တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများတရားစီရင်ရေး အထောက်အကူပြုအဖွဲ့အစည်းအဝေး(၁/၂၀၂၃)ကျင်းပ

 

နေပြည်တော်   ဧပြီ   ၂၉


တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများတရားစီရင်ရေး အထောက် အကူပြုအဖွဲ့ (၁/၂၀၂၃)အစည်းအဝေးကို  ယနေ့နံနက် ၉ နာရီက  ရုံး အမှတ်-၁၀၊ ပြည်ထဲရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


အစည်းအဝေးသို့   တရားရုံးစစ်ဆေးဆဲ   ပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အဖွဲ့ဝင်များဖြစ်သည့်  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယရဲချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များအပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး နေပြည်တော်၊ တိုင်းဒေသ ကြီး/ပြည်နယ် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၊ အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များက Online ဖြင့်တက်ရောက် ကြသည်။ 

 


အခွင့်အရေးများဆုံးရှုံးမှုမရှိစေရန်


ဦးစွာ တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ၂၀၂၀ ပြည့်နှစ်ကစ၍  ကိုဗစ်-၁၉ ရောဂါကြောင့်  တရားရုံးများ  အပြည့်အဝရုံးထိုင် စစ်ဆေးနိုင်ခဲ့ခြင်း မရှိခဲ့သဖြင့် စစ်ဆေးဆဲအမှုများ ကြန့်ကြာမှုမရှိစေရန်၊ ပြစ်မှုကျူးလွန် ခံရမှုကြောင့် ထိခိုက်နစ်နာသူများ နစ်နာမှုမရှိစေရန်၊ တရားစွဲဆို ခံထား ရသူများ၏   အခွင့်အရေးများ   ဆုံးရှုံးမှုမရှိစေရန်အတွက်   တရားရုံး စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေးအထောက်အကူပြု အဖွဲ့ကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   အမိန့်ကြော်ငြာစာ အမှတ် ၃၄၀/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့ပြီး အထောက်အကူပြုလုပ်ငန်းအဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ် များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့ကို ထပ်မံဖွဲ့စည်း၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ တရားစီရင်ရေးတွင် ဝင်ရောက်စွက်ဖက်ရန် မဟုတ်ဘဲ တရားရုံးများ၌ စစ်ဆေးဆဲပြစ်မှုဆိုင်ရာ မှုခင်းများကိုမြန်ဆန်၊ မှန်ကန်စွာဖြင့် စစ်ဆေးစီရင်နိုင်ရန်အတွက်  လိုအပ်သည့်ကိစ္စရပ်များ ကို  ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးနိုင်ရန်  ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း။

 


ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များနှင့်  ဆက်စပ်ပြီး  အရေးယူထားသည့် အမှုများအနက် သီးသန့်တရားရုံးထိုင်၍ စစ်ဆေးဆဲအမှုများ၊ အကြမ်း ဖက်မှုနှင့်ဆက်စပ်၍ ကျူးလွန်ခဲ့သည့်ပြစ်မှုများကို သီးသန့်တရားရုံးဖြင့် စစ်ဆေးသင့်သည့်အမှုများ၊  အချုပ်တရားခံ နှစ်နှစ်နှင့်အထက် ကြန့်ကြာ နေသည့် ရာဇဝတ်မှုများ၊ ထူးခြားထင်ရှားသော အမှုများကို ဦးစားပေး အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း။

 


ပူးပေါင်းပါဝင်ဆောင်ရွက်


တရားရုံးစစ်ဆေးဆဲအမှုများကို     တိုင်းဒေသကြီး / ပြည်နယ် တရားလွှတ်တော် ၁၄ ရုံး၊  ခရိုင်တရားရုံး ၁၁၄ ရုံး၊   မြို့နယ်တရားရုံး ၃၀၈ ရုံးနှင့် သီးသန့်တရားရုံး ၁၈၉ ရုံး၊ စုစုပေါင်း ၆၂၅ ရုံးဖြင့် တရား စီရင်ရေးလုပ်ငန်းများကို  ဆောင်ရွက်ခဲ့ရာတွင်  တရားစွဲအဖွဲ့အစည်း ဖြစ်သည့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊   ဥပဒေရုံးများနှင့်  တရားရုံးများတွင် တွေ့ရှိရသည့်အားနည်းချက်များအပေါ် အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို   သုံးသပ်ဆွေးနွေးခဲ့ပြီး   ပထမ အဆင့် ရည်မှန်းချက်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ သတ်မှတ်၍ တရားရုံးစစ်ဆေးဆဲ မှုခင်းများအား ရာနှုန်းပြည့်နီးပါး ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့်   ဒုတိယအဆင့်   ရည်မှန်းချက်ကာလကို ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ သတ်မှတ်၍ ကျန်ရှိသည့်အမှုများ ပြီးပြတ် အောင်   ဆောင်ရွက်နိုင်ရေးအတွက်   နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်   တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ    ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့များအနေဖြင့် စီမံချက်ရေးဆွဲဆောင်ရွက်၍ အဖွဲ့ဝင်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့်  လိုအပ်သည့်  အကြံဉာဏ် များကို ဖြည့်စွက်ဆွေးနွေးပေးပါရန် ပြောကြားသည်။

 


ဆွေးနွေးတင်ပြ


ဆက်လက်၍ တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရား စီရင်ရေး အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီက စတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်မှစတင်၍ တရားရုံးစစ်ဆေးဆဲအမှုအရေအတွက် များ၊  လစဉ်တရားရုံးများမှ  အပြီးသတ်အမိန့်ချမှတ်ခဲ့သည့်အမှုများ၊ လစဉ်တရားရုံးများသို့ ထပ်မံစွဲတင်ခဲ့သည့် အမှုများနှင့် လက်ကျန်အမှု များကို ကျန်ရှိသည့်ကာလများတွင် ဆက်လက်ဆောင်ရွက်မည့်အစီအမံ များကို ဆွေးနွေးတင်ပြခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်၊   ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်   Online   ဖြင့် တက်ရောက်သည့်  နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်တရား စီရင်ရေးဆိုင်ရာကိစ္စရပ်များ  ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် များက တင်ပြဆွေးနွေးကြသည်။
ယင်းနောက်   ဒုတိယဝန်ကြီးချုပ်နှင့်    ပြည်ထောင်စုဝန်ကြီးက ဒုတိယအဆင့်   ရည်မှန်းချက်ကာလဖြစ်သည့်   ၂၀၂၃ ခုနှစ်  ဇူလိုင်လ ကုန်တွင် ကျန်ရှိသည့် တရားရုံးစစ်ဆေးဆဲအမှုများကို စစ်ဆေးစီရင်ရာ တွင်   လျာထားစီမံချက်ပါအတိုင်း   ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် တွေ့ကြုံလာသည့် အခက်အခဲများအပေါ် ဝိုင်းဝန်းပူးပေါင်း   ညှိနှိုင်းဖြေရှင်းကြရန်၊   ဌာနဆိုင်ရာအဖွဲ့အစည်း အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။                                                                      

သတင်းစဉ်