
နေပြည်တော် ဇူလိုင် ၁၈
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံ များ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ ဆောင်ရွက် ပေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့ လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ ပေးအပ်လှူဒါန်းလျက် ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေးကျောင်းများ၊ စာသင် ကျောင်းများနှင့် ဒေသခံပြည်သူ လူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ နှင့် တာဝန်ရှိသူများက အောက်ဆီဂျင်အိုး ၉၉၁ လုံး၊ ပါးစပ်၊ နှာခေါင်း စည်း ၃၀၈၃၆၂ ခု၊ Personal Protective Equip-ment (PPE) ဝတ်စုံ ၉၆၀ ၊ လက်သန့်ဆေးရည် ၅၀၉ ဘူး၊ မျက်နှာဖုံးအကာ ၁၅၀၊ လက်ဆေး ဆပ်ပြာရည် လေးပုံး၊ လက်အိတ် Surgical Gloves ၈၀၀၊ ခေါင်းစွပ် ၅၀၀၊ စက်သုံးဆီများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို သွားရောက်ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
အလားတူ တပ်မတော်က ဆောင်ရွက်ပေးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စေတနာရှင် အလှူရှင်များက လည်း သက်ဆိုင်ရာ နယ်မြေများအလိုက် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ၊ X- Ray စက်များ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်အသီးသီးသို့ လာရောက်လှူဒါန်းလျက်ရှိရာ တာဝန်ရှိသူများက လက်ခံယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်