
နေပြည်တော် မတ် ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ရှိ တပ်နယ်ခန်းမ၌ ကလောတပ်နယ်မှ အရာရှိ/စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး အောင်ဇော်အေး၊ စစ်ဦးစီးအရာရှိ ချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ် ဇော်ဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီး များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြ သည်။
စုပေါင်းစွမ်းအားဖြင့် ဖြတ်ကျော်နိုင်ခဲ့
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ်ကာလ ၁ နှစ် ကျော်အတွင်း တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုအမျိုးမျိုးနှင့် အခက်အခဲ အမျိုးမျိုးတို့ကို တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ၊ သစ္စာရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စုပေါင်းစွမ်းအားဖြင့် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြောင်း၊ နိုင်ငံကြီး အချို့နှင့် ပြည်တွင်းအကြမ်းဖက်အဖွဲ့များ ပူးပေါင်း ကာ တည်ဆဲအစိုးရ အချိန်တိုအတွင်းပြုတ်ကျစေရန် နိုင်ငံရေး၊ စီးပွားရေးကို ပိတ်ဆို့သည့် နည်းလမ်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်၍ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်စေခြင်း၊ အစိုးရ ယန္တရားရပ်တန့်စေရန် ဝန်ထမ်းများအား CDM လှုပ်ရှားမှုများ ပြုလုပ်စေခြင်း၊ ဘဏ်စနစ်ပြိုလဲ၍ ငွေကြေးကမောက်ကမ ဖြစ်စေရန် ဖန်တီးခြင်း၊ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှု ရပ်တန့် ပြတ်တောက်စေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခြင်း အပါအဝင် လက်နက်ဖြင့် ဆူပူအကြမ်းဖက်မှုမှ တစ်ဆင့် အလုံးစုံပျက်သုဉ်းရေးတို့ကို ဦးတည် ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ အန္တရာယ်အမျိုးမျိုးတို့ကို နိုင်ငံတော်အစိုးရအနေဖြင့် စည်းလုံးညီညာအောင်ကြောင်းဖြာဆိုသည့်အတိုင်း တည်ငြိမ်အေးချမ်းမှုကို လိုလားတောင့်တကြသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ဖြတ်ကျော်ခဲ့ပါ ကြောင်း၊ ရှေ့ဆက်လက်ပြီးလည်း စုပေါင်းအားဖြင့် အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းကျော်လွှားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဒို့တာဝန်အရေးသုံးပါးကို အခိုင်အမာ ရပ်တည်၍ နိုင်ငံ၏ အချုပ်အခြာအာဏာကို မထိပါး စေဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လွတ်လပ်၍တက်ကြွ သည့် ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒ၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဖြင့် ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း။
ဝါဒဖြန့်မှုများ လုပ်ဆောင်လျက်ရှိ
တစ်ဖက်တွင်လည်း တပ်မတော်ပြိုကွဲစေရန် နည်းမျိုးစုံအသုံးပြု၍ လုပ်ဆောင်လာပြီး တပ်မတော် အတွင်း ပြဿနာအမျိုးမျိုး ချိုးဖောက်ကျူးလွန်ကာ အရေးယူခံရမည်ကိုကြောက်ရွံ့၍ စစ်ပြေးမှု ကျူးလွန် သူ အရာရှိ၊စစ်သည်များကို ဒီမိုကရေစီသူရဲကောင်း အဖြစ် မြှောက်ပင့်၍ မီဒီယာနည်းလမ်းဖြင့် တပ်မတော်အတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲနေသည့် အခြေအနေ၊ စစ်ဆင်ရေးရှုံးနိမ့်နေသည့် အခြေအနေ စသည်ဖြင့် တပ်မတော်ပြိုကွဲရေး စည်းလုံးညီညွတ်မှု ပြိုကွဲရေးကို ဦးတည်လျက် ဝါဒဖြန့်မှုများ လုပ် ဆောင်လျက်ရှိကြောင်း၊ ထို့ပြင် အကြမ်းဖက်အဖွဲ့ များအနေဖြင့် နယ်မြေအလိုက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ရန် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်၍ စစ်ရေးအရ ဖိအားပေးခြိမ်းခြောက်ရန် ကြိုးစားလာကြောင်း၊ ၎င်းတို့၏ အဓိကရည်ရွယ်ချက် သည် တပ်မတော်ပြိုကွဲရေးပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက်သူများ၏ သွေးခွဲမှုများ ရှိစေကာမူ တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုမှာ ခိုင်မြဲလျက်ရှိပြီး “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံး မည်”ဟူသော ဆောင်ပုဒ်နှင့်အညီ ကျစ်လျစ်သော စည်းလုံးညီညွတ်မှုဖြင့် ရပ်တည်လျက်ရှိကြောင်း၊ အူမတောင့်မှ သီလစောင့်မည်ဖြစ်ရာ တပ်မတော်သား များနှင့် မိသားစုဝင်များ၏ စားရေး၊ နေရေး၊ ဝတ်ရေး၊ သွားလာရေး၊ ကျန်းမာရေး၊ ပညာရေးတို့ အဆင်ပြေ ချောမွေ့စေရန် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် ဝတ္တရားအရ၊ တာဝန်အရ ကြိုးစားဖြည့်ဆည်းဆောင် ရွက်ပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တပ်မတော်သားများအနေဖြင့် လုပ်ငန်းတာဝန်ကို စိတ်လက်အေးချမ်းစွာဖြင့် နိုင်ငံ့အရေးကို အပြည့်အဝ အကောင်အထည်ဖော် ထမ်းဆောင်နိုင်မည်ဖြစ် ကြောင်း။
ညှိနှိုင်းဖြေရှင်းပေး
ဆက်လက်၍ တပ်မတော်သားများ၏ အဓိက တာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ပင်ဖြစ်ရာ ထိုသို့ အမြဲတမ်း အင်တိုက်အားတိုက် ဆောင်ရွက်နိုင် ရန်မှာလည်း ကျန်းမာကြံ့ခိုင်မှုရှိမှသာ ပေးအပ်သည့် တာဝန်ကို ရာနှုန်းပြည့် ကျေပွန်စွာ ထမ်းဆောင်နိုင် မည်ဖြစ်၍ အရာရှိ၊ စစ်သည်များ အပါအဝင် မိသားစု များအားလုံး ကျန်းမာကြံ့ခိုင်အောင် တပ်မတော် ဆေးတပ်ဖွဲ့ဝင်များမှ တပ်နယ်အလိုက် အသိပညာပေး ဟောပြောမှု၊ ဆေးစစ်ပေးမှုတို့ကိုလည်း အပြည့်အဝ လိုက်နာကြရန် လိုအပ်သလို တပ်ဌာနချုပ် လုံခြုံရေး ကိုလည်း မလစ်လပ်စေဘဲ ကျေပွန်စွာ တာဝန် ထမ်းဆောင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများ၏ တင်ပြချက်များကို တစ်ဦး ချင်း မေးမြန်း၍ လိုအပ်သည်များကို ချက်ချင်းညှိနှိုင်း ဖြေရှင်းပေးသည်။
စားသောက်ဖွယ်ရာများပေးအပ်
ထို့နောက် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးက အားကစားပစ္စည်းများကို လည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်