တရုတ်ကြက်သွန်နီများ ဝင်ရောက်နေသော်လည်း မြန်မာကြက်သွန်နီများ ဈေးကျဆင်းမှုမရှိဘဲ အရောင်းသွက်နေ

 

မန္တလေး  အောက်တိုဘာ  ၂၂


ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်အတွင်း သို့ တရုတ်နိုင်ငံမှထွက်ရှိသည့် ကြက်သွန်နီ များ လှိုင်လှိုင်ဝင်ရောက်နေသော်လည်း မြန်မာ ကြက်သွန်နီများ       ဈေးနှုန်းကျဆင်းမှုမရှိဘဲ အရောင်းသွက်နေကြောင်း    မန္တလေးမြို့ရှိ ကြက်သွန်ကုန်သည်များထံမှ သိရသည်။

 


 တရုတ်နိုင်ငံမှထွက်ရှိသည့် ကြက်သွန်နီများ သည်   မန္တလေးဈေးကွက်အတွင်းသို့  ကြက်သွန်နီ အပြား၊    ကြက်သွန်နီအလုံး၊ ကြက်သွန်နီအညို ဟူ၍ သုံးမျိုးသုံးစား ဝင်ရောက်လာပြီး ဈေးနှုန်း များမှာ တစ်ပိဿာလျှင်  ကျပ် ၁၀၀၀ မှ ၁၇၀၀ ဈေးအထိရှိကြောင်း၊ မြန်မာကြက်သွန်နီဈေးနှုန်း များမှာ တစ်ပိဿာလျှင် ကျပ် ၃၇၀၀ မှ ၄၀၀၀ ဈေးအထိရှိနေပြီး     တရုတ်ကြက်သွန်နီများ လှိုင်လှိုင်ဝင်ရောက်နေသော်လည်း    မြန်မာ ကြက်သွန်များ          ဈေးနှုန်းကျဆင်းမှုမရှိဘဲ    အရောင်းအဝယ်သွက်နေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

 


“မန္တလေးဈေးကွက်ထဲကို အောက်တိုဘာ လဆန်းကစပြီး        တရုတ်ကြက်သွန်နီတွေ လှိုင်လှိုင်ဝင်ရောက်နေပေမယ့် မြန်မာကြက်သွန်နီ တွေ ဈေးကျဆင်းမှုမရှိပါဘူး။တရုတ်နိုင်ငံကဝင်ရောက်လာတဲ့     ကြက်သွန်နီဈေးနှုန်းက မြန်မာကြက်သွန်နီဈေးနှုန်းနဲ့ ကွာခြားနေပေမယ့် မြန်မာကြက်သွန်နီက တရုတ်ကြက်သွန်နီထက် အရသာကောင်းပြီး အာဟာရလည်း ပြည့်ဝပါတယ်။ အနှစ်လည်း ရရှိတဲ့အတွက် မြန်မာကြက်သွန်နီကို စားသုံးသူများက အားထားပြီး  ဝယ်ယူစားသုံး ကြပါတယ်။ အခုချိန်မှာ ဈေးကွက်ထဲတွင် မြန်မာ ကြက်သွန်နီတွေ လက်ကျန်နည်းပါးနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း  တင်ပို့နေရတာ ကြောင့် လက်ကျန်နည်းသွားတာပါ။ လက်ရှိ အချိန်မှာ မြန်မာကြက်သွန်နီတွေ ဈေးကောင်း ရရှိနေပြီး ကြက်သွန်ဈေးက ကျဆင်းသွားစရာ မရှိပါဘူး”ဟု ၎င်းက ဆက်ပြောသည်။ 

 


မန္တလေးဈေးကွက်အတွင်းသို့ ယခုရက်ပိုင်း အတွင်း မုံရွာ၊  ပခုက္ကူ၊   မြင်းခြံ၊  တောင်သာ၊ မြစ်သားစသည့် ဒေသများမှ ထွက်ရှိလာသည့် ကြက်သွန်နီများ ဝင်ရောက်လျက်ရှိသော်လည်း ယခင်လများနှင့်နှိုင်းယှဉ်ပါက အဝင်နည်းသွား ကြောင်း၊  တရုတ်ကြက်သွန်နီများ ဝင်ရောက် နေသော်လည်း ပြည်တွင်းမှထွက်ရှိသည့် မြန်မာ ကြက်သွန်နီဈေးနှုန်းမှာ ကျဆင်းသွားခြင်း မရှိ ကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)