
နေပြည်တော် နိုဝင်ဘာ ၁၆
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်းအခမ်းအနား ကိုပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေသကြီးသပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက် အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်