
တတိယအကြိမ်အကြမ်းဖက်မှုဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်ကျော်လုံခြုံရေးဆိုင်ရာ ဝန်ကြီးအဆင့် ဒေသခွဲ အစည်းအဝေးကျင်းပ
============================================================================
နေပြည်တော် ဒီဇင်ဘာ ၁
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း သည် ယနေ့ နံနက်ပိုင်းတွင် Virtual Forum အဖြစ် ကျင်းပခဲ့ သည့် တတိယအကြိမ် အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်ကျော်လုံခြုံရေးဆိုင်ရာဝန်ကြီးအဆင့် ဒေသခွဲ အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။
ပူးပေါင်းစီစဉ်ကျင်းပ
အဆိုပါအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံနှင့် သြစတြေး လျနိုင်ငံတို့မှ ပူးပေါင်းစီစဉ်ကျင်းပပြီး အစည်းအဝေး ပူးတွဲ သဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေး၊ လုံခြုံရေးနှင့် ဥပဒေရေးရာ ညှိနှိုင်းရေးဝန်ကြီး Prof. Dr. Mahfud MD နှင့် သြစတြေးလျနိုင်ငံ ပြည်ထဲရေးဝန်ကြီး The Hon Peter Dutton MP တို့က ဆောင်ရွက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက အကြမ်းဖက်မှုဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်ကျော် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များအပေါ် ကိုဗစ်-၁၉ အကျိုးသက်ရောက် မှုနှင့် ပြည်ပမှ အကြမ်းဖက်တိုက်ခိုက်သူများ (Foreign Terrorist Fighters regional preparedness)အပိုင်းတွင် ပါဝင်ဆွေးနွေးသည်။
အစည်းအဝေးတွင် ပူးတွဲကြေညာချက်ကို အတည်ပြု ခဲ့သည်။ ယင်းကြေညာချက်တွင် ဝန်ကြီးများအနေဖြင့် နိုင်ငံတကာက လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒေသတွင်း ကျန်းမာရေး စနစ်များ၊ စီးပွားရေးနှင့် လူ့အသိုက်အဝန်းများ ထိခိုက်ခံနေ ရမှုတို့ကို အလေးအနက်ထား၍ ကမ္ဘာ့ကပ်ရောဂါကာလ အတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင်ကြုံတွေ့ရသည့် မဟာဗျူဟာလက်တွေ့စိန်ခေါ်မှုများနှင့်ဒေသတွင်း အန္တရာယ် ရပ်ဝန်းကိစ္စတို့ကို ဖြေရှင်းရေးအတွက် ဆွေးနွေးခဲ့ကြသည်။
ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့်တိုင် အကြမ်းဖက် သမားများက အစွန်းရောက်ဝါဒများကို ဖြန့်ကြက်ခြင်းနှင့် တိုက်ခိုက်မှုများပြုလုပ်နေကြကြောင်း၊ ဝန်ကြီးများက နိုင်ငံ တကာ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များကို ရှုတ်ချခဲ့ ကြောင်း ထပ်လောင်းပြောကြားကြသည်။
ယနေ့ကမ္ဘာတွင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လုပ်ငန်းကို အရှိန်တိုးမြှင့် ဆောင်ရွက်ရန်လိုကြောင်း၊ အရှေ့ အလယ်ပိုင်းရှိ ပြည်ပမှ အကြမ်းဖက်တိုက်ခိုက်သူများ (Foreign Terrorist Fighters- FTF) အုပ်စုပြိုကွဲပြီးနောက် ဒေသတွင်းသို့ ၎င်းတို့မိသားစုများနှင့် ပြန်လည်ဝင်ရောက် လာကြရာ ယင်းအချက်သည် ဒေသတွင်းလုံခြုံရေးကို ထိပါး လာနိုင်သည့် အန္တရာယ်တစ်ရပ်ဖြစ်ကြောင်း၊ အစိုးရ၊ ပြည်သူ၊ ဘာသာရေးခေါင်းဆောင်များအနေဖြင့် အစွန်းရောက် အကြမ်းဖက်ဝါဒတားဆီးရေးတွင် အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ဝန်ကြီးများအနေဖြင့် အကြမ်းဖက်မှုဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်ကျော် လုံခြုံရေးဆိုင်ရာ ဒေသခွဲအစည်းအဝေးမှ တစ်ဆင့် အန္တရာယ်ရပ်ဝန်းနှင့်ပတ်သက်၍ ဘုံသဘောတူညီ ချက် ချမှတ်ရန်၊ ပြဿနာများဖြေရှင်းနိုင်မည့် နည်းလမ်းများ ကို ဦးစားပေးသတ်မှတ်ရန်၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို တားဆီးရာတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ အဆင့်မြင့်အရာရှိကြီးများဖိုရမ် တစ်ရပ်ထူထောင်ရန်နှင့် ၂၀၂၁ ခုနှစ်တွင် ဝန်ကြီးအဆင့် အစည်းအဝေးတစ်ကြိမ် ထပ်မံကျင်းပရန်တို့ကိုလည်း သဘောတူညီခဲ့ကြသည်။
ပါဝင်တက်ရောက်
အစည်းအဝေးသို့ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ဘရူနိုင်း၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးအဆင့်ကိုယ်စားလှယ်များ ပါဝင် တက်ရောက် ခဲ့ကြသည်။ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်