
ရန်ကုန် ဩဂုတ် ၁၈
ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Union Resources & Engineering Co.,Ltd. (UREC)ထံ မှာယူခဲ့သော တွန်း/ဆွဲရေယာဉ် သစ်နှစ်စင်း ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းနန်းသီတာ ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း သိရသည်။
ဆင်မင်း-၁နှင့် ဆင်မင်း-၂ အမည်ပေးထားသော အဆိုပါ တွန်း/ ဆွဲရေယာဉ်နှစ်စင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးဆိပ်ကမ်း မှ ဩဂုတ် ၂ ရက်တွင် ရန်ကုန်မြို့သို့ စတင်ထွက်ခွာခဲ့ပြီး စင်ကာပူ နိုင်ငံ၌ ရေယာဉ်ဆီဖြည့်ခြင်းနှင့် ရိက္ခာဖြည့်တင်းခြင်း ဆောင်ရွက်၍ ဆက်လက်မောင်းနှင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွန်း/ဆွဲ ရေယာဉ်သစ်များ တည်ဆောက်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် အခြေစိုက် Union Resources & Engineering Co.,Ltd.( UREC )က အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၆သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ရာ မြန်မာဆိပ်ကမ်း အာဏာပိုင်နှင့် UREC တို့သည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် လုပ်ငန်း စာချုပ်ချုပ်ဆိုခဲ့သည်။
စာချုပ်ပါစည်းကမ်းချက်နှင့်အညီ ရေယာဉ်နှစ်စင်းကို စင်ကာပူ အခြေစိုက် Sea Tech Solutions International Pte.,Ltd က တာဝန်ယူ ရေးဆွဲပေးသည့် ဂျပန်နိုင်ငံ အသိအမှတ်ပြုရေယာဉ်ဒီဇိုင်းဖြင့် ကွမ်ကျိုး ပြည်နယ်ရှိ Shunhai Shipyards Ltd က တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
တွန်းဆွဲရေယာဉ်များသည် အလျား၃၄မီတာ၊ အကျယ် ၁၁ ဒသမ ၆ မီတာ၊ ရေစူး ၄ မီတာရှိပြီး မြင်းကောင်ရေ ၂၅၀၀ ရှိသော ဂျပန်နိုင်ငံ ထုတ် Yumma အင်ဂျင်နှစ်လုံး တပ်ဆင်ထားကာ တွန်း/ဆွဲ ရေယာဉ် နှစ်စင်း၏ အမြန်နှုန်းမှာ တစ်နာရီလျှင် ရေမိုင် ၁၂ မိုင်နှုန်းမောင်းနှင်နိုင် သောကြောင့် ရန်ကုန်ဆိပ်ကမ်းတွင် ဝင်/ထွက် သွားလာကြသော အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောကြီးများအား တွန်း/ဆွဲခြင်း လုပ်ငန်းများကို ထပ်မံအားဖြည့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ရေယာဉ် နှစ်စင်း တည်ဆောက်မှုမှာ ၁၈လကြာမြင့်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေ၂၂ ရက် တွင် တည်ဆောက်မှုပြီးစီး၍ စမ်းသပ်မောင်းနှင်မှုအောင်မြင်ခဲ့သည်။
ရန်ကုန်ဆိပ်ကမ်း၏ ရေလမ်းကြောင်း ကောင်းမွန်မှုကြောင့် ယခင် ထက် ရေစူးနှင့် တန်ချိန်ပိုမိုသည့် သင်္ဘောကြီးများ ဝင်/ ထွက်သွား လာလျက်ရှိပြီး ယခုကဲ့သို့ နည်းပညာမြင့်မား၍ စွမ်းဆောင်ရည် ကောင်းမွန်သော တွန်း/ဆွဲရေယာဉ်များကို အသုံးပြု၍ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်သင်္ဘောကြီးများအတွက် မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်မှ ဘေးကင်းလုံခြုံစွာသွားလာနိုင်သော ဝန်ဆောင်မှုကောင်းများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး