နေပြည်တော် သြဂုတ် ၁၇
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များ ဆောင်ရွက်ရာတွင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D အားဖြည့်အချိုရည် ပုလင်း ၈၂၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည် တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ရေနွေးဓာတ်ဘူး ၂၉၉ လုံး အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇၀၅၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၆၅၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အရေးယူဆောင်ရွက်
ထို့အပြင် သြဂုတ် ၁၅ ရက်တွင် ပဲခူးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ လမ်းဆုံအနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီး၊ ဘားအံ မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ် တစ်စီးနှင့် မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D အားဖြည့်အချိုရည် ပုလင်း ၅၀၀၀ ၊ Ensure Gold Vanilla ဘူး ၃၆၀ ၊ Feline Pro ကြောင်စာ ၂၀ ကီလိုဂရမ်ပါ ၁၀ အိတ် အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၈၇၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus နှစ်စီးနှင့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများ အရလည်းကောင်း(အပေါ်ပုံ)၊ ပဲခူးခရိုင် နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၂ ဒသမ ၀၅၈ တန်နှင့် သစ်မာ ၁ ဒသမ ၀၇၂၆ တန်၊ အခြား ၀ ဒသမ ၅၇၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁၉၂၃၄)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉၄၉၄၂၃၄ ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိ
ထို့အတူ သြဂုတ် ၁၆ ရက်တွင် မန္တလေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Smile Tissue အထုပ် ၂၁၈၄၀ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၈၀၈၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေး ရေးစခန်း၌ တရားဝင် စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် အိန္ဒိယနိုင်ငံထုတ် ဆေးဝါး Merosafe Powder for Injection ပိုးသတ်ဆေး ဘူး ၁၉၃၈၀ အပါအဝင် ဆေးဝါး နှစ် မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၅၄၇၃၀၀)ကိုလည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၃၅၅၃၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၃၅၅၀၄၅၃၄) ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။ သတင်းစဉ်