တပေါင်းလပြည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုပါသည်

Type

 

ဒေါက်တာစုစုဒွေး 
ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန
 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအများ ယုံကြည်အားထားသည့် တိုင်းရင်းဆေး ပညာ ဘက်စုံမြင့်မားတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနသည် တိုင်းရင်းဆေး ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ဘက်ပေါင်းစုံအရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းဆေးပညာသည် ပြည်သူလူထု ၏ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ရန် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့သော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် အမျိုးသားရေးဆေးပညာ တစ်ရပ်ဖြစ်ပါသည်။

တိုင်းရင်းဆေးပညာအဆင့်ဆင့်တိုးတက်ဖြစ်ထွန်းလာခဲ့
မြန်မာ့တိုင်းရင်းဆေးပညာသည် နှစ်ပေါင်းထောင်ချီ  ရှည်လျား ခဲ့သော တော်ဝင်ဆေးပညာဖြစ်ကြောင်း   သမိုင်းမှတ်တမ်းများအရ တကောင်းခေတ်၊ သရေခေတ္တရာခေတ်၊  ပုဂံခေတ်၊  အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ် စသည့်မြန်မာ ရှင်ဘုရင်များလက်ထက်က ချီးမြှင့်မြှောက်စားခံခဲ့ရသော တော်ဝင် ဆေးပညာအဖြစ် တည်ရှိခဲ့ပါသည်။ တိုင်းရင်းဆေးသမားတော်ကြီးများ၊ မှူးမတ်ပညာရှိကြီးများနှင့် ကျမ်းပြုသုတေသီများ၊  ရဟန်းပညာရှိ၊ လူပညာရှိကြီးများ၏ မှတ်တမ်းတင်ပြုစုပျိုးထောင်ခဲ့သည့် အကျိုး ကျေးဇူးများကြောင့် တိုင်းရင်းဆေးပညာ အဆင့်ဆင့်တိုးတက်ဖြစ်ထွန်း လာခဲ့ကြောင်း သမိုင်းအထောက်အထားများဖြင့် တွေ့မြင်ရရှိခဲ့ခြင်း ဖြစ်ပါသည်။
တပေါင်းလပြည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ခေတ် အဆက်ဆက် သမားတော်ကြီးများက အစဉ်အလာမပျက် ကျင်းပခဲ့ကြပါသည်။တပေါင်းလပြည့်နေ့သည် နေလနက္ခတ်တို့  တစ်ပြိုင်နက် တည်းကျရောက်ပြီး သက်ရှိလူသားများ နေကိုစတင် တွေ့ရှိရသော နေ့ဖြစ်သည့်အတွက်  နေနှင့်  လ အပူနှင့်အအေး  စတင်ဖြစ်တည် လာခြင်းကို မှတ်ယူခဲ့ကြသည်ဟု ကမ္ဘာဦးကျမ်းက ဆိုထားပါသည်။ ကမ္ဘာဦးကျမ်းဖြစ်သည့် အာဒိကပ္ပကျမ်းကြီးအဆိုအရ   နေကို စတင် တွေ့ရှိသဖြင့် အပူအအေးညီညွတ်မျှတပြီး မပူလွန်း မအေးလွန်းသော ကြောင့်   သက်ရှိသတ္တဝါများအပေါ်   ကျန်းမာရေးညီညွတ်မျှတမှု ဖြင့် စောင့်ရှောက်ပေးမှုကို ဖြစ်စေပါသည်။ ၎င်းအပြင် အပူ အအေး ဖောက်ပြန်ပြီး  ညီညွတ်မျှတမှုမရှိသည့်အခါ  ရောဂါဝေဒနာခံစား ရမှုများကို တွေ့ရှိရမှာလည်းဖြစ်ပါသည်။ ၎င်းဝေဒနာများ သက်သာပြီး လူသားတို့အတွက် ကျန်းမာရေးညီညွတ်မျှတသော နေ့ဖြစ်၍ တပေါင်း လပြည့်နေ့ကို မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ဟု ခေတ်အဆက် ဆက် အသိအမှတ်ပြုကျင်းပလာခြင်း ဖြစ်သည်ကို သိရှိမှတ်သားခဲ့ရ ပါသည်။
တပေါင်းလပြည့်နေ့တွင် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊  ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊ ရာဟု၊ ကိတ် ဂြိုဟ်ကြီး(၉)လုံးနှင့် အာဿဝတီ၊ ဘရဏီ၊ ကြတ္တိကာ စသော နက္ခတ်(၂၇)လုံး ကြယ်တာရာ နက္ခတ်များ ပြည့်စုံစွာ တပေါင်းတစုတည်း ထွက်ပေါ်တည်ရှိလာသော အချိန်အခါလည်း ဖြစ်ပါသည်။ (၁၂)လ ရာသီတွင်လည်း တပေါင်း လသည် လများ၏အကြီးအမှူးဖြစ်ကြောင်းကို “တပေါင်းသာ‌ခေါင် လများနောင်” ဟု အဆိုရှိခဲ့ကြောင်း သိရှိရပါသည်။ မြန်မာ့သမိုင်း မှတ်တမ်းများအရလည်း ရှေးခေတ်အဆက်ဆက်  ရဟန်းပညာရှိ၊ လူပညာရှိ တိုင်းရင်းဆေးသမားတော်များ ပေါ်ထွန်းခဲ့ပါသည်။ ရဟန်း ပညာရှိ၊ လူပညာရှိများထဲမှ  ထင်ရှားသောပညာရှင်ကြီးအချို့အား ကောက်နုတ်ဖော်ပြရလျှင် ပေထက်အက္ခရာတင် စာပေအထောက် အထားများအရ အင်းဝခေတ်တွင် ကန်တော်မင်းကျောင်းဆရာတော်၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်အဂ္ဂသမာဓိတို့၏ ထင်ရှား သော ရဟန်းပညာရှိများ ရေးသားခဲ့သည့် ပျို့၊ ကဗျာ၊ လင်္ကာများတွင် တိုင်းရင်းဆေးပညာ၊ ဆေးဝါး၊ ကုထုံးများကို တွေ့ရှိရမည်ဖြစ်ပါသည်။
နန်းတွင်းသမားတော်ဘွဲ့ချီးမြှင့်
တောင်ငူခေတ်တွင် တောင်ဖီလာဆရာတော်ကြီး၊ ညောင်ရမ်း ခေတ်တွင်   ရွှေဥမင်ဆရာတော်ကြီးနှင့်   နေရင်းဆရာတော်ကြီး၊ ကုန်းဘောင်ခေတ်တွင် နရသုခိဆရာကြီး၊ တောင်တွင်းကြီးဆရာတော် မကာရ‌လောပအကျော်   ခင်ကြီးဖျော်၊   သက်ပန်းဆရာတော်ကြီး၊ ခွေးဆောင်ဆေးကျမ်းပြုစုသည့် သမားတော်ကြီး ဦးမြတ်ထွန်းတို့မှာ ထင်ရှားသည့် တိုင်းရင်းဆေးသမားတော်ကြီးများ ဖြစ်ကြပါသည်။ ၎င်းအပြင် မောင်းထောင်သာသနာပိုင်ဆရာတော်ကြီး၊ နယငါးတွဲကို ရေးသားသည့် ဝန်စာရေးတော်ကြီး ဦးကောင်း၊ လင်္ကာရာမဆရာ တော်၊ ဘင်္ဂလားဆရာတော်၊ ယောအတွင်းဝန်ဦးဘိုးလှိုင်၊ နန်းတွင်း သမားတော်ကြီးများဖြစ်သည့် ဆရာမှုန့်၊ ဓာတ်ဆရာကြီးဦးပို၊ ဆရာ ကြီး ဦးစံဝင်း၊ ဦးနှောင်း၊ ဦးမှိုင်း၊ ဦးကဲ၊ ဦးစု၊ ဦးနက်၊ ဦးဖိတ်၊ ဦးတူ၊ ဦးခဲ၊ ဦးပေါတို့မှာ ထင်ရှားသည့်  ဘုရင့်သမားတော်များ   ဖြစ်ကြပါ သည်။ ၎င်းအပြင် နန်းတွင်းသမားတော်ကြီး ဆရာမှုန့်အား မင်းတုန်းမင်း တရားကြီးက “တိကိစ္ဆကဆေက ဘိသက္က ရာဇာ” ဟူသော နန်းတွင်း သမားတော်ဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရပါသည်။
နန်းတွင်းသမားတော်ကြီး ဆရာမှုန့်၏ တပည့်များထဲမှ ထင်ရှား ကျော်ကြားသည့် တိုင်းရင်းသမားတော်ကြီးများမှာ ကိုလိုနီခေတ်တွင် များစွာပေါ်ထွက်ခဲ့ပြီး   လွတ်လပ်ရေးကြိုးပမ်းမှု  သမိုင်းကြောင်း တစ်လျှောက်တွင် တိုင်းသူပြည်သားများ၏ ကျန်းမာရေးကို တိုင်းရင်း ဆေးသမားတော်ကြီးများက များစွာပြုစု စောင့်ရှောက်ခဲ့ကြရသည်မှာ သမိုင်းမှ သက်သေပြနေပါသည်။ တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင်ခဲ့သည့် တိုင်းရင်းဆေးသမားတော်ကြီး ဂဠုန်ဆရာစံမှာ လည်း   တိုင်းရင်းဆေးသမားတော်တစ်ဦးဖြစ်ပြီး    တိုင်းရင်းဆေး ကျမ်းများကို   ရေးသားခဲ့သည့်   တိုင်းရင်းဆေးသမိုင်းဝင်ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ပါသည်။ 
လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးပညာအခန်းကဏ္ဍများကို  အားပေးချီးမြှောက်မှုများ ရှိခဲ့ရာ နိုင်ငံတော်မှ တိုင်းရင်းဆေးသမားတော်များအတွက် ဥပဒေများ ရေးဆွဲချမှတ်ပေးခဲ့ခြင်း၊ ဆေးပညာပြန့်ပွားရေးအတွက် ရုံးများ မြို့နယ် များတွင် ဆေးခန်းများဖွင့်လှစ်ပေးခဲ့ခြင်း ဆောင်ရွက်ခဲ့ပြီး တိုင်းရင်း ဆေးဆရာများကို ခေတ်မီနည်းစနစ်များနှင့် ပေါင်းစပ်ပြီး   အရိုးကို အရွက်မဖုံးသည့် တိုင်းရင်းဆေးသမားတော် လူငယ်မျိုးဆက်သစ်များ မွေးထုတ်ပေးရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ကြီး ဌာန၏ ဦးဆောင်မှုနှင့် တိုင်းရင်းဆေးသမားတော်ကြီးများ၏ ကြိုးပမ်း ဆောင်ရွက်မှုများ တိုင်းရင်းဆေးသိပ္ပံကျောင်းကို တည်ထောင်ဖွင့်လှစ် ကာ ခေတ်မီတိုင်းရင်းဆေးသမားတော်များ မွေးထုတ်ပေးခဲ့ပါသည်။ တိုင်းရင်းဆေးသိပ္ပံကျောင်းကြီး၏ သက်တမ်းနှစ် ၃၀ ကျော် အကြာ တွင် ဘွဲ့၊ ဒီဂရီ၊ အဆင့်အထိ ချီးမြှင့်နိုင်သည့် တိုင်းရင်းဆေး တက္ကသိုလ် ကြီးကို အဆင့်မြှင့်ဖွင့်လှစ်ခဲ့ပြီး ဘက်စုံတော်သည့် တိုင်းရင်းဆေးသမား တော်လူငယ်မျိုးဆက်သစ်များကို မွေးထုတ်ပေးလျက်ရှိနေပြီဖြစ်ပါ သည်။
ပြည်သူများ၏ကျန်းမာရေး တိုင်းရင်းဆေးပညာဖြင့်စောင့်ရှောက်
မျိုးဆက်သစ် လူငယ်တိုင်းရင်းဆေးသမားတော်များအနေဖြင့် ခေတ်အဆက်ဆက်က      လက်ဆင့်ကမ်းသယ်ဆောင်လာသည့် တိုင်းရင်းဆေးသမားတော်ကြီးများ၏ တိုင်းရင်းဆေးပညာလောက အပေါ် တာဝန်ကျေခဲ့သည့်ကျေးဇူးတရားများကို  ယခုလို  တပေါင်း လပြည့်တိုင်းရင်းဆေးသမားတော်နေ့မှာ  ပြန်ပြောင်းသတိရအောက်မေ့ ပြီး ရှေးရှေးသမားတော်ကြီးများကို  အလေးဂရုဂါရဝထားပြီး အမှတ် ရနေစေဖို့နှင့်  ကျေးဇူးဆပ်သည့်အနေဖြင့်   ခေတ်အဆက်ဆက်က တိုင်းရင်းဆေးသမား‌တော်ကြီးများ တိုင်းပြည်အပေါ် တာဝန်ကျေ ခဲ့ကြသလို  မျိုးဆက်သစ်လူငယ်တိုင်းရင်းဆေးသမားတော်များက လည်း  ပြည်သူများ၏  ကျန်းမာရေးကို   တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်ခြင်း၊ ကုသပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ကာကွယ် ခြင်းနှင့် စဉ်ဆက်မပြတ်သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြင့် တာဝန်ကျေစွာ  အလုပ်အကျွေးပြုကြရန် လိုအပ်လှသည်ဖြစ် ကြောင်း တပေါင်းလပြည့်နေ့ မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ ကို ဂုဏ်ပြုကြိုဆိုလျက် တင်ပြလိုက်ရပါသည်။     ။