
ရန်ကုန် ဒီဇင်ဘာ ၂၅
တရုတ်နိုင်ငံ၌ ပြုလုပ်သည့် လက်ဖက်ပြပွဲကြီးတွင် မြန်မာနိုင်ငံမှ လုပ်ငန်းထုတ်ကုန် လက်ဖက်ခြောက်က ရွှေတံဆိပ် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လက်ဖက်အသင်းမှ ပြောကြားချက်အရ သိရသည်။
တရုတ်နိုင်ငံ Shenzhen မြို့၌ ဒီဇင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ပြုလုပ်နေပြီး နိုင်ငံတကာမှ ပြခန်းပေါင်း ၄၇၀၀ ကျော် ပါဝင်ပြသ နေကာ ကမ္ဘာလုံးဆိုင်ရာလက်ဖက်ပြပွဲများတွင် အကြီးဆုံးပြပွဲများထဲမှ တစ်ပွဲ ဖြစ်သည့် Global Tea Fair Shenzhen (Autumn) 2023 ပွဲသို့ မြန်မာနိုင်ငံလက်ဖက်အသင်းမှ အသင်းဝင်ကုမ္ပဏီများက သွားရောက် ပြသသည်။
ပြသရာတွင် Bio-trade Project ၏ အကူအညီဖြင့် မြန်မာ ကိုယ်စားပြု ပြခန်းပေါင်း ခုနစ်ခန်းဖြင့် မြန်မာ့လက်ဖက်ယဉ်ကျေးမှုကို ဖော်ထုတ်ရန်ရည်ရွယ်၍ အသင်းဝင်လုပ်ငန်းများ၏ မြန်မာ့လက်ဖက် ပုံစံမျိုးစုံကို ခင်းကျင်းပြသခြင်းဖြစ်သည်။
“မြန်မာ့လက်ဖက်အသင်းဝင်တစ်ဦးဖြစ်တဲ့ TGT Tea Co., Ltd. မှ ဦးမောင်လွင်က Shenzhen ပွဲရဲ့ အစဉ်အလာတစ်ခုဖြစ်တဲ့ လက်ဖက် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး ထိုဆုပေးပွဲမှ အထူးရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်” ဟု အဆိုပါအသင်းက ထုတ်ပြန်ထားသည်။
ယခုဆုမှာ TGT Tea ၏ Jade Leaf လက်ဖက်ခြောက်အနေဖြင့် သုံးကြိမ်မြောက် ရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် ထူးခြား စွာဖြင့် အထူးရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်ပြီး ကြယ်ငါးလုံးနှင့် ညီမျှ သည့် ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သစ်တော်