ၂၀၂၂) ဖြင့် နောက်ဆုံးပြင်ဆင်ပြဋ္ဌာန်း ထားသည်။
အိုက်စလန်နိုင်ငံ၌ ၁၈၇၄ ခုနှစ်မှ ၁၉၁၄ ခုနှစ် ကာလအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲများ တွင် အမျိုးသမီးများ မဲပေးခွင့် မရရှိခဲ့ကြပါ။ ၁၉၁၅ ခုနှစ် အရောက်တွင်မှ အသက် ၄၀ နှစ်ပြည့်၍ အိမ်ထောင်ပြုပြီးဖြစ်သည့် အမျိုးသမီးများ ဆန္ဒမဲပေးခွင့်ရရှိလာကြသဖြင့် ၁၉၁၆ ခုနှစ် တွင် ကျင်းပသော ပါလီမန်လွှတ်တော်ရွေးကောက်ပွဲ သို့ အမျိုးသမီးများ လာရောက်မဲပေးခွင့်ရရှိခဲ့ကြသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများဆိုင်ရာ
အိုက်စလန်နိုင်ငံ၏ နေထိုင်ခွင့်သတ်မှတ်ချက် များနှင့် ပြည့်စုံသည့်အပြင် ရွေးကောက်ပွဲကျင်းပ သည့်နေ့တွင် အသက် ၃၅ နှစ်ပြည့်ပြီးဖြစ်သော ပါလီမန်လွှတ်တော်ရွေးကောက်ပွဲတွင်လည်း မဲပေး ပိုင်ခွင့် အရည်အချင်းများနှင့် ပြည့်စုံသောသူများ သည် အိုက်စလန်သမ္မတ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရှိသည်။ သို့ရာတွင် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း လျှောက်လွှာ တင်သွင်းသည့်အခါ ကိုယ်စားလှယ်လောင်းများ အနေဖြင့် ၎င်းတို့အား ထောက်ခံသည့် မဲဆန္ဒရှင် ၁၅၀၀ ထက်မနည်း၊ ၃၀၀၀ ထက် မများသောသူ များ၏ အဆိုပြုချက်ကိုပါ တင်သွင်းကြရသည်။ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် လိုသူများအနေဖြင့် ၎င်းတို့၏ လျှောက်လွှာများ ကို အမျိုးသားရွေးကောက်ပွဲကော်မရှင်ထံသို့ ရွေးကောက်ပွဲနေ့မတိုင်မီ ၃၆ ရက် မွန်းတည့် ၁၂ နာရီထက် နောက်မကျစေဘဲ တင်သွင်းကြရသည်။
ပါလီမန်လွှတ်တော်ရွေးကောက်ပွဲ ကျင်းပ သည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်သော အိုက်စလန်နိုင်ငံသားများနှင့် ရွေးကောက်ပွဲဥပဒေ အခန်း ၂၊ အပိုဒ် ၃ ပါ ပြဋ္ဌာန်းချက်များအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိပြီး အိုက်စလန်နိုင်ငံသား အခွင့်အရေးများ နှင့် ပြည့်စုံသောသူများသည် ပါလီမန်လွှတ်တော် (Althingi) ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ သို့သော် လည်း တရားရုံးချုပ် တရားသူကြီးများ၊ Ombuts-man (လွှတ်တော်ဥက္ကဋ္ဌ)နှင့် နိုင်ငံတော်သမ္မတ တို့သည် ပါလီမန်လွှတ်တော် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါ။
ထို့အတူ ရွေးကောက်ပွဲကျင်းပသောနေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သော အိုက်စလန် နိုင်ငံသားများနှင့် ရွေးကောက်ပွဲဥပဒေ အခန်း ၂၊ အပိုဒ် ၄ ပါ ပြဋ္ဌာန်းချက်များအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိ ပြီး အိုက်စလန်နိုင်ငံသားအခွင့်အရေးများနှင့် ပြည့်စုံ သောသူများသည် ဒေသန္တရကောင်စီရွေးကောက်ပွဲ တွင် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက် ရွေးချယ်ယှဉ်ပြိုင်ခွင့်ရှိသည်။
ပါလီမန်လွှတ်တော်ကိုယ်စားလှယ်လောင်း များနှင့် ဒေသန္တရကောင်စီကိုယ်စားလှယ်လောင်း များအနေဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်လောင်း လျှောက်လွှာများကို အမျိုးသားရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲနေ့မတိုင်မီ ၃၆ ရက် မွန်းတည့် ၁၂ နာရီထက် နောက်ကျစေဘဲ တင်သွင်း ကြရသည်။
မဲဆန္ဒရှင်များဆိုင်ရာ
အထွေထွေရွေးကောက်ပွဲ ကျင်းပသောအခါ ဒေသဆိုင်ရာအာဏာပိုင်များသည် အမျိုးသား မှတ်ပုံတင်ရေးဌာနမှ ပံ့ပိုးပေးထားသည့် ရွေးကောက်ပွဲမှတ်ပုံတင် ဒေတာဘေစ့်များကို အခြေခံ၍ မဲဆန္ဒရှင်စာရင်းများကို ပြုစုရသည်။ အသက် ၁၈ နှစ်ပြည့်ပြီးသော အိုက်စလန်နိုင်ငံသား များသည် ပါလီမန်လွှတ်တော် (Althingi)၊ သမ္မတ ရွေးကောက်ပွဲနှင့် ပြည်သူ့ဆန္ဒခံယူပွဲများတွင် မဲပေးခွင့်ရှိသည်။ ထို့ပြင် အိုက်စလန်၌ အသက် ၁၈ နှစ်ပြည့်ပြီး အိုက်စလန်တွင် အခြေချ နေထိုင်ခဲ့သော အိုက်စလန်နိုင်ငံသားများအနေဖြင့် ၎င်းတို့၏နေအိမ်ကို အိုက်စလန်မှ ပြောင်းရွှေ့သွား သည့်အချိန်ကာလသည် ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် ၁၆ နှစ်အတွင်းရှိပါက မဲပေးခွင့်ရှိသည်။ သို့သော်လည်း အိုက်စလန်မှ ပြောင်းရွှေ့သွားပြီးဖြစ် သည့် ၁၆ နှစ်ကျော်လွန်သူများအနေဖြင့် အိုက်စလန် ရွေးကောက်ပွဲများတွင် မဲပေးလိုပါက ရွေးကောက်ပွဲ ဆိုင်ရာမှတ်ပုံတင်စာရင်းတွင် ထည့်သွင်းပေးရန် အမျိုးသားမှတ်ပုံတင်ဌာနသို့ လျှောက်ထားရသည်။ ဤကဲ့သို့ လျှောက်ထားစဉ် လျှောက်ထားသူ များအနေဖြင့် ၎င်းတို့သည် အိုက်စလန်နိုင်ငံသား အဖြစ် ရှိနေသေးကြောင်းဆိုသည့် ကြေညာချက်ပုံစံ ကို ပူးတွဲတင်ပြရသည်။ လျှောက်လွှာတင်သွင်းပြီး နောက် ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ လူတစ်ဦး၏ အမည်ကို ရွေးကောက်ပွဲမဲပေးပိုင်ခွင့်စာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်ချက်သည် လေးနှစ် သက်တမ်းသာလျှင် ရှိရမည်ဖြစ်သည်။ လျှောက် ထားချက်ကို ငြင်းပယ်ခြင်းခံရပါက ရွေးကောက်ပွဲ အယူခံ ကော်မတီသို့ အယူခံဝင်နိုင်ပြီး မဲပေးပိုင်ခွင့် ရရှိရေး ဆက်လက်ဆောင်ရွက်နိုင်သည်။
သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးနယ်မြေ တွင် အတည်တကျနေထိုင်သည့် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်သော အိုက်စလန်နိုင်ငံသား မည်သူမဆို ဒေသန္တရရွေးကောက်ပွဲများ (စည်ပင်သာယာ ရွေးကောက်ပွဲ) တွင် မဲပေးခွင့်ရှိသည်။ ထို့ပြင် ရွေးကောက်ပွဲနေ့မတိုင်မီ သုံးနှစ်တာကာလအတွက် အိုက်စလန်၌ အမြဲနေထိုင်ကြောင်း မှတ်ပုံတင်ထား သည့် ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေနှင့် ဆွီဒင် စသည့် နိုင်ငံများမှ မည်သည့်နိုင်ငံသားမဆို ဒေသန္တရ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည်။ အလားတူ Act On Legal Domicile And Residence No.80/ 2018 ဥပဒေပုဒ်မ ၉ အရ ဒိန်းမတ်၊ ဖင်လန်၊ ဖာရိုကျွန်းစုများ၊ နော်ဝေနှင့် ဆွီဒင် စသည့် Nordic Countries နိုင်ငံတို့အကြား အထွေထွေမှတ်ပုံတင် ခြင်းဆိုင်ရာ သဘောတူညီချက်အရ အိုက်စလန်သို့ ပြောင်းရွှေ့နေထိုင်သော၊ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်သော ကျောင်းသား တစ်ဦးချင်းစီသည်လည်း ဒေသန္တရရွေးကောက်ပွဲ ကျင်းပသည့် အချိန်တိုင်းတွင် ရက်ပေါင်း ၄၀ ထက် နောက်မကျစေဘဲ မှတ်ပုံတင် ဌာနသို့ အဆိုပြု လျှောက်ထားပြီး မဲပေးခွင့်ရရှိရေး လျှောက်ထား နိုင်သည်။ အကယ်၍ အဆိုပြုချက် အား ငြင်းပယ်ခြင်းခံရပါက ရွေးကောက်ပွဲအယူခံ ကော်မတီသို့ ထပ်မံအယူခံ လျှောက်ထားနိုင်ပြီး မဲပေးခွင့်ရရှိရန် ဆက်လက်ဆောင်ရွက်နိုင်သည်။
မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အမျိုးသား စာရင်းအင်းရုံး၏ လူဦးရေစာရင်းအရ ရွေးကောက်ပွဲ မတိုင်မီ ငါးပတ်အလိုတွင် သက်ဆိုင်ရာဒေသန္တရအစိုးရနယ်မြေအတွင်း နေထိုင်ကြသူများအား ထည့်သွင်းရသည့်အပြင် အိုက်စလန်တွင် အမြဲ နေထိုင်ကြောင်း ဒေသန္တရအစိုးရနယ်မြေအတွင်း မှတ်ပုံတင်ထားသူများနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ပေးပို့သည့် ညွှန်ကြားချက်များနှင့် ကိုက်ညီသူများကိုလည်း မဲဆန္ဒရှင်စာရင်းတွင် ထည့်သွင်းပြုစုရသည်။ ရွေးကောက်ပွဲကျင်းပချိန်၌ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခြင်းမရှိသောသူများ အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်မရှိပါ။ အိုက်စလန်နိုင်ငံ အမျိုးသား မှတ်ပုံတင်ဌာန၏ စာရင်းဇယားများအရ ၂၀၂၀ ပြည့်နှစ်အတွင်း မဲပေးခွင့်ရရှိရေး မှတ်ပုံ တင်ထားသူ (Voter Register) ပြုလုပ်ထားသူမှာ ၂၅၂၂၁၇ ဦးဖြစ်သည်။
ဆန္ဒမဲပေးခြင်း
ကြိုတင်မဲပေးခြင်းကို လွှတ်တော်ကိုယ်စားလှယ် လောင်းများစာရင်းအား ထုတ်ပြန်ကြေညာပြီး နောက် ဆောင်ရွက်နိုင်သော်လည်း ရွေးကောက်ပွဲ နေ့မတိုင်မီ ၂၉ ရက်ထက် စော၍ မပြုလုပ်နိုင်ပါ။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံသို့ မလာရောက်နိုင်သော မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲနေ့မတိုင်မီ ကြိုတင်ဆန္ဒမဲ ပေးနိုင်သည်။ ကြိုတင်ဆန္ဒမဲပေးပြီးသော မဲဆန္ဒရှင် တစ်ဦးသည် ရွေးကောက်ပွဲနေ့တွင်လည်း မဲရုံသို့ လာရောက်ပြီး မဲပေးနိုင်သည်။ သို့သော်လည်း ဤကဲ့သို့အခြေအနေတွင် ၎င်းပုဂ္ဂိုလ်ပေးခဲ့သော ကြိုတင်မဲကို ရေတွက်ခြင်းမပြုပါ။ အိုက်စလန် နိုင်ငံပြင်ပ၌ ကြိုတင်မဲပေးခြင်းကို ရွေးကောက်ပွဲ နေ့မတိုင်မီ တစ်ရက် ညနေ ၅ နာရီအထိ ဆောင်ရွက် နိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများတွင် နေထိုင်သည့်မဲဆန္ဒရှင်များ၊ မသန်စွမ်းသူများနှင့် အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများသည် လည်း ၎င်းတို့တည်ရှိရာနေရာများတွင် ကြိုတင်မဲ ပေးနိုင်သည်။ ထို့ပြင် မိမိနေအိမ်တွင် နေမကောင်းဖြစ်နေသူများ၊ မသန်စွမ်းသူများနှင့် မီးဖွားနေသူများသည်လည်း ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကြိုတင်မဲပေးနိုင်သည်။ အိုက်စလန်နိုင်ငံပြင်ပ အခြားနိုင်ငံများသို့ ရောက်ရှိ နေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည်လည်း အိုက်စလန်သံရုံး၊ အိုက်စလန်ကောင်စစ်ဝန်ရုံး သို့မဟုတ် အိုက်စလန်နိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးများတွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်နိုင်သည်။
ရွေးကောက်ပွဲနေ့တွင် မဲရုံများကို နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ရသည်။ သို့သော်လည်း အကြီးတန်းရွေးကောက်ပွဲကော်မရှင်သည် မဲရုံကို မွန်းတည့် ၁၂ နာရီထက် နောက်မကျဘဲ ဖွင့်လှစ်ရန် ဆုံးဖြတ်နိုင်သည်။ မဲပေးရန်လာရောက်သော မဲဆန္ဒရှင်များသည် ၎င်းတို့၏သက်သေခံစာရွက် စာတမ်း သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်ပြား (ID) သို့မဟုတ် ရွေးကောက်ပွဲကော်မရှင်က ကျေနပ် လောက်သည့်အထောက်အထားများကို ပြသကြရ သည်။ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်သည့် မဲပေးပိုင် ခွင့်ရှိသူများသာလျှင် မဲလက်မှတ်ကို လက်ခံရရှိ သည်။
မဲလက်မှတ်စာရွက်ကို လက်ခံရရှိပြီးနောက် မဲဆန္ဒရှင် သည် ၎င်းမဲပေးလိုသည့် ကိုယ်စားလှယ် လောင်းကို မဲလက်မှတ်စာရွက်ပါ ကိုယ်စားလှယ် လောင်းဘေးရှိ သတ်မှတ်ထားသောနေရာ၌ ကော်မရှင်က ပံ့ပိုး ထားရှိသည့် ဂရပ်ဖိုက်ခဲတံ (graphite pencil) ဖြင့် ခြစ်၍ မဲပေးရသည်။
ရွေးကောက်ပွဲရလဒ်များရေတွက်ခြင်း၊ ကြေညာခြင်း
ပါလီမန်လွှတ်တော် ရွေးကောက်ပွဲအတွက် ဆန္ဒမဲများရေတွက်ပြီးနောက် အကြီးတန်း ရွေးကောက်ပွဲကော်မရှင်သည် ဆန္ဒမဲရလဒ် အစီရင် ခံစာကို အမျိုးသားရွေးကောက်ပွဲကော်မရှင်သို့ ချက်ချင်းအစီရင်ခံ ပေးပို့ရသည်။ အမျိုးသား ရွေးကောက်ပွဲကော်မရှင်သည် အကြီးတန်း ရွေးကောက်ပွဲကော်မရှင်က ပေးပို့လာသည့် မဲဆန္ဒနယ်တစ်ခုစီရှိ ကိုယ်စားလှယ်လောင်းတစ်ဦး စီရရှိသည့် မဲအရေအတွက်ကို စုစည်းပြီး စာရင်းများ နှင့်ကိုယ်စားလှယ်လောင်းများအတွက် မဲအရေ အတွက်ကို တွက်ချက်ရသည်။ ပါလီမန်လွှတ်တော် ရွေးကောက်ပွဲ၊ သမ္မတရွေးကောက်ပွဲနှင့် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲများတွင် မဲရေတွက်ခြင်းကို မဲဆန္ဒနယ်မြေများ အကြီးတန်းရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူ ဆောင်ရွက်ရသည်။ မဲဆန္ဒနယ်တစ်နယ်၏ အကြီးတန်းရွေးကောက်ပွဲကော်မရှင်သည် မဲရေတွက်ခြင်းကို အခြေခံသည့် နေရာတွင်သာမက မဲဆန္ဒနယ်၏ အခြားတစ်နေရာ ဖြစ်သော တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်၏ ဥပစာတွင်လည်း ကျင်းပနိုင်သည်။ ဒေသဆိုင်ရာ ရွေးကောက်ပွဲများ၏ ဆန္ဒမဲရေတွက်ခြင်းကို ဒေသ ဆိုင်ရာအကြီးတန်း ရွေးကောက်ပွဲကော်မရှင်ကသာ လျှင် တာဝန်ယူဆောင်ရွက်ရသည်။ အကြီးတန်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ဆန္ဒမဲ ရေတွက်ခြင်းကို မည်သည့်နေရာ၊ မည်သည့်အချိန် တွင် ပြုလုပ်ရမည်ကို သင့်လျော်သောအသိပေးချက် ဖြင့် ထုတ်ပြန်ရသည်။ မဲရေတွက်ခြင်းအား မဲရုံ ပိတ်ပြီးနောက် တတ်နိုင်သမျှ အမြန်ဆုံးစတင်ရ သည်။ မဲရေတွက်ခြင်းများ ပြီးဆုံးမည့်နောက်တွင် ဒေသန္တရရွေးကောက်ပွဲရလဒ်များကို ဒေသန္တရ အကြီးတန်းရွေးကောက်ပွဲကော်မရှင်က လည်း ကောင်း၊ ပါလီမန်လွှတ်တော် (Althingi) ရွေးကောက်ပွဲရလဒ်များကို မဲဆန္ဒနယ်မြေများ အကြီးတန်းရွေးကောက်ပွဲကော်မရှင်က လည်း ကောင်း၊ သမ္မတရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ်များကို အမျိုးသားရွေးကောက်ပွဲကော်မရှင်ကလည်းကောင်း ထုတ်ပြန်ကြေညာရပါ သည်။
ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲနှင့် နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲများ
အိုက်စလန်နိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်လွှတ်တော် ရွေးကောက်ပွဲများကို လေးနှစ်လျှင် တစ်ကြိမ် ကျင်းပသည်။ ပါလီမန်လွှတ်တော် ရွေးကောက်ပွဲ များကို လေးနှစ်တစ်ကြိမ် ကျင်းပရမည်ဖြစ်သော် လည်း အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်ကို ဖျက်သိမ်းရသည့်အခါ သတ်မှတ်ထားသော အချိန် ထက် ဆောလျင်စွာ ကျင်းပရသည့်ဖြစ်စဉ်များလည်း ရှိပါသည်။ အိုက်စလန်နိုင်ငံ၏ ပါလီမန်လွှတ်တော် ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့ပြီးဖြစ် သဖြင့် ၂၀၂၅ ခုနှစ်တွင် ထပ်မံကျင်းပရမည်ဖြစ် သည်။
နိဂုံး
အိုက်စလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရှေးအကျ ဆုံး ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်သလို ကျင်းပပြုလုပ် လျက်ရှိသော ရွေးကောက်ပွဲများတွင် ပြည်သူလူထု ၏ ပါဝင်မဲပေးမှုမှာ ၇၅ ရာခိုင်နှုန်းအထက်တွင်ရှိသည့် ဒီမိုကရေစီစနစ်ကို တန်ဖိုးထားလေးစားသည့် ပြည်သူများဖြင့် စုဖွဲ့တည်ထောင်ထားရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ပါလီမန်ရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြု စနစ် PR System ဖြင့် ကျင်းပပြုလုပ်သည့်အတွက် ပါတီအသီးသီးမှ ကိုယ်စားပြုလွှတ်တော်ကိုယ်စား လှယ်များ အချိုးကျပါဝင်လာခြင်းကြောင့် တစ်ပါတီ ကြီးစိုးမှုစနစ် ပပျောက်ကာ လွှတ်တော်အား ပိုမို အားကောင်းသက်ဝင်လှုပ်ရှားစေသည်။ ထို့ပြင် အစိုးရဖွဲ့စည်းရာတွင်လည်း ကိုယ်စားလှယ် အများဆုံးရရှိသည့်ပါတီ သုံးခုပေါင်းစည်း၍ ညွန့်ပေါင်းအစိုးရဖွဲ့စည်းပေးရခြင်းကြောင့် အစိုးရ နှင့် လွှတ်တော်ကြား အပြန်အလှန်ထိန်းကျောင်းမှု ပိုမိုပြုလုပ်နိုင်သည်ကို လေ့လာတွေ့ရှိရကြောင်း တင်ပြလိုက်ရပါသည်။ ။
- Log in to post comments