
တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၁ ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ
=======================================================================
နေပြည်တော် ဇန်နဝါရီ ၁၂
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်ရည်ရွယ်၍ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၁ ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Virtual စနစ်ဖြင့် ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ် ရေး၊ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်၊ သက်ဆိုင်ရာဝန်ကြီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင် များအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က အွန်လိုင်းစနစ် ဖြင့် တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပထမ အကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိလည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိလည်းကောင်း ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး ယခု တတိယအကြိမ် ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၅ ရက်အထိ Virtual စနစ် ဖြင့် ကျင်းပနိုင်ရန် နိုင်ငံတော် သမ္မတရုံးနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်ပြခဲ့ပြီး အဆိုပါ တင်ပြချက်အရ သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၁ ပွဲတော် ကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၅ ရက်အထိ MRTV ၊ MRTV-4 ၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC) ၊ Web portal ၊ Webiner (Web program)၊ Facebook platform တို့မှ Virtual စနစ်ဖြင့်ဆောင်ရွက်မည့် အစီအစဉ် များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ညှိနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနများသို့ လိပ်မူပြီး အကြောင်းပြန်လာခဲ့သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ပွဲတော်ကျင်းပနိုင်ရန် ယခုအစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါကြောင်း။
သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်ကို ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများချစ်ကြည်ရင်းနှီးရေး၊ ရိုင်းပင်းကူညီရေး၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ တောတောင်ရေမြေ အလှများ၊ တိုင်းရင်းသားဒေသ အခြေပြုခရီးသွားလုပ်ငန်း များ အပြင် ရိုးရာအဝတ်အထည်များ၊ ဒေသထုတ်ကုန်များကို နိုင်ငံတကာသို့တင်ပို့နိုင်ရေး ရည်ရွယ်၍ ကျင်းပ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုပွဲတော်ကဲ့သို့ တိုင်းရင်း သားများ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ ရင်းရင်းနှီးနှီး ဆုံဆည်းရာ ရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်ရာပွဲတော်ဖြစ် ခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် ယခုလို ကာလတွင် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို မြေပြင်၌ ကျင်းပ ခြင်းမပြုလုပ်ဘဲ ရုပ်သံလိုင်းများတွင် ကျင်းပရမည့်အတွက် ကြောင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအရလည်း အခက် အခဲများဖြင့် ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းများအားလုံးကို လူစုလူဝေးမဖြစ်ပေါ်စေရေး၊ ကူးစက်ရောဂါပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုကျင်းပ မည့်ပွဲတော်သည် တိုင်းရင်းသားများအတွက် အကျိုးအမြတ်၊ အသိပညာများရရှိစေရန် ဆောင်ရွက်ရခြင်းသည် ကောင်းမွန်သော အရာများဖြစ်သော်လည်း၊ တိုင်းရင်းသား ပြည်သူများ ထိခိုက်စေမည့်အရာများကိုလည်း ရှောင်ရှား ရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူများအတွက် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည့် ကိစ္စ ဖြစ်သည့်အတွက် တိုင်းရင်းသားများ၏ အကျိုးစီးပွား၊ လူမှု ဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ တိုင်းရင်းသားဒေသ ငြိမ်းချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ဒေသထွက်ကုန်များ ပိုမိုမြှင့်တင်နိုင်ရေး စသည်များကို အထောက်အကူပြုစေရန် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက သွေးချင်း တို့ရဲ့ပွဲတော်ဆီပွဲတော်သည် တိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်မှု၊ ရင်းနှီးချစ်ကြည်မှုကိုဖော်ဆောင်ပေးရာ ရောက် ပါကြောင်း၊ ယုခု ကာလသည် ကိုဗစ်ကာလဖြစ်သည့်အတွက် မြေပြင်တွင် ကျင်းပခြင်းမပြုတော့ဘဲ Virtual စနစ်ဖြင့် ကျင်းပပါက တိုင်းရင်းသားများ ပါဝင်မပတ်သက်နိုင်သော် လည်း ယခင်ကဆောင်ရွက်ခဲ့သည့် အတွေ့အကြုံကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ပြီး ကဏ္ဍအလိုက် ကျင်းပ ပါက မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်မည်ဟု ယုံကြည်ပါကြောင်းနှင့် တိုင်းရင်းသား လူမျိုးများအကြား ယုံကြည်မှုများ ပိုမိုတည် ဆောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် တာဝန်ရှိသူများ က “သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၁” ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ အကျဉ်းချုပ်တင်ပြခဲ့သည်။
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးလှိုင်ဦး၊ တိုင်းရp6င်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေး၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်း တင်နှင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်