တပို့တွဲလ

Type

 

မောင်လူမွှေး (မြန်မာမှု)

မြန်မာ့ပြက္ခဒိန်    ဆယ့်နှစ်လရာသီများ  အရေးအသားတွင်  ဆယ့်တစ်လမြောက် ဖြစ်သော  တပို့တွဲလကို  ရှေးပုဂံခေတ်က   “တပိုဝ်”  (ပုဂံပြတိုက် ကျောက်စာတိုင် အမှတ်-၁၂၆၊ သက္ကရာဇ်-၅၀၀ ကျော်)၊  တပိုဝ်ထွယ်လ   (ဟန်လင်းကျောက်စာရုံ အမှတ်-၃-သက္ကရာဇ်-၅၇၉)၊      တပိုဝ်ထွယ်လ       (ငါတသင်ကျောက်စာ-သက္ကရာဇ် ၅၈၇)၊  တပိုဝ္အ်ထွယ်လ (သိခင်မြင်းခုန်တိုင်  ကျောက်စာ-သက္ကရာဇ်- ၅၉၁)  စသည်ဖြင့်  ရေးသားလာကြရာ နောက်ပစ် -  “ဲ”  နေရာတွင် - “ယ်”  သတ်ဖြင့်  တပိုဝ်ထွယ်၊  တပိုဝ္အ်ထွယ်   စသဖြင့်    မတည်ငြိမ်သေးသော  အရေးအသားကို  တွေ့ရလေသည်။ မြန်မာ အက္ခရာဗေဒပညာရှင်  ဝဋံသကာ  ဆရာကြီးဦးသောင်းလွင်က နောက်ပစ် - “ဲ” နှင့် ယသတ် - “ယ်”၊ “ -ု” နှင့်  “ေ-ာ”၊   ဥ နှင့် အော  အသဝဏ်ပြုမှုများသည် ရာစုနှစ်များဖြတ်သန်းခဲ့ရသည်ဟု       ညွှန်းဆိုထားလေသည်။    မည်သို့ဆိုစေ ကုန်းဘောင်ခေတ်ရောက်သောအခါ  တပို့တွဲ (ဂေါတမဂူ ကျောက်စာ သက္ကရာဇ်-၁၁၉ ခု)၊  တပို့တွဲလပြည့် (ပုဂံရွှေစည်းခုံ ကျောက်စာနောက်ထိုး-၁၁၁၉)  ဟု ယနေ့ခေတ် အရေးအသားမျိုးကဲ့သို့ ရေးလာကြပေပြီ။

ရှေးရေးထုံးနှင့် မြန်မာဝေါဟာရများ
တစ်ဖန်  “တပို့တွဲ”  တွင်လည်း  အစ တွင် “ထ”  အက္ခရာကိုသာ အဆက်ဆက် သုံးလာသည်ကို  တွေ့ရသည်။  ထွယ်မှ.. ထွဲ.. တွဲ သို့ အဆင့်ဆင့်ပြောင်းလဲခြင်းမှာ ယသတ် -ယ်  နှင့် နောက်ပစ်  “ဲ”  တို့ သည် သဒ္ဒါကာရန်ပိုင်းဆိုင်ရာ၊ သဒ္ဒဗေဒ ဆိုင်ရာဖြစ်၍    ဆရာကြီးဦးဖိုးလတ်က အကျယ်တဝင့် ဝေဖန်မှုမပြုခဲ့သော်လည်း  တပို့တွဲမှ  “ထ”  အက္ခရာကိုမူ   ဝေါဟာရ ဗေဒ   ဘာသာဗေဒအရ   ရှေးရေးထုံးနှင့် မြန်မာဝေါဟာရများကို        ကြံဆ၍ အဓိပ္ပာယ်      ဖွင့်ဆိုတော်မူကြကုန်သော ဒုတိယကျော်အောင်စံထား  ဆရာတော် ၏        ဝေါဟာရတ္ထပကာသနီကျမ်း (သက္ကရာဇ် - ၁၀၈၀ - ၁၁၅၅      ခန့်)၊ လှေသင်းအတွင်းဝန် ဦးချိန်၏ ဝေါဟာရ လီနတ္ထဒီပနီ    (သက္ကရာဇ်-၁၁၅၈-၁၂၁၇)ကျမ်းတို့၏ အဓိပ္ပာယ်ယူဆချက်များကို သုံးသပ်၍လည်းကောင်း၊ တရုတ် တိဗက်     ပါဠိ  အာရိယန်ဘာသာဝင်စကားတို့နှင့် လည်းကောင်း၊ မြန်မာတိုင်းရင်းမျိုးနွယ် စုများဖြစ်ကြသော  ကချင်  ကရင်  ချင်း မွန် ရှမ်း စသည့် လူမျိုးစုတို့၏   “အချို”   ဟော “ထန်”  ဝေါဟာရကိုကြံဆ၍  ၎င်း အောက်ပါအတိုင်း      ကောက်ချက်ချ အဘိဓာန်ပုဒ်ကို ဖွင့်ဆိုထားလေသည်။ 
တပို့တွဲ     (ကျောက်စာ-တပို့ထွဲ) ထန်းဖူးထန်းခိုင်တံတို့အား   အောက်သို့ ကိုင်းညွှတ်ဆွဲဆိုင်းအောင်      တွဲအောင် ပြုသည်၊    ထန်းရည်နင်းသည်။    ထန်းဖူး ထန်းခိုင်တံတို့အား       အောက်သို့ ကိုင်းညွှတ်ဆွဲဆိုင်းအောင်      တွဲအောင် ပြုသော  လ၊  ထန်းရည်နင်းလ၊   မြန်မာ့ တစ်ဆယ့်နှစ်လတို့တွင်         တစ်ဆယ့် တစ်လမြောက်လ၊      ကုံရာသီ။   (တပို့= ထန်းဖူး၊ ထန်းခိုင်တံ+တွဲ=တွဲစေသည်။ တ-တန်း-ပါဠိ၊ တာလ=ထန်း+ပို့=ချွန်၊ မို့၊ ဖု၊ လုံး)
ဤသို့ဆရာကြီး ဦးဖိုးလတ်၏အဆို ကို ဦးစွာပြခြင်းမှာ     ဝေါဟာရတ္ထပကာ သနီကျမ်းအရ- လယ်ယာလုပ်သားကြီး များသည် လုပ်ခင်းကိုင်ယာပြီး၍ ထမ်းပိုး များကို      ဆွဲထားလေ့ရှိသောကြောင့် “တပို့တွဲလ”  ဟု ခေါ်ကြောင်း ဖွင့်ဆိုထား ခြင်းနှင့်      ဝေါဟာရလီနတ္ထဒီပနီကျမ်း အရ-ကုမ်ရာသီကိုစွဲ၍   အမရကောသ အဘိဓာန်ပါ=တပါ ပူပန်ရာ ဖြစ်သောလ၊ အယံ=  ဤတပါ  သဒ္ဒါသည်၊    မာဃေ= တပို့တွဲလ၌၊ ဘဝတိ=ဖြစ်၏။ စသည်ဖြင့် ပါဠိဝိဂြိုဟ်ပြု၍  တပို့တွဲဟု  အဆင့်ဆင့် ပြောင်းလဲလာကြောင်း     အဓိပ္ပာယ်မှာ “ပူသောလ” ဖြစ်သည်ဟု ဖွင့်ဆိုထားခြင်း တို့ကို ဝေဖန်ကန့်မြစ်ထားလေသည်။
ဆိုလိုရင်းတွင်    ကျော်အောင်စံထား ဆရာတော်၏အယူမှာ    မြန်မာဆန်ဆန် တွေး၍ လှေအသင်းအတွင်းဝန်၏ အယူ မှာ ပါဠိဆန်ဆန်တွေး၍   ယူဆထားလေ သည်။ ဤ၌ ဝေါဟာရ ဆင်းသက်လာပုံ ဇာစ်မြစ်(Derivation)၊ ဝေါဟာရဇာစ်မြစ် လေ့လာသူ(Etymologist)၊  ဝေါဟာရ ဗေဒ(Etymon)  သုတေသီများအတွက် ဆရာကြီးဦးဖိုးလတ်၏ ဝေါဟာရဖြစ်နိုင် ရာ နယ်ပယ်ကို (Philology)၊  သဒ္ဒဗေဒ (Phonetics)၊ ဘာသာဗေဒ (Linguistics)များဖြင့်       မည်သို့မည်ပုံယူဆ၍ ကောက်ချက်ချပုံကို     တပို့တွဲလဖွင့်ဆို ချက်နှင့်အတူ ဗဟုသုတဖြစ် တင်ပြခြင်း ဖြစ်ပါသည်။
မီးဖုန်းပွဲတော်
တပို့တွဲလ၏         ပွဲတော်တစ်ခုမှာ “မီးဖုန်းပွဲတော်”  ဖြစ်သည်။   ရှေးမြန်မာ ဘုရင်များကိုယ်တိုင်ဦးစီး၍     ခမ်းခမ်း နားနား    ကျင်းပပြုလုပ်ကြကြောင်းကို အင်ရုံဝန်ကြီးရေးသားသော     လောက ဗျူဟာကျမ်း   ကုန်းဘောင်ဆက်  မဟာ ရာဇဝင်ကြီး   တတိယတွဲတွင်    အကျယ် တဝင့် တွေ့နိုင်သည်။ 
တပို့တွဲ၊       တပေါင်းလများတွင် အလွန်ချမ်းအေးသော   ရက်ကာလများ ရှိပေသည်။  ထိုကို  မန်လည်ဆရာတော် ဘုရား၏ မဃဒေဝလင်္ကာသစ်တွင်-
“ပြာသိုတပို့တွဲး၊      စိုရွှဲးငွေနှင်း၊ သုတ်လေညှင်းနှင့်၊    ယင်းနှစ်လကြား၊ ရှစ်ရက်အားဖြင့်၊       တပါးထိုမျှို့၊  တပို့ တပေါင်း၊ ရှေးနှောင်းအညီ၊ လေးရက်စီ လည်း၊  ပထဏီမှတ်၊ အန္တရဠ်ဟု၊ ပညတ် နာမ၊      ကြားရှစ်ညနှိုက်၊       တောက်ပ လင်းဟုန်၊  တက်အရုဏ်ဝယ်၊  ခိုက်တုန် လွန်ကဲး၊   ဧးစမြဲးတည့်”   (မူရင်းသတ်ပုံ အတိုင်း) ဟု ဆိုထားသည်။
နက္ခတ်အလိုအားဖြင့်  တပို့တွဲလဟု ခေါ်သော  မာဃနက္ခတ်သည်  တပို့တွဲ လပြည့်နေ့၌ ကုန်ဆုံး၏။ ဖဂ္ဂုဏီနက္ခတ် ခေါ်   တပေါင်းလသည်  တပို့တွဲလပြည့် ကျော် တစ်ရက်နေ့တွင် စတင်ဆန်း၏။ သို့ဖြစ်၍ မာဃနက္ခတ်နှင့် ဖဂ္ဂုဏီနက္ခတ် တို့ အကူးအပြောင်း ဟိုဘက် သည်ဘက် လေးရက်စီပါသော     ကြားရှစ်ရက်ကို အန္တရဋ္ဌကဟု ဆိုသည်။ ယနေ့အသုံးပြု နေသော     မြန်မာပြက္ခဒိန်တွင်     တပို့တွဲ လဆန်း    ၁၂  ရက်နေ့မှသည်   တပို့တွဲ လပြည့်ကျော် ၄ ရက်နေ့အထိ ရက်ပေါင်း ရှစ်ရက်သည်သာ    အန္တရဋ္ဌကရက်များ ဖြစ်သည်ဟု ယူဆကြပေသည်။
ဤအကျယ်ကိုသိလိုမူ မဟာဗုဒ္ဓဝင် ဒုတိယတွဲ(စာ-၅၆၄)၊ ဥတုဘောဇနသင်္ဂဟ ကျမ်းတို့တွင်     အအေးဆုံးအန္တရဋ္ဌက ရက်များ စိစစ်ချက်ကို သိနိုင်ပေသည်။
ထိုချမ်းအေးသောကာလ   မီးဖုန်းပွဲ သည် ပုဂံခေတ်ကပင်လျှင် ရှိခဲ့ကြောင်းကို
“…မီဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်ရိယ် သွန်း၊ မပြတ်စိယ်လျင် တည်၏။..”  (ပုဂံ မြို့ စောလှဝန်းကျောက်စာ၊  သက္ကရာဇ်- ၆၅၃) အရ သိရပါသည်။
 “…ပူဇော်ရွှင်ပြုံး၊     ပွဲမဆုံးလျှင်၊ မီးပုံးသဘင်၊        သူကြီးယင်သည်…” (ဆည်သည်ရွာစား        ဦးအောင်ကြီး၊ ညောင်းရမ်းခေတ်နောက်ပိုင်း) 
“…သုံးလူ့ချာကို၊     ရှိန်ဝါရောင်ညီး၊ မီးပုံးပူဇော်၊ လှူတော်မူမြဲ၊ ရာသီပွဲဟု…” (ဦးယာ၏တပို့တွဲဘွဲ့လူးတား)     စသည် တို့၌      မီးဖုန်းပွဲအကြောင်းအရာများကို 
တပို့တွဲလဘွဲ့      စာပေများတွင်     တွေ့ရ ပါသည်။   လောကဗျူဟာ   အင်ရုံစာတန်း၊ ကုန်းဘောင်ဆက်       မဟာရာဇဝင်တော် ကြီး   တတိယတွဲတို့တွင်    အကျယ်တဝင့် တွေ့နိုင်ပေသည်။     ယနေ့တိုင်လည်း အညာဒေသ၊    ရှမ်းပြည်ဒေသ   တစ်ဝိုက် တို့တွင်      ပြုလုပ်နေကြဆဲဖြစ်သည်။ စာရေးသူသည် ရှမ်းပြည်နယ် လားရှိုးမြို့ မန်ဆူရှမ်းကျောင်း၌  ၂၀၁၅ တပို့တွဲလ တွင် ကြုံခဲ့ဖူးသည်။  တပို့တွဲလ၏ တခြား ပွဲတော်တစ်ခုမှာ ယာဂုပွဲဖြစ်သည်။ 
ယာဂုပွဲ
“…ခါရတုသိသီကို၊     ကြယ်မာဃီ ချိန်ဝှဲ၊ မြတ်လှူဒါယာဂုပွဲနှင့်၊ ပေါက်လဲ ပွင့်ထိန်လျှံ၊  ဖူးရက်ရည်  ကြွေဝတ်ကို၊ ခြွေဆွတ်ကြငှက်ညီလာခံ…” (တိုင်းတား မြို့သူကြီး ဦးဖက်)
ဤတပို့တွဲလဘွဲ့တွင် ယာဂုပွဲ ဆင်နွှဲ ပုံကို ရေးထားသည်ကို တွေ့ရပေသည်။ ယာဂုနှင့်ထမနဲ      မကွဲမပြား     ရေးသား ကြသည်ကိုလည်း       တွေ့ရပါသည်။  ဦးပုည၏ လှေအလှူခံမေတ္တာစာ၌ -
“… ယာဂုထမနဲ     အိုးကြီးကွဲကာမှ စွန့်ကြဲသည့်ဒါနလည်း နိပ္ဖလ မဆိုသာ…”
 ယာဂုနှင့်ထမနဲအဆိုသာ   ကွဲသည် ဟု ဆိုထုံးပြုထားသည်ကို တွေ့ရသည်။ ယာဂုကို       ဒဂုန်ဦးထွန်းမြင့်    ပါဠိသက် ဝေါဟာရအဘိဓာန်တွင် ဆန်ကို နို့ရေတို့ ဖြင့်    ကျိုချက်ထားသည့်    သောက်ဖွယ် တစ်မျိုးဟု ပထမဖွင့်ဆို၍ ဒုတိယအနေ နှင့် ထမနဲဟု ဖွင့်ဆိုသည်။
ဦးတိုး၏ ရာမရကန်တွင်  ယာဂုနှင့် ထမနဲ  အခေါ်သာကွဲကြသည်၊  ထမနဲ့နှင့် ယာဂုဟု     ရေးထားလေသည်။    ယာဂု ဆန်ပြုတ်မှာ    သိသာသည်။    “ထမနဲ”၊ “နှမ်းမနဲ” သည်  ပျော့အိပျင်းတွဲသော အစာအဟာရတစ်မျိုးဖြစ်သည်။ အဘယ် ကြောင့်တွဲ၍ ရှေးပုဂ္ဂိုလ်များဖွဲ့ဆိုကြပါ သနည်းဟု စောကြောမိသည်။ တိပိဋက ပါဠိ-မြန်မာအဘိဓာန်တွင် ယာဂုအဖွင့်ကို ဆန်ပြုတ်၊ (က) သောက်အပ်သောယာဂု၊ (ခ) စားအပ်သောခပ်ပျစ်ပျစ်ယာဂု၊ (ဂ) နှမ်းဆန်ပဲ သုံးမျိုးရော၍ ပြုလုပ်အပ်သော တေကဋုလယာဂု
-    ရေအနည်းငယ်နှင့်      ဆန်ထည့်၍ ချက်အပ်သော အန္နထမင်း=ထမင်း ပျော့၊ 
-    ဆန်တစ်ဆ ရေလေးဆဖြင့် ကျိုချက် အပ်မူ ဝိလေပိ=ထမင်းပျော့။
-    ဆန်တစ်ဆ  ရေတစ်ဆယ့်လေးဆ ဖြင့်    ကျိုချက်အပ်မူ   မဏ္ဍ= ယာဂု ကြည်။
-    ဆန်တစ်ဆ ရေတစ်ဆယ့်ရှစ်ဆဖြင့် ကျိုချက်အပ်မူ  ယူသ= ဆန်ပြုတ် ရေကျဲ
ဟု   ဖွင့်ဆိုထားရာ       ယနေ့ခေတ် ထမနဲသည်  ထမင်းပျော့တွင်အကျုံးဝင် နေလေသည်။ ထို့ကြောင့် ရှေးမြန်မာကြီး များသည် ထမနဲနှင့် ယာဂုကို တတွဲထဲပင် အနက်ဖွဲ့ဆိုခဲ့ကြခြင်း     ဖြစ်သည်ကို လေ့လာတွေ့ရှိရလေသည်။
အင်္ဂလိပ် - မြန်မာ      အဘိဓာန်တွင်မူ ထမနဲက    သပ်သပ်၊   ယာဂုကသပ်သပ် ဖွင့်ဆိုထားသည်ကို     တွေ့ရပါသည်။ ထိုယာဂုပွဲကို လောကဗျူစာကျမ်း၌-
“တပို့တွဲလတွင် ကျီဝန်က ယာဂုအိုး ၁၀၀၀ နှင့် ထင်းစင် ၁၀၀၀ မီးမယ်ပျူး ၁၀၀၀ ကို သွေးသောက်စုမြင်းတော်သည် ရွှေပန်းပန်တို့ ကြပ်မတ်၍ လှူမြဲကျောင်း ဘုရားမှာ      တင်လှူသည်”    ဟူသော ရေးသားချက်ကို တွေ့ရသည်။ 
ဤယာဂုအိုးဆိုရာ၌ ယနေ့ဆန်ပြုတ် သဘောမျိုး  အိုး  ၁၀၀၀   တော့   မဖြစ် တန်ရာကို သတိမူရာ၏။ စဉ်းစားနိုင်ရာ ၏။ ထမနဲယာဂုသာလျှင်  ဖြစ်ပေမည်။ အဘိဓာန်ဖွင့်ဆိုချက်အတိုင်း  သောက် အပ်သောယာဂု      (ဆန်ပြုတ်ရည်ကြဲ)၊ စားအပ်သောယာဂု(ထမနဲ)  ဟု   ဖွင့်ဆို ချက်ကို သတိမူရာ၏၊ 
ဩဝါဒပါတိမောက် အခါတော်နေ့
တပို့တွဲလ၏ အခြားထူးခြားသော အရာမှာ “ဩဝါဒပါတိမောက်” အခါတော် နေ့    ဖြစ်ပါသည်။    ဗုဒ္ဓဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး ခုနစ်လအကြာတွင် “ဩဝါဒ ပါတိမောက်”  ကို  ဟောတော် မူ၏။   ထိုနေ့သည်   တပို့တွဲလပြည့်နေ့ ဖြစ်သည်။   ဗုဒ္ဓသည်ဝါတော်  ၂၀   ထိ မည်သည်ကို   မလုပ်ရ၊   မပြောရ၊   မနေ ထိုင်ရ   စသည့်     စည်းကမ်း    (ယနေ့   ရဟန်းတော်များ     စောင့်ထိန်းရသည့် ဝိနည်းတော်များ)ကို ပညတ်မှုမပြုသေး ပေ။       ထိုစည်းကမ်းဝိနည်းကို   အာဏ ပါတိမောက် ဟုခေါ်၏။ 
ဗုဒ္ဓဘုရားရှင်သည် မဟာသက္ကရာဇ်- ၁၀၃  ခု  ကဆုန်လပြည့်နေ့တွင် ဘုရား ဖြစ်တော်မူပြီး ထိုနှစ် တပို့တွဲလပြည့်နေ့ တွင်   ဩဝါဒပါတိမောက်ကို   ပေးတော် (ဟောတော်) မူလေသည်။ 
ထိုကြားကာလ ပဉ္စဝဂ္ဂီ-၅ ဦး၊ ရှင်ယသ နှင့်    ယောင်းရင်း- ၆  ကျိပ်၊    ဘဒ္ဒဝဂ္ဂီ ညီနောင်-    ၃  ကျိပ် -  ရသေ့ညီနောင်ရှင် တစ်ထောင်၊ ပရိဗိုဇ်ပေါင်း နှစ်ရာ့ငါးဆယ် (ရှင်သာရိပုတ္တရာ၊           ရှင်မောဂ္ဂလန်နှင့် နောက်လိုက် နှစ်ရာ့ငါးဆယ်) စုစုပေါင်း ရဟန်းတော်    ၁၂၅၀    တို့အလယ်တွင် “ခန္တီပရမံ တပေါ တိတိက္ခာ…အစချီသော ဩဝါဒပါတိမောက်  သုံးပိုဒ်ကို ဟောကြား လေသည်။
မြန်မာပြည်အနှံ့   ဘုရား၊   စေတီ၊ သာသနိက      အဆောက်အဦများတွင် ဩဝါဒပါတိမောက်      ကျောက်စာဟု တွေ့မြင်ဖူးမြော်ကြရပါမည်။    ပိဋက သုံးပုံအနှစ်ချုပ်ဟု ဆရာတော်ကြီးများက လမ်းညွှန်၍ မင်္ဂလာဗျူဟာ အသင်းချုပ်၊ ပိဋကဗျူဟာအဖွဲ့တို့က    ကျောက်စာ တော်များကို    မြန်ပြည်အနှံ့    လှူဒါန်း ကြပါ၏။ မင်္ဂလာဗျူဟာအသင်းက  ၁၃၂၂ တပို့တွဲလပြည့်နေ့ (၃၀-၁-၁၉၆၁)နေ့မှ စတင်၍ နှိုးဆော်ပူဇော်မှု စတင်ခဲ့ပါ၏။
ယခုအခါတွင်  ဘာသာရေးအသင်းအဖွဲ့များကလည်းကောင်း၊ ပုဂ္ဂလိက အလှူရှင်များကလည်းကောင်း လှူဒါန်း ကြပါကုန်၏။ ထိုဩဝါဒ ကျောက်စာ အကျဉ်းချုပ်မှာ      “မကောင်းမှုရှောင်၊   ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား”  စာသားဖြစ်ပေသည်။ စိတ်ထားသို့ ကူးလူး ဆက်သွယ်  အကောင်အထည်ဖော်ရန်သာ အရေးကြီးပေသည်။ တပို့လပြည့်နေ့ ည ထွန်းပလစန္ဒာနှင့်    စိတ်နယ်ဆက်စပ် မှုများရှိနိုင်ကြပါစေဟု   တပို့တွဲ  လမြတ် ခါညီ      ပုဏ္ဏမီကို     ရေးသားတင်ပြအပ် ပါသည်။      ။