တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကျင်းပ

 

နေပြည်တော် ဇူလိုင် ၆

 

တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၅ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည် ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

 

ထို့နောက် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးခင်မောင်မြင့်၏ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ဥတ္တံတားရပ်ကွက် နယ်မြေ (၁)၊ (၂) နှင့် ဇော်ဂျီရပ်ကွက်တွင် မိုးရာသီကာလ၌ မိုးရွာသွန်းမှုများပြားခြင်းကြောင့် ဇော်ဂျီချောင်းရေမြင့်တက်ပြီး အိမ်ခြေ (၅၀၀) နီးပါး ရေကြီးနစ်မြှုပ်မှုဒဏ်များ ခံစားနေရပါသဖြင့် ရေကြီးရေလျှံမှုများ လျော့ပါးသက်သာစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ လိုအပ်သလို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ရပ်စောက်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် လူနေအိမ်များအတွင်း ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရန်အတွက် ရပ်စောက်-ရွှေညောင်ကားလမ်းပေါ်ရှိ ဇော်ဂျီချောင်း တံတားအောက်ပိုင်းနှင့် အထက်ပိုင်းများတွင် ဇော်ဂျီချောင်းကို အောက်ခြေအကျယ် ပေ (၆၀)၊ ချောင်းအနက် (၂၂) ပေ ရရှိရန် သဲနုန်းတူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်း၊ ရေလမ်းကြောင်းရှင်းလင်းခြင်းနှင့် လိုအပ်သည့်နေရာများတွင် မြေထိန်းနံရံများ တည်ဆောက်ခြင်း၊ ရပ်စောက်မြို့အတွင်းရှိ ဇော်ဂျီချောင်းတစ်လျှောက် လိုအပ်သည့်နေရာများ၌ ချောင်းအတွင်း သဲနုန်းတူးဖော်ခြင်း၊ ချောင်းချဲ့ခြင်းနှင့် ချောင်းဖြောင့်ခြင်း၊ တံတားမိုးချောင်းအား အောက်ခြေအကျယ် (၁၅) ပေနှင့် ချောင်းအနက် (၁၁) ပေရရှိရန် သဲနုန်းတူးဖော်ခြင်း၊ ရေလမ်းကြောင်းရှင်းလင်းခြင်းနှင့် လိုအပ်သည့်နေရာများတွင် မြေထိန်းနံရံများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရပ်စောက်မြို့နယ် ဥတ္တံတားရပ်ကွက် နယ်မြေ (၁)၊ (၂) နှင့် ဇော်ဂျီရပ်ကွက်အတွင်းရှိ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်း (၃) ခုအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေတွင် တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးလုပ်ငန်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် နည်းပညာလိုအပ်ချက်ရှိပါက ပို့ဆောင်ရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ထို့အပြင် ဇော်ဂျီချောင်းတစ်လျှောက် ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရန်အတွက် ဇော်ဂျီချောင်းနှင့် တံတားမိုးချောင်းဘေးဝဲ/ယာရှိ လူနေအိမ်များမှ အမှိုက်များ ချောင်းအတွင်းသို့ စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်း၊ ဇော်ဂျီချောင်းနှင့် တံတားမိုးချောင်းဘေးဝဲ/ယာအချို့နေရာများတွင် ချောင်းဧရိယာအတွင်း ကျူးကျော်နေထိုင်ခြင်းများကိုလည်း သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဖြေကြား သည်။

 

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးရန်နိုင်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ ဝက်လာ-ဆပ်ကွင်း-အသုတ်လမ်းအရှည် (၅/၀ ဒသမ ၉၆) မိုင်အား မြေသားလမ်းမှ ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာ/ ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဝက်လာ-ဆပ်ကွင်း-အသုတ်လမ်း၏ လက်ရှိမြေသားလမ်းကို ပထမအဆင့်အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၏ ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ပြုပြင်ပေးမည်ဖြစ်ပြီး ရာသီမရွေးသွားလာနိုင်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဝက်လာကျေးရွာမှ သစ်ဝင်ကုန်းကျေးရွာအလွန် ပုသိမ်-မုံရွာလမ်းနှင့်ဆုံသောနေရာအထိ စုစုပေါင်း ၂ မိုင် ၄ ဖာလုံအား ကျောက်လမ်းအဆင့်မြှင့်တင်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေးဆောင်ရွက်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးရန်နိုင်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်နှင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျုံပျေ ာ်- ကျောင်းကုန်း - မြောင်းမြ - လပွတ္တာလမ်းအရှည် (၁၈ ဒသမ ၅) မိုင်ခန့်မှာ လက်ရှိတွင် ကတ္တရာများပေါက်ပြဲပြီး ပျက်စီးနေပါသဖြင့် တစ်နှစ်အတွင်း အပြီးသတ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က လမ်းအရှည် ၁၈ မိုင် ၄ ဖာလုံ၏ လမ်းအခြေအနေသည် ကောင်းမွန်သော အပိုင်း ၄ မိုင် ၆ ဖာလုံ၊ အသင့်အတင့်ကောင်းမွန်သောအပိုင်း ၆ မိုင် ၁ ဖာလုံနှင့် ပျက်စီးမှု များပြား သောအပိုင်း ၇ မိုင် ၅ ဖာလုံဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား တစ်နှစ်အတွင်း အပြီးသတ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်း လတ်တလောသွားလာမှု အဆင်ပြေစေရန်အတွက် ပျက်စီးမှုများပြားသည့် လမ်းမိုင်အရှည် ၇ မိုင် ၅ ဖာလုံအား ဦးစားပေးအဖြစ် လမ်းအနိမ့်အမြင့် ဖြေညှိခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေး ဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးရန်နိုင်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်းရှိ သောင်ကြီး- ဒိုက်ပျက်လမ်းပေါ်တွင် ကျန်ရှိနေသေးသော ကျောက်လမ်း (၃) မိုင်နှင့် အမာခံလမ်း (၆) မိုင် (၆) ဖာလုံတို့အား ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပထမအဆင့်အနေဖြင့် အမာခံလမ်းအား ကျောက်လမ်းအဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်ရန်ပုံငွေမှ စတင်ပြီး ခွဲဝေရရှိသည့် ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောက်လမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း နှစ်အလိုက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

လက်ရှိအသုံးပြုနေသော ၁၂ ပေအကျယ် ကတ္တရာလမ်း (၄ မိုင် ၇ ဖာလုံ) အား ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် လမ်းအကျယ်ချဲ့ခြင်းလုပ်ငန်းကို ဦးစားပေးဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း၊ အဆိုပါလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးရန်နိုင်ဦး၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့/ ဒီဂရီရရှိခဲ့သည့် လူငယ်များအား ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက အလုပ်ခန့်အပ်ပေးရန်အတွက် အရည်အချင်းသတ်မှတ်ချက်များနှင့်တကွ အလုပ်လျှောက်ထားရန် ခေါ်ယူခြင်းကိစ္စအပေါ် နိုင်ငံတော်နှင့် လူငယ်များ၏ အနာဂတ်အတွက် ဖြေလျှော့စဉ်းစားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။

 

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဦးအေးပိုင်က ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးသမားအချို့၏ သွေးထိုးလှုံ့ဆော်မှုအခြေအနေများကြောင့် ဝန်ကြီး ဌာနအသီးသီးက အလုပ်လျှောက်လွှာခေါ်ယူသည့်အခါတွင် သတ်မှတ်အသက်ထက် ၁ နှစ်၊ ၂ နှစ် ကြီးနေသောကြောင့် အလုပ်အကိုင် မလျှောက်ထားနိုင်သည်ကို တွေ့မြင်ကြရပါကြောင်း၊ ထို့ကြောင့် အခြေအနေအရပ်ရပ်အပေါ်သုံးသပ်၍ အလုပ်လျှောက်လွှာခေါ်ယူသည့်အခါ ခိုင်လုံသောအကြောင်းပြနိုင်သူများကို အသက်သတ်မှတ်ရာတွင် နိုင်ငံတော်နှင့် လူငယ်များ အနာဂတ်အကျိုးအတွက် ဖြေလျှော့စဉ်းစားပေးပါရန်အဆိုကို ထောက်ခံဆွေးနွေးသည်။

 

ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးအောင်စိုးက ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လူငယ်ထောင်ပေါင်းများစွာသည် ဘွဲ့ရချိန် (၂) နှစ်၊ (၃) နှစ်ခန့်အထိ နောက်ကျခဲ့ကြရပါကြောင်း၊ ယနေ့တွင် ထိုလူငယ်များသည် အစိုးရဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်လိုသော်လည်း ပညာအရည်အချင်းကြောင့်မဟုတ်ဘဲ အသက်ကန့်သတ်ချက်များကြောင့် အခွင့်အလမ်းများ ဆုံးရှုံးနေကြရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အကြီးမားဆုံး ချမ်းသာကြွယ်ဝမှုမှာ ရွှေ၊ ကျောက်မျက်၊ သစ်တောနှင့် သယံဇာတများမဟုတ်ဘဲ လူသားအရင်းအမြစ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကိစ္စကို လူငယ်များအား အထူးအခွင့်အရေးပေးခြင်းဟု မမြင်သင့်ဘဲ နိုင်ငံတော် ကြုံတွေ့ခဲ့ရသော အရေးပေါ်အခြေအနေများ ကြောင့် ဆုံးရှုံးခဲ့ရသောအချိန်များအတွက် မျှတသော ပြန်လည်စဉ်းစားပေးမှုအဖြစ် ရှုမြင်သင့်ပါကြောင်း၊ သတ်မှတ်အရည်အချင်းပြည့်မီပြီး အသက်ကန့်သတ်ချက်ကို (၂) နှစ်မှ (၃) နှစ်အထိ အထူးလျှော့ပေါ့ပေးနိုင်မည်ဆိုပါက ထိုလူငယ်များအတွက် မျှော်လင့်ချက်တံခါးတစ်ချပ် ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်အတွက်လည်း အရည်အချင်းရှိသော လူ့စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်မည်ဖြစ်ပါသောကြောင့် အဆိုအား ထောက်ခံကြောင်း ဆွေးနွေးသည်။

 

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၉) ဒေါ်ကျင်သိန်းက နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် လူသားအရင်းအမြစ်မဆုံးရှုံးစေရန် ရည်ရွယ်၍ လက်ရှိတွင် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ဖြစ်ပါက အသက် ၃၅ နှစ်ထက် မကျော်သော၊ မဟာဘွဲ့ဖြစ်ပါက အသက် ၄၀ နှစ်ထက် မကျော်သောသူများကို နိုင်ငံ့ဝန်ထမ်းသက်အဖြစ် ဝန်ထမ်းများကို ခေါ်ယူလျက်ရှိသည်ကို သိရပါကြောင်း၊ သို့သော် အလုပ်လျှောက်ထားရန် ခေါ်ယူခြင်းကိစ္စအပေါ် နိုင်ငံတော်နှင့် လူငယ်များ၏ အနာဂတ်အတွက် ဖြေလျှော့စဉ်းစားပေးစေလိုကြောင်းနှင့် အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဒေါက်တာကျော်ထွန်းက ဝန်ကြီးဌာနများက အလုပ်ဝင်ခွင့်လျှောက်ထားနိုင်ရေး အသက်ကန့်သတ်ချက်များ လျှော့ပေါ့ပြီး ဆောင်ရွက်လျက်ရှိရာတွင် ဒုတိယဘွဲ့နှင့်အထက် ဘွဲ့ဆွတ်ခူးရရှိထားကြသော လူငယ်များအတွက် အသက်ကန့်သတ်ချက် လျှော့ပေါ့ပေးထားရာတွင် လျော်ကန်သင့်မြတ်မှုရှိနေပါသော်လည်း ပထမဘွဲ့ဒီဂရီ တစ်ခုတည်းသာ ရရှိထားကြသည့် လူငယ်များက အလုပ်ရရှိနိုင်ရေးအတွက် (၃) ကြိမ်၊ (၄) ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြရသဖြင့် အသက်ကန့်သတ်ချက်သည် အနာဂတ်အတွက် အခက်အခဲတစ်ခုဖြစ်နေပါသဖြင့် ထပ်မံလျှော့ပေါ့စဉ်းစားရန် လိုအပ်နေပါကြောင်း။

 

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်များ အကျိုးရှိရှိ အသုံးပြုနိုင်ရေးအတွက် အသက်အရွယ်နောက်ကျမှ ပထမဘွဲ့ဒီဂရီ ဆွတ်ခူးရရှိခဲ့ကြသည့် လူငယ်များ၏ အနာဂတ်ခရီးလမ်း ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရေး ရည်ရွယ်ချက်ဖြင့် ကာလအပိုင်းအခြားတစ်ခု သတ်မှတ်ပြီး အသက်ကန့်သတ်ချက် ထပ်မံလျှော့ပေါ့စဉ်းစားပေးစေလိုပါကြောင်းအဆိုအား ထောက်ခံဆွေးနွေးသည်။

 

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးဇော်ဇော်မြင့်က ဝန်ကြီးဌာနအချို့သည် First Degree ကို အသက်သတ်မှတ်ချက် ၂၀ နှစ်မှ ၂၅ နှစ်အတွင်းရှိသကဲ့သို့ အသက် ၃၀ နှစ်မှ ၃၅ နှစ်အထိ သတ်မှတ်ထားသည့်အနက် အသက်အနိမ့်ဆုံးအနေဖြင့် အသက် ၃၀ အောက် သတ်မှတ်သင့်သည်ကို တွေ့ရှိရပါကြောင်း၊ လက်ရှိကာလအခြေအနေများအပေါ်မူတည်၍ သက်ဆိုင်ရာဌာနအသီးသီး၏ လုပ်ငန်းအမျိုးအစားများအပေါ် မူတည်၍ အသက်သတ်မှတ်ချက်ကို နှစ်နှစ်၊ သုံးနှစ် ဖြေလျှော့ပေးသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးသန်းအေး (ခ) ဦးတင်ဦးက နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်အစိုးရဝန်ကြီးဌာနအသီးသီးအလိုက် လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက်၊ အဆင့်အလိုက် တာဝန်ယူအကောင်အထည်ဖော်ဆောင်ပေးကြရသူများဖြစ်ပါကြောင်း၊ လိုအပ်သည့်အရည်အချင်း သတ်မှတ်ချက်များနှင့် ပြည့်မီသူများကိုသာ ခန့်ထားခြင်းဖြင့် စွမ်းရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းယန္တရားတစ်ရပ်အဖြစ် တည်ရှိနေရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းအရည်အချင်းသတ်မှတ်ချက်များကို ယေဘုယျလွှမ်းခြုံပြီး ဖြေလျှော့ပေးရန်ဆိုသည်မှာ အလေးထားစဉ်းစားရမည့်ကိစ္စဖြစ်နေပါကြောင်း ဆွေးနွေးသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ဝန်ထမ်းတစ်ဦးကို ဖွဲ့စည်းပုံပါရာထူးတစ်ခု၌ အတည်ပြုခန့်ထားခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၄ နည်းဥပဒေခွဲ (ဃ) တွင် “ဝန်ထမ်းသည် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်”ဟု ဝန်ထမ်းအဖြစ် စတင်ခန့်ထားနိုင်သည့်အသက်ကိုသာ သတ်မှတ်ပြဋ္ဌာန်းထားပြီး အခြားအသက်ကန့်သတ်ချက်ကို သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိပါကြောင်း၊ ဝန်ထမ်းသစ်များ ခန့်ထားနိုင်ရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ လုပ်ငန်းလိုအပ်ချက်နှင့် လုပ်ငန်းသဘောသဘာဝပေါ် မူတည်၍ ပညာအရည်အချင်း ကန့်သတ်ချက်၊ အသက်ကန့်သတ်ချက်များကို ၎င်းတို့ခေါ်ယူမည့် အလုပ်နေရာ (Post)၊ လုပ်ငန်းသဘောသဘာဝ၊ လုပ်ငန်း၏ လိုအပ်ချက်များအပေါ်တွင် အခြေခံစဉ်းစားပြီး ပညာအရည်အချင်းနှင့် အသက်ကန့်သတ်ချက်များအပါအဝင် အခြားလိုအပ်ချက်များကို သတ်မှတ်၍ လစ်လပ်ရာထူးများအတွက် ခေါ်ယူသည့် ကြော်ငြာတွင် ထည့်သွင်းပြီး နိုင်ငံပိုင်သတင်းစာများတွင် ပွင့်လင်းမြင်သာစွာဖြင့် အနည်းဆုံးတစ်လ ကြိုတင်ထုတ်ပြန်ပါကြောင်း။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးများ ခန့်အပ်နိုင်ရေးအတွက် ယခင်က ခြောက်လ (၁) ကြိမ်ဖြင့် တစ်နှစ်လျှင် (၂) ကြိမ် ကြော်ငြာခေါ်ယူ၍ စိစစ်ရွေးချယ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစ၍ လေးလလျှင် (၁) ကြိမ်ဖြင့် တစ်နှစ်လျှင် ကြော်ငြာ (၃) ကြိမ်အထိ ခေါ်ယူသွားမည်ဖြစ်ပါကြောင်း၊ ပြင်ပပုဂ္ဂိုလ်များအား ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့်ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ယှဉ်ပြိုင်စနစ်ဖြင့် ရေးဖြေစာမေးပွဲ၊ စိတ်အခြေအနေစစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်းများ ဆောင်ရွက်၍ အရည်အချင်းပြည့်မီသူများကို ရွေးချယ်ပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ခန့်ထားပေးလျက်ရှိပါကြောင်း။

 

ပြင်ပပုဂ္ဂိုလ်များအား အမှုထမ်းအဆင့်စတင်ခန့် ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ယှဉ်ပြိုင်စနစ်ဖြင့် ရေးဖြေစာမေးပွဲ၊ လူတွေ့စစ်ဆေးခြင်းများ ဆောင်ရွက်၍ အရည်အချင်းပြည့်မီသူ များကို ရွေးချယ်ခန့်ထားပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း အဖွဲ့ကွပ်ကဲမှုအောက်ရှိ ဥက္ကဋ္ဌရုံးအဖွဲ့မှ အမှုထမ်းအဆင့်စတင်ခန့်ရာထူးဖြစ်သော အငယ် တန်းစာရေးရာထူးအတွက် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် ပြင်ပပုဂ္ဂိုလ် အသက် (၃၀) နှစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူဟုလည်းကောင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ပြင်ပပုဂ္ဂိုလ် အသက် (၃၀) နှစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူဟုလည်းကောင်း ဇွန်လတွင် ကြော်ငြာများ ခေါ်ယူထားသည်ကို တွေ့ရှိကြရမည်ဖြစ်ပါကြောင်း။

 

ထို့အပြင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ပုံစံ (၁၂) ရရှိပြီးသူများသည် သတ်မှတ်ချက်နှင့်ကိုက်ညီပါက လျှောက်ထားနိုင်သည်ကိုလည်း ကြော်ငြာတွင် ထည့်သွင်းဖော်ပြခဲ့ပါကြောင်း၊ ကြော်ငြာခေါ်ယူသည့် အသက်သတ်မှတ်ချက်ထက် ၃ နှစ်တိုးမြှင့်၍ ခေါ်ဆိုထားသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများကလည်း နှစ်စဉ်ဝန်ထမ်းခန့်ထားနိုင်ရေးအတွက် အသက်ကန့်သတ်ချက်ကို (၃၀) နှစ်၊ (၃၅) နှစ်၊ (၃၈) နှစ်နှင့် (၄၀) နှစ်အထိ အခါအားလျော်စွာ လျှော့ချသတ်မှတ်ပြီး ခန့်ထားဆောင်ရွက်လျက်ရှိပါကြောင်း။

 

လူငယ်များအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုပါက သတင်းစာတွင် ကြော်ငြာခေါ်ယူသည့်အခါ မိမိတို့၏ ပညာအရည်အချင်း၊ အသက်ကန့်သတ်ချက်ဖြင့် ကိုက်ညီသည့် ရာထူးနေရာများကို လျှောက်ထားပြီး ယှဉ်ပြိုင်ရွေးချယ်ခံနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း။

 

ပြင်ပပုဂ္ဂိုလ်များကို နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်ခန့်ထားနိုင်သော ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့်ရာထူးနှင့် အငယ်တန်းစာရေး၊ ဒုတိယဦးစီးမှူးရာထူးများအပါအဝင် အမှုထမ်းအဆင့်စတင်ခန့်ရာထူးနေရာများအား နိုင်ငံပိုင်သတင်းစာများနှင့် Myanmar National Web Portal တို့တွင် နှစ်စဉ် ကြော်ငြာခေါ်ယူနေပါကြောင်း၊ သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသရှိ ဘွဲ့/ ဒီဂရီရလူငယ်များကို ဝင်ရောက်လျှောက်ထားယှဉ်ပြိုင်ရွေးချယ်ခံနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်း။

 

သို့ပါ၍ အလုပ်ခေါ်ယူခြင်းကြော်ငြာများပါ အသက်ကန့်သတ်ချက်များအရ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို ရှေးရှုစဉ်းစားပြီး ပြင်ပပုဂ္ဂိုလ်များအား ဝန်ထမ်းအသစ်အဖြစ် ရွေးချယ်ခန့်ထားရာတွင် အသက်ကန့်သတ်ချက်ကို ဖြေလျှော့စဉ်းစားဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်အဆိုပြုသည့် ဘွဲ့ရပညာတတ် တန်ဖိုးရှိလူငယ်အချို့အား (ကာလဒေသ၊ ကပ်ရောဂါကန့်သတ်ချက်အရ) အသက်တစ်နှစ်၊ နှစ်နှစ်ခန့် ကြီးရင့်သွားသော်လည်း အကြောင်းကြောင်းကို ထောက်ထား၍ နိုင်ငံတော်နှင့်လူငယ်များ၏ ရေရှည်အကျိုးကို ရည်မှန်းလျက် ဘွဲ့ရပညာတတ်လူငယ်များအား အသက်ကန့်သတ်ချက်လျှော့ပေါ့၍ ခန့်ထားပေးရန်အချက်အပေါ် လွှမ်းခြုံမှုရှိပါကြောင်း။

 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တင်သွင်းသည့်အဆိုနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ပြင်ပပုဂ္ဂိုလ်များအား ဝန်ထမ်းသစ်အဖြစ် ရွေးချယ်ခန့်ထားရာတွင် ၎င်းတို့၏ လုပ်ငန်းသဘောသဘာဝနှင့် လိုအပ်ချက်ပေါ် မူတည်၍ သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်များ သည် ဘွဲ့/ ဒီဂရီရရှိခဲ့သည့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် လျော်ကန်သင့်မြတ်မှုရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်လိုသည့် လူငယ်များကိုလည်း ကြိုဆိုပါကြောင်းနှင့် ဝန်ထမ်းရေးရာနှင့်ပတ်သက်၍ ကိစ္စရပ်များရှိပါကလည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဆက်သွယ်ဆောင်ရွက်နိုင်ကြပါကြောင်း။

 

မသန်စွမ်းဘွဲ့/ ဒီဂရီရလူငယ်များအနေဖြင့် လစ်လပ်ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲဝင်ရောက်ဖြေဆိုခြင်း၊ ရေးဖြေစာမေးပွဲအောင်မြင်ပါက စိတ်အခြေအနေစစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်းစသည့် အခွင့်အရေးများအား အခြားလူငယ်များနှင့် တန်းတူရရှိကြပါကြောင်း၊ မသန်စွမ်းဘွဲ့ရလူငယ်များအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းက ခေါ်ယူသည့် လစ်လပ်ရာထူး၏ လုပ်ငန်းသဘောသဘာဝအပေါ်မူတည်ပြီး သတ်မှတ်အရည်အချင်းများနှင့်ပြည့်မီ၍ သက်ဆိုင်ရာရွေးချယ်ရေးအဖွဲ့က ရွေးချယ်ခြင်းခံရပါက နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိနိုင်မည်ဖြစ်ပါကြောင်း။

 

ပြင်ပပုဂ္ဂိုလ်များအား နိုင်ငံ့ဝန်ထမ်းများအဖြစ် ရွေးချယ်ခန့်ထားရာတွင် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးများ ခန့်အပ်နိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစ၍ လေးလ (၁) ကြိမ်ဖြင့် တစ်နှစ်လျှင် (၃) ကြိမ် သတ်မှတ်ပြီး (၄) လ၏ ပထမရက်သတ္တပတ်အတွင်း ကြော်ငြာခေါ်ယူရန် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် ဝင်ရောက်လျှောက်ထားရမည့် အချိန်ကို ကြိုတင်သိရှိနိုင်မည်ဖြစ်ပါကြောင်း။

 

ပွင့်လင်းမြင်သာမှုနှင့်စပ်လျဉ်း၍လည်း သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် လူငယ်များကို ယှဉ်ပြိုင်ရွေးချယ်သည့်စနစ်ဖြင့် လျှောက်ထားဖြေဆိုနိုင်ရေး နိုင်ငံပိုင်သတင်းစာများနှင့် Myanmar National Web Portal တို့တွင် ပွင့်လင်းမြင်သာစွာဖြင့် တစ်လကြိုတင်၍ ကြော်ငြာများ ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားအားမေးမြန်းရာ အဆိုရှင်က မှတ်တမ်းအဖြစ် ထားရှိပေးပါရန် ပြောကြားသည့်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ ဆန္ဒအရ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ဇူလိုင် ၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်