
ရန်ကုန် ဇွန် ၂
မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ် ဖက်ဖြစ်သည့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ် လာခဲ့ခြင်းကြောင့် ပဲဈေးကွက် အရောင်းအဝယ် မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။
နယ်စပ်ဂိတ်များ စတင် ဖွင့်လှစ်ခဲ့သည့် မေလလယ်မှ စတင်၍ ယခုလဆန်းအထိ ဈေးကွက်အတွင်း အရောင်း အဝယ် အားကောင်းလာခဲ့ပြီး ဈေးနှုန်း အနည်းငယ်မြင့်တက် လျက်ရှိသည်။ ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်းသို့ ပဲမျိုးစုံ ဝင်ရောက်မှု မြင့်တက်လျက်ရှိကာ အရောင်းအဝယ်လည်း ယခင်လ များထက် ၅၀ ရာခိုင်နှုန်း ရောင်းအားတက်လာကြောင်း ကုန်စည် ဒိုင်အချို့က ပြောသည်။
အထူးသဖြင့် တရုတ်နိုင်ငံ ဘက်မှ အဝယ်လိုက်သည့် ပဲတီ စိမ်းအရောင်းအဝယ် ပြန်လည် အားကောင်းလျက်ရှိပြီး ရန်ကုန် ဈေးကွက်၊ မန္တလေးဈေးကွက် များ၌ အဝင်ရှိသရွေ့ ပြန်လည် မှာယူသည့် ကုန်သည်များလည်း အသင့်ရှိနေကြောင်း ဈေးကွက် ကျွမ်းကျင်သူများထံမှ သိရသည်။
“ဈေးကွက်မှာ ပဲတီစိမ်း လက်ကျန် သိပ်မရှိပါဘူး။ အသစ် တွေကလည်း တောက်လျှောက် ပိုဝင်ရောက်လာသလို အရောင်း အဝယ် အားကောင်းလာတဲ့ အတွက် ကုန်သည်အတွက်ရော တောင်သူတွေပါ အလုပ်များချိန်လို့ ပြောရင်ရပါတယ်။ နယ်ကလည်း အသစ်ထွက်ချိန် ဖြစ်နေတာကြောင့် ရောင်းဖို့ရော လှောင်ဖို့အတွက်ပါ အဝယ်မပြတ်ဘူး”ဟု ပဲတီစိမ်း ကုန်သည်တစ်ဦးက ပြောသည်။
ပဲတီစိမ်းကို မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးကြပြီး ပြည်တွင်းထက် ပြည်ပဈေးကွက် များသို့ ပိုမိုတင်ပို့လျက်ရှိသည်။ ရန်ကုန်ဈေးကွက်အတွင်း ပဲတီ စိမ်းတစ်ပိဿာလျှင် ကျပ် ၂၁၀၀ မှ ၂၈၀၀ ကျပ်နှုန်းဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
ကိုရိုး