
ကိုရေချမ်း
မည်သည့်ပြဿနာမဆို ရှုထောင့်ပေါင်းစုံကနေ သုံးသပ်အဖြေရှာရစမြဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကို သုံးသပ်ရာမှာလည်း ရှုထောင့်ပေါင်းစုံက ရရှိတဲ့အချက်အလက်တွေကို အခြေခံပြီး မှန်မှန်ကန်ကန် သုံးသပ်သင့်ပါတယ်။
ပကတိမြေပြင်အခြေအနေကို ကိုယ်တိုင်မလေ့လာဘဲ တခြားကရလာတဲ့ အထောက်အထားတွေနဲ့ သုံးသပ်မယ်ဆိုရင် ကောင်းမွန်တဲ့ရလဒ်အဖြေထွက်မှာ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ အဖြေမထွက်ဘဲ ဆန့်ကျင်ဘက်ရလဒ်တွေသာ ပေါ်ထွက်နေမှာ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးအဖြေရှာရာမှာ နောက်ကွယ်က အရိပ်မည်းကြီးရှိနေသရွေ့ ရုပ်သေးကြိုးဆွဲအဖြစ်သာ ရှိနေမှာဖြစ်ပါတယ်။ အမှန်တရားကို အနှောင်အဖွဲ့မကင်းဘဲ ရှာနေရင်တော့ အဖြေမရဘဲ အချိန်ကုန်နေမှာ ဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေး
သြဂုတ်လ ၁၇ ရက်နေ့က နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂတို့ အကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်ဆွေးနွေးခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ ရည်ရွယ်ချက်ကောင်းမွန်တဲ့အတွက် ပြည်သူ တစ်ယောက်အနေနဲ့ ဝမ်းမြောက်မိပါတယ်။ ဒါပေမယ့် တစ်ဖက်က အကြမ်းဖက်အဖွဲ့နဲ့ အပေါင်း ပါတွေက မကျေမနပ်ဖြစ်နေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။
ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကို အပြည့်အစုံမသိခင်က အခုလို အချိန်အခါမှာ မြန်မာ နိုင်ငံနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကြား ယုံကြည်မှုတွေ တည်ဆောက်ပြီး လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်တော့မယ်လို့ အကောင်းဘက်က တွေးပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ တွေ့ဆုံဆွေးနွေး ပြီးတဲ့အခါမှာ မစ္စ နိုလင်းဟေဇာဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြုသဘောမဆောင်တဲ့ ထုတ်ပြန် ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မစ္စ နိုလင်းဟေဇာရဲ့ တစ်ဖက်သတ်ထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်သူလူထုက အထင်အမြင် လွဲမှားစရာတွေ ဖြစ်လာတဲ့အတွက် တွေ့ဆုံစဉ်က ဆွေးနွေးမှုအပြည့်အစုံကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့က ပြန်လည်ထုတ်ပြန်ပေးလိုက်တဲ့အခါ အခြေ အနေမှန်ကို အထင်အရှား သိလိုက်ရပါတယ်။
ကျင့်ဝတ်မလိုက်နာ
တွေ့ဆုံဆွေးနွေးမှုကို လေ့လာကြည့်ရင် ကုလ အထူးကိုယ်စားလှယ်ဟာ အဖွင့်မှာ သံတမန်ပီသစွာ နဲ့ စကားလှလှတွေပြောခဲ့ပေမယ့် နောက်ပိုင်းမှာ အမှားကိုအမှန်၊ အမှန်ကို အမှားလုပ်ထားတဲ့ စွပ်စွဲမှု တွေနဲ့ ရှေးနည်းကားလို ဖြစ်ချင်တဲ့အချက်တွေကိုသာ တောင်းဆိုတာကို တွေ့ရပါတယ်။ ဆွေးနွေးစဉ်က မြန်မာနဲ့ ကုလသမဂ္ဂတို့အကြား ရေရှည် လက်တွဲ ဆောင်ရွက်နိုင်ဖို့အတွက် သဘောတူညီခဲ့ပြီးဖြစ်ပါ တယ်။ ဒါပေမယ့် တွေ့ဆုံမှု အပြီးမှာတော့ အထူး ကိုယ်စားလှယ်ရဲ့ သတင်းထုတ်ပြန်ချက်ဟာ ပြည်ပ နဲ့ ပြည်တွင်းမှာရှိတဲ့ တရားမဝင်နဲ့ အကြမ်းဖက် အဖွဲ့တွေက ပေးပို့တဲ့ သတင်းမှားတွေကို အခြေခံ ထားတာ တွေ့ရပါတယ်။ ကုလသမဂ္ဂအနေနဲ့ အများ ပြည်သူကို သတင်းထုတ်ပြန်ရာမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ တုံ့ပြန်ပြောကြားချက် တွေ ကို မျှတစွာထည့်သွင်းဖော်ပြဖို့ ကျင့်ဝတ်အရ လိုအပ်သော်လည်း အထူးကိုယ်စားလှယ်ရဲ့ သြဂုတ် လ ၁၇ ရက်နေ့ သတင်းထုတ်ပြန်ချက်ဟာ ကျင့်ဝတ် ကို လိုက်နာခြင်းမရှိဘဲ ဘက်လိုက်မှုတွေ ရှိနေတာ ကို တွေ့ရပါတယ်။
ကုလသမဂ္ဂအနေနဲ့ ပြဿနာဖြေရှင်းရေးကို ပူးပေါင်းဆောင်ရွက်လိုတယ်လို့ဆိုပေမယ့် မြန်မာ နိုင်ငံဘက်က ရှင်းပြခဲ့တဲ့ဖြစ်စဉ်အမှန် အချက် အလက် အထောက်အထားတွေကို ထင်ဟပ်ဖော်ပြ ခြင်းမပြုဘဲ မှန်ကန်မှုမရှိတဲ့ တစ်ဖက်သတ်ပြောကြား ချက်တွေကို အသုံးပြုထားလို့ နှစ်ဦးနှစ်ဖက် အပြုသဘော ပူးပေါင်းဆောင်ရွက်လိုမှုတွေအတွက် အနှောင့်အယှက်၊ အဟန့်အတားတွေ ဖြစ်စေနိုင်ပါ တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံ့တာဝန်ကို ခေတ္တတာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပြီး အစစ အရာရာမှာ ဥပဒေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေပါတယ်။ တိုင်းပြည်တည်ငြိမ် အေးချမ်းသာယာရေး၊ လူသားချင်း စာနာထောက် ထားရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိပါတယ်။ နိုင်ငံတကာနဲ့ အများပြည်သူ လိုလားတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်ခိုင် မာမာရပ်တည်နိုင်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ကို အခြေခံတဲ့ ပြည်ထောင်စုကို ဦးတည်ဆောင်ရွက် နေပါတယ်။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
နိုင်ငံတကာဆက်ဆံရေးမှာ လွတ်လပ်ပြီး တက်ကြွတဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်ကို လိုက်နာကျင့်သုံးလျက်ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ နိုင်ငံတစ်နိုင်ငံ ပိုင်နက်နယ်မြေ တည်တံ့ရေးနဲ့ အချုပ်အခြာအာဏာ ကို အခြားနိုင်ငံက လေးစားလိုက်နာရေးအချက်တွေ ကို အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိပါ တယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံ“မူ”ကို လေးစားလိုက်နာကာ လက်တွဲ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ကုလသမဂ္ဂ ပဋိညာဉ်ကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိပြီး ကုလအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံက ကျင့်သုံး ဆောင်ရွက်နေတဲ့ နိုင်ငံခြားရေးမူဝါဒကို အသိအမှတ် ပြု လက်ခံထားပြီး နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ဘူးလို့ ပြောဆိုနေ သော်လည်း မြန်မာနိုင်ငံက ဥပဒေနဲ့အညီ ဆောင်ရွက်နေမှုတွေကို အသိအမှတ်မပြုတာ ကတော့ အံ့အားသင့်စရာဖြစ်ပါတယ်။ ကုလသမဂ္ဂ ဟာ ပြဋ္ဌာန်းထားတဲ့ ပဋိညာဉ်တွေနဲ့အညီ ဆောင်ရွက် နေတယ်လို့ဆိုပေမယ့်လည်း လက်တွေ့မှာ ကွဲလွဲနေ တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်နေတဲ့ ပကတိမြေပြင် အချက်အလက်တွေ ကို လက်တွေ့ကွင်းဆင်းလေ့လာခြင်း မရှိဘဲ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေက ပေးပို့တင်ပြထားတဲ့ သတင်း အမှားတွေကို လက်ခံအသုံးပြုပြီး တည်ဆဲအစိုးရ အပေါ် တစ်ဖက်သတ်စွပ်စွဲ ပြောဆိုမှုတွေဟာ စိတ်ပျက်စရာ ဖြစ်ပါတယ်။
ရှင်းရှင်းလင်းလင်းသိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်တဲ့ အရွေ့တစ်ခုကို ရရှိရန်အတွက် သဘောထား မှန်မှန်ကန်ကန်ထားပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို လက်ခံ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သော်လည်း အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပကတိ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ အမှန်တရားတွေကို မျက်ကွယ်ပြုပြီး နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပြည်သူတွေ အထင်အမြင်လွဲမှားအောင် တစ်ဖက် သတ် သတင်းထုတ်ပြန်မှုကို ပြုလုပ်ခဲ့ပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်က ဆွေးနွေးချက်အပြည့်အစုံကို ထုတ်ပြန်လိုက်တဲ့အခါ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို ပြည်သူများ သိခွင့်ရခဲ့ကြပါတယ်။
အကြမ်းဖက်လုပ်ရပ်တွေဟာ ဘယ်သူတွေ လုပ်တာလဲဆိုတဲ့ သက်သေအထောက်အထားတွေ နဲ့ သိအောင်ပြတဲ့အခါမှာ မသိနိုင်၊ မမြင်နိုင် ဖြစ်နေရ တာဟာ နောက်ခံအကြောင်းတရားတွေ ဖုံးလွှမ်းနေ လို့ဖြစ်ပါတယ်။ “သူတော်အချင်းချင်း သတင်း လွေ့လွေ့ ပေါင်းဖက်တွေ့” သလို နောက်ကလူတွေ ညီလို့ “ဤ”ကို “ကျွဲ” ဖတ်နေတဲ့ သဘောဖြစ်နေပါ တယ်။ နိုင်ငံနဲ့ ပြည်သူအတွက် ဘယ်လိုပင် ကောင်းအောင်လုပ်တယ်ဆိုဆို၊ ဘယ်လိုတွေ ခရီး ဆက်နေတယ်ပြောပြော၊ ဘယ်သူတွေ အကြမ်းဖက် နေပါတယ် ပြပြ၊ ဖြစ်ချင်နေတာနဲ့၊ လိုချင်နေတာက တစ်ခုတည်းကိုသာ ဇောင်းပေးပြောဆိုနေတာတွေ ကို စေ့ငုကြည့်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မပြောင်းလဲတဲ့ သဘောတရားတွေကို ထင်ထင်ရှားရှား သိရှိခဲ့ရပါတယ်။
အမှန်တရားထင်ရှား
မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ တစ်ဖက်သတ် ဖိနှိပ်စွပ်စွဲ ပုတ်ခတ်ပြစ်တင်နေကျဖြစ်လို့ နိုင်ငံ တကာက မည်သည့်အဖွဲ့အစည်းနဲ့ တွေ့သည်ဖြစ်စေ ထူးမခြားနား ရလဒ်အဖြေသာ ထွက်ရှိမှာကို သိရှိပြီး သားဖြစ်ပါတယ်။ မည်မျှပင် အမှန်တရားကို ထုတ်ဖော်ပြောကြားသော်လည်း နောက်ဆုံးမှာ ၎င်းတို့ရဲ့ မူလရည်ရွယ်ချက် လမ်းရိုးကြီးအတိုင်း ဖောက်နေတာကိုတော့ မပြောဘဲလည်း သိနေကြမှာ ဖြစ်ပါတယ်။ အခု အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့အခါမှာ တွေ့ဆုံစဉ်မှာတော့ အဟုတ် ကြီးလို့ထင်ရပေမယ်။ တွေ့ပြီးတဲ့ နောက်ကွယ်မှာ တော့ ဆရာကြီးတွေအကြိုက်၊ အပေါင်းပါတွေစရိုက်၊ အကြမ်းဖက်သမားတွေနဲ့ သံပြိုင်ဟစ်ကြွေးတဲ့ သင်္ကြန်သံချပ်လို စည်းဝါးကိုက်ညီလှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို တွေ့ဆုံဖြစ်လိုက်တာ ကတော့ မြန်မာခေါင်းဆောင်ရဲ့ သဘောထားအမှန် နဲ့ မြန်မာနိုင်ငံမှာ ပကတိဖြစ်နေတဲ့ အရှိတရားတွေ ကို မျက်ဝါးထင်ထင် သိရှိလိုက်ရပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံ ဆွေးနွေးစဉ်က ပြောခဲ့တဲ့စကားတွေနဲ့ တွေ့ဆုံပြီး နောက် ထုတ်ပြန်လိုက်တဲ့စကားတွေကို သုံးသပ် ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပကတိဖြစ်စဉ် အမှန်တရားတွေကို မျက်ကွယ်ပြုပြီး ၎င်းတို့ရည်ရွယ် ချက်၊ ၎င်းတို့အလိုကျ သဘောဆန္ဒများကို ရှေ့စကား နောက်စကားမညီ ပြောကြားထားတာကို တွေ့လိုက်ရပါတယ်။ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ခေါင်းဆောင်ရဲ့ သဘောထားပြောကြားချက်တွေ ဟာ ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ အပေါ် စွပ်စွဲချက်တွေကို ထိထိရောက်ရောက် ချေပ နိုင်ခဲ့လို့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကိုယ်စား လွန်စွာအားရ ကျေနပ်မိပါတယ်။ အပေါ်ယံရွှေမှုန်ကြဲ ထားတဲ့ ရွှံ့ရုပ်မှန်းသိပါလျက်နဲ့ ရွှံ့ရုပ်ကို ပစ်လိုက်ရင် အပေါ်က ရွှေမှုန်တွေကို နှမြောနေတာနဲ့ တန်ဖိုးမရှိ တဲ့ ရွှံ့ရုပ်ကို အကြောင်းပြုပြီး အမြဲတမ်း အလုပ်ရှုပ် နေသူတွေဖြစ်ပါတယ်။
အကြမ်းဖက်မှုကို ဘယ်နိုင်ငံမှ လက်မခံ
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံအစိုးရမဆို နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဥပဒေနဲ့အညီ တိတိကျကျ ပြတ်ပြတ်သားသား ဆောင်ရွက်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ မကြာသေးမီက အမေရိကန်၊ ဂျပန်နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်သမားလက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အမှုတွေနဲ့ပတ်သက်လို့ အကြမ်းဖက် သမားကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးမယူဘဲ လူသားချင်းညှာတာထောက်ထားမှုအနေနဲ့ သက်ညှာ ခွင့်ပြုပေးရန် တောင်းဆိုခဲ့ဖူးပါသလားလို့ မေးခွန်း ထုတ်မယ်ဆိုရင် ပွဲသိမ်းသွားနိုင်ပါတယ်။ မြန်မာ နိုင်ငံမှာ ဖြစ်ပျက်နေတာကို သိသိကြီးနဲ့ မျက်ကွယ် ပြုထားမယ်ဆိုရင် နိုင်ငံကို ပျက်စီးအောင် ဖျက်ဆီး နေကြတဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ အပြစ်မဲ့ပြည်သူ တွေကို အကြောင်းမဲ့နှိပ်စက်သတ်ဖြတ်နေတဲ့ PDF အမည်ခံအကြမ်းဖက်သမားတွေကို အထူး ကိုယ်စားလှယ်ကြီးက လေးစားထောက်ခံနေပါ တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
ပကတိဖြစ်ရပ်မှန်တွေကို အထောက်အထား တွေနဲ့ ဘယ်လိုပင်ရှင်းပြသော်လည်း မသိချင်ယောင် ဆောင်၊ လက်မခံတာကတော့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း အပေါင်းအဖော်တွေ ဖြစ်နေလို့ တူပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်ကြီးကို ပျက်စီး အောင် ဝိုင်းဝန်းဖိအားပေးနေကြတဲ့ ကြီးကြီး ငယ်ငယ်တွေရဲ့ ဖြစ်နေကြတာတွေဟာ “ငါနဲ့မတူရင်၊ ငါ့ရန်သူပဲ” ဆိုတဲ့ အစွန်းရောက်၊ ဗိုလ်ကျ နိုင်ငံရေး သဘောတရားအတိုင်း “တလေထဲ တသံထဲ” အားလုံး ဖြစ်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ။
- Log in to post comments