
သူနာပြုကောင်းတစ်ဦးဖြစ်စေရန် အရေးကြီးဆုံးသည် “ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ”ဆိုသည့် နာငါးနာနှင့် ပြည့်စုံနေရန် လိုအပ်
နေပြည်တော် ဒီဇင်ဘာ ၂၉
တပ်မတော်သူနာပြုနှင့် ဆေး ဘက်ပညာတက္ကသိုလ်၊ သူနာပြု နှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၂၀) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့သင်တန်း အမှတ် စဉ် (၇) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက် မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုး သန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း သင်တန်းသား၊ သင်တန်းသူများ၏ မိဘအုပ်ထိန်းသူ များဖြစ်သည့် တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် စာပေဌာနနှင့် လေ့ကျင့်ရေးဌာန တို့မှ နည်းပြအရာရှိများနှင့် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက် ရောက်ကြသည်။
ချီတက်အလေးပြု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး သရေစည်သူ စိုးဝင်းက သင်တန်းဆင်းတပ်ခွဲ များ၏ အလေးပြုခြင်းကိုခံယူပြီး အလံတော်အဖွဲ့နှင့် ကျောင်းဆင်းတပ်ခွဲများအား စစ်ဆေးသည်။ ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အား ကျောင်းဆင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး သရေစည်သူ စိုးဝင်းက တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)မှ အကောင်းဆုံး သင်တန်းသားဆုရရှိသူ သင်တန်သား ဆလိုင်းပြည့်စုံအောင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသား ကျော်ဇင်ထက်နှင့် စာပေထူးချွန်ဆု ရရှိသူ သင်တန်းသား ဝေလင်းအောင်တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းသည် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၇)မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူ ဖွေးသန့်စင်၊ လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူ သင်တန်းသူ ဆုလဲ့နန္ဒာနှင့် စာပေထူးချွန်ဆု ရရှိသူ သင်တန်းသူ ယွန်းယွန်းဝေတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး သရေစည်သူ စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် ယနေ့သည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၇)တို့၏ သင်တန်းဆင်းသည့်နေ့ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အားသစ်လောင်းသည့် နေ့တစ်နေ့ဖြစ်၍ ဂုဏ်ယူဖွယ်ရာ ထူးခြားလေးနက် သည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ ဆေး၀န်ထမ်း တပ်ဖွဲ့ဝင်များအဖြစ် တာဝန်ကျရာ တပ်အသီးသီးကို သွားရောက်တာဝန် ထမ်းဆောင်ကြရမည်ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင် ကိုယ်စား မှာကြားစရာရှိသည် များကို အလေးအနက်ထား မှာကြားသွားမည် ဖြစ်ကြောင်း။
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်သည် “ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည် များ မွေးထုတ်ပေးရန်”ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ သူနာပြုစိတ်ဓာတ်ပြည့်ဝပြီး ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများ နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် သင်ကြားမွေးထုတ်ပေးလျက် ရှိကြောင်း၊ ယင်းသို့ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာတွင် သင်တန်းဆင်းသည့် သူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၇)အထိ “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ် သည်” များအဖြစ် လေ့ကျင့်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
လေ့ကျင့်မွေးမြူပေးလျက်ရှိ
တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု တပ်ဖွဲ့ဝင်များ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များသည် မရှိမဖြစ်အရေးပါ သည့် အခန်းကဏ္ဍက ပါဝင်နေသည့်သူများဖြစ်၍ အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ် များအဖြစ် လေ့ကျင့်မွေးမြူပေးလျက်ရှိကြောင်း၊ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်လျှင် ၁၉၅၉ ခုနှစ် တွင် စစ်သူနာပြုသင်တန်း တပ်ဆွယ်ကာလတွင် အမျိုးသမီးစစ်သူနာပြု အရာရှိလောင်းသင်တန်း အမှတ်စဉ် (၁)မှ (၁၆)အထိ ဖွင့်လှစ်ခဲ့ပြီး ၁၉၉၆ ခုနှစ် တွင် သူနာပြုသိပ္ပံဘွဲ့ အမျိုးသမီးဗိုလ်လောင်း သင်တန်းကို အမှတ်စဉ် (၁) မှ အမှတ်စဉ် (၄) အထိ တပ်မတော်ဆေးတက္ကသိုလ်၌ လေ့ကျင့်ပေးနိုင်ခဲ့ ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်ကို စတင်ဖွင့်လှစ်ကာ အမျိုးသားများနှင့် အမျိုးသမီးများကိုပါ သူနာပြု သိပ္ပံဘွဲ့သင်တန်းများ တက်ရောက်စေခဲ့ကြောင်း၊ အရပ်ဘက်တက္ကသိုလ်များက သူနာပြုသိပ္ပံဘွဲ့ရရှိ ခဲ့ပြီး မိမိသဘောဆန္ဒအလျောက် တပ်မတော်သား တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် လျှောက်ထား ဆန္ဒပြုခဲ့သူများကိုလည်း လိုအပ်သည့် အခြေခံ စစ်ပညာသင်တန်းများ တက်ရောက်စေခဲ့ပြီး သူနာပြု တပ်ဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ထမ်းဆောင်စေနိုင်ခဲ့ကြောင်း။
အခြေခံဘွဲ့သင်တန်းဆင်းပြီး အချိန်ကာလ တစ်ခုအထိ စစ်မြေပြင်ဆေးအကာအကွယ်ပေး တာဝန်ထမ်းဆောင်ပြီးပါက အရည်အချင်းပြည့်မီသူ များကို စိစစ်ရွေးချယ်ပြီး မဟာဘွဲ့သင်တန်းများ ဆက်လက် တက်ရောက်စေလျက်ရှိကြောင်း၊ မဟာသိပ္ပံဘွဲ့သင်တန်းများအပြင် သူနာပြုပါရဂူဘွဲ့ သင်တန်း၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာပါရဂူဘွဲ့ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ ထို့အပြင် အခြားလိုအပ်သည့် ဘာသာရပ် ဆိုင်ရာ ပါရဂူဘွဲ့သင်တန်းများ ထပ်မံဖွင့်လှစ်နိုင်ရေး လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း။
ဘက်ပေါင်းစုံက ဖြည့်ဆည်းပေးလျက်ရှိ
သင်ကြားရေးအပိုင်းတွင် ပိုမိုထိရောက်စေရန် သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ခန်းမနှင့် နည်းပြလိုအပ်ချက်များကိုလည်း ဘဏ္ဍာရေးနှစ် အလိုက် လိုအပ်ချက်အပေါ်မူတည်ပြီး ဘက်ပေါင်းစုံ က ဖြည့်ဆည်းပေးလျက်ရှိ၍ နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်အောင်လည်း ပြည်ပနိုင်ငံ ၁၁ နိုင်ငံတွင် ရှိသည့် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ တွင် ပါရဂူဘွဲ့၊ မဟာသိပ္ပံဘွဲ့များနှင့် ဒီပလိုမာဘွဲ့များ ကို စေလွှတ်တက်ရောက်စေလျက်ရှိရာ ယခုဆိုလျှင် သင်တန်းသား ၁၃၇ ဦး တက်ရောက်အောင်မြင်ခဲ့ကြ ပြီးဖြစ်ကြောင်း။
ယင်းသို့ ပြည်ပသင်တန်းများ တက်ရောက် စေခြင်းသည် နိုင်ငံတကာစံနှုန်းနှင့်အညီ ခေတ်မီ တပ်မတော်တစ်ရပ်ဖြစ်စေရေး ရည်မှန်းဆောင်ရွက် ချိန်တွင် အရည်အချင်းပြည့်ဝသည့် သူနာပြုနှင့် ဆေးဘက်ပညာသည်များဖြစ်လာအောင် လူသား အရင်းအမြစ်များ မွေးထုတ်ပေးနေခြင်းဖြစ်၍ လက်တွေ့နယ်ပယ်ရောက်ရှိချိန်တွင် အမိတက္ကသိုလ် ကြီးက သင်ကြားပေးခဲ့သည့် ပညာရပ်များကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာ ဆောင်ရွက်သွား ကြရန်နှင့် ပြည်တွင်းဆင့်ပွားသင်တန်းများက တစ်ဆင့် မိမိတတ်မြောက်ခဲ့သည့် ပညာရပ်ဆိုင်ရာ ဗဟုသုတများကို မျှဝေပေးသွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း။
စိန်ရတုနှစ်ပတ်လည်တိုင်ခဲ့ပြီ
လွတ်လပ်ရေးကြိုးပမ်းမှု ကာလကတည်းက မြန်မာ့တပ်မတော်နှင့်အတူ သန္ဓေတည် ပေါက်ဖွား လာခဲ့ပြီး စစ်ဘက်ဆိုင်ရာ ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ပညာရှင်များ ပူးပေါင်းပါဝင်ဖွဲ့စည်းထား သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ ပေါ်ပေါက်လာမှုသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် စိန်ရတု နှစ်ပတ်လည်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာ့ တပ်မတော်၏ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် လွတ်လပ်ရေးရပြီးကတည်းက ယနေ့တိုင် ခေတ် အဆက်ဆက်တွင် တပ်မတော်၏ လက်ရုံးဝန်ထမ်း တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ပြည်တွင်းတည်ငြိမ် အေးချမ်းသာယာရေး၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေး အတွက် လိုအပ်သည့် စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုး ရေးဆောင်ရွက်ရာတွင်လည်း ကျရာအခန်းကဏ္ဍ၌ ပါဝင်ထမ်းဆောင်ခဲ့ကြကြောင်း။
ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့
ထို့အပြင် လူသားအားလုံး အခြေခံလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေး ပြည့်ဝစွာနှင့် ငွေကြေးအခက်အခဲမရှိဘဲ ရယူနိုင် ရမည်ဆိုသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကျန်းမာရေးလွှမ်းခြုံမှုပန်းတိုင်အတိုင်းပင် တပ်မတော် ဆေးရုံ၊ ဆေးတပ်ရင်းတပ်ဖွဲ့များ၌ တပ်မတော်သား များနှင့် မိသားစုဝင်များကို ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ၊ စစ်မြေပြင် လက်တွေ့ဆေးအကာ အကွယ်ပေးရေးလုပ်ငန်းများသာမက ခေတ် အဆက်ဆက် ဒေသတွင်းပြည်သူလူထု၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း အကုန် အကျအနည်းဆုံးဖြင့် ရောဂါပျောက်ကင်းစေရေး တစ်ဖက်တစ်လမ်းကလည်း ကူညီဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း။
နိုင်ငံတော်အစိုးရအဆက်ဆက် နိုင်ငံတစ်ဝန်းလုံး တွင်ရှိသည့် ပြည်သူလူထုကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ရည်ရွယ် ဆောင်ရွက်သည့် နေရာတွင်လည်း တစ်ဖက်တစ်လမ်း က အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးနိုင်ရန် အတွက် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းကစ၍ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့များက နယ်လှည့်ဆေးကုသမှုလုပ်ငန်းများကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင် ရွက်ပေးရာတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ သည် ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသနှင့် ကျေးလက်ဒေသများပါမကျန် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စောင့်ရှောက်ကုသ ပေးခဲ့ကြကြောင်း။
ကျန်းမာရေးစောင့်ရှောက်ပေး
ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်သား အရာရှိ/စစ်သည် ကျွမ်းကျင်သူများအပြင် ဆေးဘက် ဆိုင်ရာ ဆေးဝါးများ၊ ကုသရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများပါဝင်သည့် ရွေ့လျားဆေးကုသမှု ယာဉ်များဖြင့် ပါဝင်ဖွဲ့စည်းဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ရေလမ်းကြောင်းတစ်ခုတည်းသာ အားကိုးအားထားပြုပြီး သွားလာနေကြရသည့် နေရာမျိုးများသို့လည်း မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့ဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသ များရှိ ပြည်သူလူထုများကို ကျန်းမာရေးစောင့်ရှောက် ပေးနိုင်ခဲ့ကြောင်း။
ထို့အပြင် ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အချိန်တိုင်းတွင် လည်း နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က “လူ့အသက်ထက် အရေးကြီး တာ ဘာမှမရှိ” ဟု မိန့်ကြားထားသည့်အတိုင်း တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည်လည်း အချိန်၊ နေရာဒေသ၊ လူမျိုးဘာသာမရွေး ကူညီ စောင့်ရှောက်နိုင်ရန် ကယ်ဆယ်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ထို့အပြင် သင်ကြားရေးဆောင်ရွက်ရင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်ဆုံးအချိန်တွင်လည်း စာတွေ့မှ လက်တွေ့ဆီသို့ ပြောင်းလဲကာ လိုအပ်ချက် အရ အသက်အန္တရာယ်နှင့် ဆိုးရွားပြင်းထန်သည့် ရောဂါကူးစက်ခံရနိုင်မှုကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ကိုယ်ကျိုးစွန့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းကိုလည်း ဂုဏ်ယူဖွယ် တွေ့မြင်ခဲ့ရကြောင်း၊ ထို့ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် သူနာပြုတပ်ဖွဲ့ဝင်ကောင်းများအဖြစ် ကျရာတာဝန် ကို ဆက်လက်ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် မိမိတို့၏ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အသီးသီး တွင် အရည်အချင်း၊ အရည်အသွေးပြည့်မီသူများ ဖြစ်အောင် အမြဲမပြတ် ဖြည့်ဆည်းကြိုးစားကြရန် လိုကြောင်း။
သူနာပြုပညာရပ်သည် ကျန်းမာရေးကဏ္ဍတွင် အရေးပါသည့် ပညာရပ်တစ်ရပ်ဖြစ်ကြောင်း၊ သူနာပြု များသည်လည်း ကရုဏာတရားကြီးမားပြီး ကြင်နာ တတ်သူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သူ၊ စေတနာ ထက်သန်သူ၊ စိတ်ထားမွန်မြတ်သူ၊ အပင်ပန်း အဆင်းရဲခံနိုင်သူ၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်သူ စသည့်အင်္ဂါရပ်များနှင့် ထူးထူးကဲကဲ ပြည့်စုံသူများ ဖြစ်ကြောင်း၊ စေတနာနှင့် အကြင်နာဆိုသည် အလွန် ထိရောက်သည့် စိတ်ပိုင်းဆိုင်ရာ ကုထုံးဖြစ်သည့် အပြင် လူနာ၏ ယုံကြည်လေးစားမှု ချစ်ခင်မှုများကို ရရှိစေနိုင်ကြောင်း၊ သူနာပြုတစ်ဦးအနေဖြင့် ကျန်းမာ ရေးပြုစုစောင့်ရှောက်ပေးရာတွင် ကျန်းမာရေးဆိုင်ရာ ပညာပေးသူ၊ ဆွေးနွေးအကြံပြုသူ၊ ပြုစုစောင့်ရှောက် ပေးသည့်သူ စသည့်အသွင်သဏ္ဌာန်မျိုးစုံနှင့် ကျန်းမာ ရေး မြှင့်တင်မှုလုပ်ငန်းစဉ်များတွင် ပါဝင်နေကြခြင်း ဖြစ်ပြီး သူနာပြုတစ်ဦး၏ အပြောအဆို၊ အပြုအမူ သည် လူနာ၏ စိတ်ဓာတ်ခွန်အားများ လန်းဆန်း တက်ကြွစေနိုင်ပြီး ကုသမှုကို ထိရောက်စေကြောင်း။
အမြဲမပြတ် ဖြည့်ဆည်းလေ့ကျင့်
ထို့ကြောင့် သူနာပြုကောင်းတစ်ဦးဖြစ်စေရန် အရေးကြီးဆုံးသည် “ ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ” ဆိုသည့် နာ ငါးနာနှင့် ပြည့်စုံနေရန် လိုအပ်ကြောင်း၊ ထိုသို့ ထားရှိရမည့် အခြေခံကောင်း များကို လေးနှစ်တာ သင်တန်းကာလအတွင်း၌ သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် သူနာပြုကောင်းတစ်ဦးတွင် ထားရှိရမည့် လူသားဆန် သည့် စိတ်ဓာတ်များဖြစ်သည့် တည်ငြိမ်ရဲရင့်မှု၊ မြှုပ်နှံစုစည်းမှု၊ အသိဉာဏ်ရှိမှု၊ ခံနိုင်ရည်ရှိမှု၊ စိတ်အားထက်သန်မှု၊ ကိုယ်ချင်းစာစိတ်ရှိမှုများနှင့် ပြည့်ဝနေစေရန် မိမိကိုယ်ကို အမြဲမပြတ် ဖြည့်ဆည်း လေ့ကျင့်နေရမည်ဖြစ်ကြောင်း။
သူနာပြုစိတ်ဓာတ်၏ အခြေခံညွှန်းဆိုချက်သည် “လူနာ၏ စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ခံစားမှု ဆိုင်ရာ ကောင်းမွန်ရေး”ပင်ဖြစ်ကြောင်း၊ သူနာပြု စိတ်ဓာတ်ကောင်းများနှင့် ပြည့်စုံနေမည်ဆိုလျှင် မည်သည့်နေရာဒေသတွင်မဆို ပေးအပ်သည့် တာဝန် များကို ကျေပွန်အောင် ထမ်းဆောင်သွားနိုင်မည် ဖြစ်ပြီး တပ်မတော်သားမိသားစုဝင်များနှင့် ပြည်သူ လူထုက အားကိုးအားထားပြုရသည့် သူနာပြုကောင်း များ ဖြစ်လာမည်ဖြစ်ကြောင်း။
ထို့အပြင် သူနာပြုများခံယူအပ်သည့် သူနာပြု အဓိဋ္ဌာန် ကတိသစ္စာ ၉ ချက်ကိုလည်း တည်ကြည် ဖြောင့်မတ်မြဲမြံစွာ စောင့်ထိန်းလိုက်နာသွားကြရန် အထူးလိုအပ်ကြောင်း၊ မည်သို့ပင် တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်များဖြင့် တိုက်ပွဲဝင်ကြသည့် တပ်မတော်သား အရာရှိ/စစ်သည်များ ဒဏ်ရာ အနာတရဖြစ်ချိန်၊ ကျန်းမာရေးချို့ယွင်းချိန်များ တွင် လူသားများပီပီ ပြုစုစောင့်ရှောက်သူများ၏ အကြင်နာ၊ ကရုဏာကို တမ်းတလိုချင်ကြခြင်းဖြစ်၍ လူနာအားလုံး၏ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကို မိမိ၏အရေးကိစ္စကဲ့သို့ သဘောထားပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးရန် လိုအပ်၍ မိမိ၏ ကျင့်ဝတ် နှင့် ဂုဏ်သိက္ခာကိုလည်း တန်ဖိုးထားမြှင့်တင်ကြ ရမည်ဖြစ်ကြောင်း။
စစ်နည်းဗျူဟာများ တိုးတက်ပြောင်းလဲ
အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် နည်းပညာခေတ်တွင် စစ်ဆင်မှုပုံစံများနှင့် ကျင့်သုံး သည့် စစ်နည်းဗျူဟာများကလည်း တိုးတက် ပြောင်းလဲလျက်ရှိကြောင်း၊ ယနေ့ ခေတ်သစ်စစ်ပွဲ များတွင် အချိုးညီ ဘက်စုံစစ်ပွဲအသွင်၊ အချိုးမညီ ဘက်စုံစစ်ပွဲအသွင် သီးသန့်စီဖြစ်စေ၊ ပေါင်းစပ်ပြီး ဖြစ်စေ ကျင့်သုံးသည့်စစ်ဆင်မှုအမျိုးမျိုးကို ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တိုက်ပွဲများဖော်ဆောင်နေကြခြင်း ဖြစ်ကြောင်း။
ယနေ့ကမ္ဘာကြီးသည်လည်း ကမ္ဘာ့ရွာကြီးပုံစံ ဖြစ်ပေါ်နေသည့်အတွက် နိုင်ငံတိုင်းသည် ထီးတည်း နေ၍မရဘဲ ကိုယ်ကျိုးစီးပွား တူညီသူအချင်းချင်း လက်တွဲဆောင်ရွက်နေကြရကြောင်း၊ ထို့အပြင် ကိုယ်ကျိုးစီးပွားတူအချင်းချင်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရာတွင် စစ်ဘက်ဆိုင်ရာ ကဏ္ဍများတွင်လည်း အတွေ့အကြုံ ရရှိစေရန် နိုင်ငံတကာတပ်မတော် အားကစားပြိုင်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်စေခြင်း၊ တပ်ဖွဲ့အတွင်း ပညာ ရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အာဆီယံစစ်ဘက်ဆေးပညာညီလာခံ၊ အာဆီယံ ဓာတု၊ ဇီဝနှင့် ရေဒီယိုသတ္တုကြွဆိုင်ရာ ကာကွယ်ရေး ကျွမ်းကျင်ပညာရှင်များကွန်ရက်၊ အာဆီယံ တပ်မတော်ဆေးဘက်ဆိုင်ရာဗဟိုဌာန၊ အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းမှု ဗဟိုဌာန စသည့်အာဆီယံအဖွဲ့ဝင် နိုင်ငံဆေးတပ်ဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ စစ်ဘက်ဆေးတက္ကသိုလ်များညီလာခံ၊ နိုင်ငံတကာ စစ်ဘက်ဆေးပညာဆိုင်ရာ ကော်မတီများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံခြင်းများ ဆောင်ရွက် စေလျက်ရှိပြီး ရရှိလာသည့် အတွေ့အကြုံဗဟုသုတ များကို အခြေခံပြီး တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ ဝင်များ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် ဆက်လက်လေ့ကျင့်ပေးသွားရမည်ဖြစ်ကြောင်း။
သင်ရိုးညွှန်းတမ်းများ ပြောင်းလဲပြင်ဆင်သွားကြရမည်
ထို့အပြင် အနာဂတ်ကာလတွင် Artificial Inte- lligence (AI) နည်းပညာရပ်သည် ဆေးကုသမှုဆိုင်ရာ နယ်ပယ်ထဲ၌ အနှေးနှင့် အမြန်ဆိုသလို ဝင်ရောက် လာနေခြင်းဖြစ်သည့်အတွက် ဆေးပညာသင်ကြား ရေး (Medical Education) တွင် ဆရာဝန်နှင့် သူနာပြုသင်တန်းသား၊ သင်တန်းသူများကို AI နည်းပညာနှင့် ရင်းနှီးအောင် သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာစံနှုန်းနှင့် နှိုင်းယှဉ်ပြီး လိုအပ်သလို ပြောင်းလဲပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း။
ပညာဗဟုသုတရှာမှီးမှု(Knowledge Acquisition) ကို အခြေခံသည့် သင်ကြားမှုစနစ်ကနေ ဗဟုသုတစီမံခန့်ခွဲမှုနှင့် ဆက်သွယ်ဆောင်ရွက်မှု (Knowledge Management and Communication) ကိုအခြေခံသည့် သင်ရိုးညွှန်းတမ်းမျိုးဖြစ်အောင် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုအပ်ပြီး ခေတ်နှင့်လျော်ညီသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ဆရာဝန်များနှင့် သူနာပြုများကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
တပ်မတော်သည် တိုင်းပြည်၏ အစိတ်အပိုင်း၊ ပြည်သူများ၏ အစိတ်အပိုင်းပင်ဖြစ်ပြီး တပ်မတော် သားများသည် တိုင်းရင်းသားပြည်သူများမှ မွေးဖွား လာကြသူများ၊ မည်သူတစ်ဦးတစ်ယောက်မျှ တိုက်တွန်း၍မဟုတ်ဘဲ မိမိဆန္ဒအရ တပ်မတော် အတွင်းသို့ စစ်မှုထမ်းများအဖြစ် ဝင်ရောက်လာကြ သူများဖြင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်ကြောင်း၊ တပ်မတော်၏ အဓိက တာဝန်က နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ခြင်း နှင့်အညီ ပြည်တွင်းနှင့် ပြည်ပရန်စွယ် အန္တရာယ် ဟူသမျှကိုလည်း လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း မှစ၍ ယနေ့တိုင် ခေတ်အဆက်ဆက် အစိုးရအဆက် ဆက်၌ ကာကွယ်ခဲ့၊ ကာကွယ်ဆဲဖြစ်ကြောင်း။
တည်ငြိမ်အေးချမ်းမှု အထူးပင်လိုအပ်
ယနေ့အချိန်ကာလသည် နိုင်ငံတော်ကို ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းခိုင်မာစေရေး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ပြီး နိုင်ငံရေးရည်မှန်းချက် ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေး၊ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေး ရည်မှန်းချက်များထားရှိ၍ နိုင်ငံတော်ကို အားသွန် ခွန်စိုက် ကြိုးပမ်းတည်ဆောက်နေချိန်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်သည့်နေရာတွင် နိုင်ငံအဝန်း တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ် အထူးပင်လိုအပ် ကြောင်း၊ ထို့အတွက်ကြောင့်လည်း လွတ်လပ်ရေး ရပြီးကတည်းက (၇၅) နှစ်ကြာသည်အထိ နယ်ချဲ့ ကိုလိုနီများ၏ သွေးခွဲမှုအမျိုးမျိုးကြောင့် နိုင်ငံရေး အယူအဆများ၊ လူမျိုးရေးအယူအဆများ၊ ဘာသာ ရေးအယူအဆများ စသည့်အယူအဆအမျိုးမျိုး ကြောင့် ပဋိပက္ခအမျိုးမျိုးကို ပြည်သူများအများစု ခါးစည်းခံခဲ့ရမှုများလည်းရှိနေခဲ့၊ ရှိနေဆဲဖြစ်ခြင်း ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် နိုင်ငံတစ်ဝန်းလုံး ထာဝရငြိမ်းချမ်းတည်ငြိမ်ပြီး အမြန်ဆုံးတိုးတက်ဖွံ့ဖြိုးရေးအတွက် ၂၀၂၂ ခုနှစ် ဧပြီ ၁၁ ရက်တွင် ကြိုတင်ကန့်သတ်ချက်မထားဘဲ ထာဝရငြိမ်းချမ်းရေးအတွက် ပွင့်လင်းမြင်သာစွာ ဖိတ်ခေါ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် ဆွေးနွေးပွဲသို့ တက်ရောက်လာကြ သည့် အဖွဲ့အစည်းခေါင်းဆောင်များအား လက်ခံ တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံမှုအခြေ အနေ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို လက်ခံမှုအခြေ အနေ ၂ ချက်အပေါ် အပြန်အလှန်ဆွေးနွေးပြီးနောက် လက်ခံကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့အား အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှု ညှိနှိုင်းရေးကော်မတီဖြင့် အသေးစိတ်ဆွေးနွေးမှု များကို အပြုသဘောဆောင်လျက် အပြန်အလှန် ဆွေးနွေးလျက်ရှိကြောင်း။
အမြဲလေ့လာ မှတ်သားနေရန်လို
ထိုသို့ တပ်မတော်နှင့် တိုက်ရိုက်ထာဝရငြိမ်းချမ်း ရေးရရှိစေရေး ဖိတ်ခေါ်ဆွေးနွေးခဲ့ခြင်းသည်လည်း လွတ်လပ်ရေးရပြီး (၇၅) နှစ်တာကာလအတွင်း ပဋိပက္ခအမျိုးမျိုးကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်လာခဲ့ကြသည့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် သွေးချင်းညီအစ်ကိုမောင်နှမ များ၏ ခံစားခဲ့၊ ခံစားကြရဆဲ ပဋိပက္ခဆိုးကျိုးများ ချုပ်ငြိမ်းပြီး နိုင်ငံတော်ကြီး အမြန်ဆုံးခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ဖြစ်စေရန်ပင် ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးနှင့် ပတ်သက်လာလျှင် ကျရာ အခန်းကဏ္ဍက တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်ရပ်နှင့် သမိုင်းကြောင်း များကို အမြဲလေ့လာ မှတ်သားနေရန်လိုအပ်ကြောင်း။
တပ်မတော်အနေနှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များအပြင် သမိုင်းကပေးအပ်လာသည့် အမျိုးသားနိုင်ငံရေးတာဝန်များကို အောင်မြင်စွာ ထမ်းရွက်နိုင်ရန် တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ် ရေးကို ခိုင်မာစွာတည်ဆောက်ထားရန် လိုအပ် ကြောင်း၊ တပ်မတော်သား အဆင့်အတန်းအားလုံးနှင့် မိသားစုဝင်များသည် ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံး မည်ဆိုသည့်အတိုင်း စုစည်းကျစ်လျစ်ခိုင်မာနေရန် အထူးလိုအပ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာ ခေတ်ဖြစ်ခြင်းနှင့်အညီ လူမှုကွန်ရက်အမျိုးမျိုးကို နည်းမျိုးစုံအသုံးချပြီး တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲရေးကို ပြုလုပ်နေကြသလို Main Stream Media များကလည်း တပ်မတော်နှင့် တပ်မတော် သားများအပေါ်ကို နိုင်ငံတကာ၌ ပုံရိပ်ဆိုးများအဖြစ် နားလည်မှုလွဲမှားစေရေး ပုံဖော်နေလျက်ရှိခြင်းကို လည်း သတိပြုကြရန်လိုအပ်ပြီး ထုတ်ပြန်ပေးထား သည့် Rule of Engagement (ROE) နှင့် Counter Insurgency Operation (CIO) တို့ကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တိကျစွာ လိုက်နာကြရန် လိုကြောင်း။
တပ်ပြင်စည်းရုံးရေးကို အလေးထားဆောင်ရွက်
ထို့အပြင် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်၍ တစ်ဖက် ကလည်း တပ်ပြင်စည်းရုံးရေးကို တိုးမြှင့်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ သဘာဝဘေး အန္တရာယ်များ ကျရောက်ချိန်တွင် ကူညီထောက်ပံ့ ပေးခြင်းများသည် လက်တွေ့ပါသည့် စည်းရုံးရေးကို ဆောင်ရွက်နေခြင်းကို နားလည်သဘောပေါက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့်ပြည်သူ တစ်သား တည်းဖြစ်အောင် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် တပ်ပြင် စည်းရုံးရေးကို အလေးထားဆောင်ရွက်ကြရန် လိုကြောင်း။
စည်းကမ်းကောင်းမွန်ရေး
စစ်သည်တော်ကောင်းတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ရာတွင် တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်၊ တပ်မတော်၏အစဉ်အလာကို အသက် ပေးစောင့်ထိန်းလိုသည့် စိတ်ဓာတ် စသည့်တပ်မတော် ၏ စိတ်ဓာတ်များကိုလည်း လေ့ကျင့်မွေးမြူထား ကြရန်လည်း လိုအပ်ကြောင်း၊ ယခုလို စိတ်ဓာတ်များ ရှိရန်၊ ခိုင်မာမြဲမြံနေရန် စစ်စည်းကမ်းသည် အဓိက ကျောရိုးမဏ္ဍိုင်ပင်ဖြစ်ကြောင်း၊ တပ်မတော်သားများ သည် စစ်ဘက်ဥပဒေများအပြင် နယ်ဘက်ဥပဒေများ ကိုပါ စောင့်ထိန်းလိုက်နာကြရသည့်သူများဖြစ်၍ တားမြစ်ချက်၊ တိုက်တွန်းချက်များကို သိရှိလိုက်နာ ပြီး တိကျစွာ မိမိကိုယ်တိုင်နှင့် မိမိအဖွဲ့အစည်းပါ လိုက်နာကြရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးစုတစ်စု၊ အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက် အောင်မြင်ရန်အတွက် အခြေခံအကျဆုံးသည် စည်းကမ်းကောင်းမွန်ရေးပင်ဖြစ်ကြောင်း။
ယနေ့ခေတ်မီဖွံ့ဖြိုးပြီး နိုင်ငံကြီးများကိုကြည့် လျှင် အခြေခံအားဖြင့် ပြည်သူအများစုသည် စည်းကမ်း၊ စိတ်ဓာတ်ကောင်းမွန်ကြံ့ခိုင်ကြသူများ ဖြစ်ကြသည်ကို တွေ့မြင်ကြရကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းမှအစ မိမိပါဝင်သည့် အဖွဲ့အစည်းကို လည်း စည်းကမ်းစိတ်ဓာတ် ပြည့်ဝကြံ့ခိုင်ကောင်းမွန် အောင် ကြိုးပမ်းတည်ဆောက်ကြခြင်းဖြင့် အမိ နိုင်ငံတော်ကြီး အမြန်ဆုံးခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
သစ္စာစောင့်သိမှုသည် ပို၍အရေးကြီး
သစ္စာစောင့်သိမှုတရားသည် တပ်မတော်အား (၁၀)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်ကြောင်း၊ အမိန့် နာခံတတ်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ စည်းကမ်းကောင်းမွန် မှုများနှင့် ပြည့်စုံနေမည်ဆိုလျှင် မိမိတပ်ရင်း၊ တပ်ဖွဲ့၊ တပ်မတော်နှင့် ပြည်သူလူထုအပေါ်၊ နိုင်ငံတော်အပေါ် တွင် သစ္စာစောင့်သိနေခြင်းပင်ဖြစ်၍ မိမိအဖွဲ့အစည်း နှင့် သေအတူရှင်မကွာ အတူတကွ လက်တွဲတာဝန် ထမ်းဆောင်နေကြသည့် ရဲဘော် ရဲဘက်များ အပေါ်တွင် ထားရှိရမည့် သစ္စာစောင့်သိမှုသည် ပို၍ အရေးကြီးကြောင်း။
တပ်မတော်နှင့် နိုင်ငံတော်အပေါ် သစ္စာ ဖောက်ဖျက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်လွှဲဆန့်ကျင်ရမည်ဖြစ်ကြောင်း၊ အမိနိုင်ငံတော် ကြီးကို တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင်၊ တိုင်းရင်း သား ညီအစ်ကိုမောင်နှမများ ရင်းနှီးချစ်ခင် စည်းလုံး ညီညွတ်မှုရရှိအောင်၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက် အောင် မြတ်နိုးတန်ဖိုးထားပြီး ဝိုင်းဝန်းကြံဆောင် ကြခြင်းဖြင့် သစ္စာစောင့်သိမှုကို ပြသကြရမည် ဖြစ်ကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲဘော်တို့ သည်လည်း တပ်မတော်၏ ကောင်းမြတ်သည့် အစဉ် အလာကောင်းများကို ထိန်းသိမ်းပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကျရာအခန်းကဏ္ဍ ကနေ စွမ်းစွမ်းတမံ ထမ်းဆောင်သွားကြပြီး တပ်မတော်က ယုံကြည်အားထားဂုဏ်ယူရသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် သူနာပြုနှင့် ဆေးဘက်ပညာ ကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားတည်ဆောက် သွားကြရန်လိုကြောင်း။
သူနာပြုစိတ်ဓာတ်ပြည့်ဝပြီး ကိုယ်ကျင့်သိက္ခာ နှင့် ပြည့်စုံသည့်သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူ များနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူ များဖြစ်အောင် ဆက်လက်လေ့ကျင့် ဖြည့်ဆည်းသွား ကြရန်၊တပ်မတော်သား မိသားစုဝင်များကိုသာမက ပြည်သူလူထုတစ်ရပ်လုံးကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် သူနာပြုများ ခံယူကျင့်သုံးအပ်သည့် အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက် နှင့်အညီ စောင့်ထိန်းလိုက်နာသွားကြရန်၊ နိုင်ငံရေး အရ ထိုးနှက်တိုက်ခိုက်မှုများကို ဆင်ခြင်သုံးသပ်ပြီး တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို မြဲမြံ ခိုင်မာအောင် တည်ဆောက်သွားကြရန်၊ စိန်ရတု ဆေးတပ်ဖွဲ့နေ့တိုင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ ကောင်းမြတ်သည့် သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်း သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး သရေစည်သူ စိုးဝင်း သည် ကျောင်းဆင်းတပ်ခွဲ များ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်း အနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆု ရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်းဆင်း သူနာပြုများ၊ ညစာစားပွဲတက်ရောက် လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တပ်မတော်သူနာပြု နှင့်ဆေးဘက်ပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးမှုတ်မှုကို ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေ များ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် သင်တန်းဆင်းသူနာပြုများများနှင့်အတူ သဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေ တင်ဆက် မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်