
တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ကြီးမှူး၍ ယူနန်နိုင်ငံတကာ စီးပွားရေးနည်းပညာ နှီးနှောဖလှယ်ရေးဗဟို ဌာနက တာဝန်ခံကျင်းပသော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးဆိုင်ရာ မွမ်းမံသင်တန်းကို နိုဝင်ဘာ ၁၀ ရက်က အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေး သံမှူး Mr. Tan Shufu က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ခြင်းသည် တရုတ်- မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး၏ အရေးကြီးသော လက်တွေ့ ဆောင်ရွက်မှုဖြစ်ပြီး နှစ်ဦးနှစ်ဖက်သည် အတူ တိုင်ပင်ဆွေးနွေးခြင်း၊ အတူတည်ဆောက်ခြင်း၊ အတူမျှဝေခြင်း အခြေခံမူကို လက်ကိုင်စွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများသည် အပြန်အလှန် ဖြည့်ဆည်းနိုင်မှု အားကောင်းကြောင်း၊ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ် ဖက်နှင့် ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ် အမြဲရပ်တည်နေပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ပို့ကုန်ဈေးကွက်လည်း ဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံ အပြန်အလှန်ချိတ်ဆက် မှုသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးကြီးသော အကြောင်းအရာဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ငွေကြေး၊ နည်းပညာ၊ လူတော်လူချွန်၊ စီမံခန့်ခွဲရေး စသည်တို့ဆိုင်ရာ အားသာချက်များကို ဖော်ထုတ်၍ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို ပံ့ပိုးကူညီပေးကြောင်း၊ မြန်မာနိုင်ငံ၏ အလုပ် အကိုင် အဆင့်အတန်းကို မြှင့်တင်ပေးပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူလူထုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းသော ခွန်အားများ ပံ့ပိုးပေးကြောင်း ပြောကြားသည်။
ယူနန် ဘဏ္ဍာရေးနှင့် စီးပွားရေးတက္ကသိုလ်မှ ဒုတိယကျောင်းအုပ် Mr. Yan Ming က ယူနန် ပြည်နယ်သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးတွင် တက်ကြွစွာ ဝန်ဆောင် မှုပေး ပါဝင်လာခဲ့ပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကူးလူးဖလှယ်မှု များ အဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ခဲ့ကာ အောင်မြင်မှုရလဒ်များစွာ ရရှိခဲ့ကြောင်း၊ ယခု မွမ်းမံသင်တန်းကို ပလက်ဖောင်းအဖြစ် အသုံးချ ၍ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဦးတည်ချက်များစွာဖြင့် ဘက်စုံ၊ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ရှာဖွေကြရန် ဆန္ဒရှိကြောင်း ပြောကြားသည်။
အဆိုပါ မွမ်းမံသင်တန်းမှာ ၂၁ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှု လက်ရှိအခြေအနေနှင့် အလား အလာများစသည့် သင်ခန်းစာများ ပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
သီရိ