
အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉
တတိယလှိုင်း ဖြစ်ပွားနေ တာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးတွေကို ဘာကြောင့် ထိုးနှံသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ ကိုဗစ် -၁၉ရောဂါ
ကာကွယ်ဆေး
ထိုးနှံခြင်းက ကိုဗစ် - ၁၉ ကပ်ရောဂါကို ရပ်တန့် နိုင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်။ လက်ရှိကမ္ဘာပေါ်မှာ ရောဂါဖြစ်ပွားမှု တွေက တစ်နေ့ထက်တစ်နေ့များနေပြီး သေဆုံးမှု တွေကလည်း မြင့်တက်နေတဲ့အတွက် ကာကွယ် ဆေးထိုးနှံဖို့အတွက် ကမ္ဘာ့နိုင်ငံတွေကနေပြီး အထူးကြိုးစားပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။
ကာကွယ်ဆေးတွေ ဘာလို့ထိုးရတာလဲနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဇူလိုင် ၁၉ ရက်မှာ နောက်ဆုံးတည်းဖြတ် ပြင်ဆင် ခဲ့တဲ့ ကာကွယ်ဆေးနဲ့ ကာကွယ်ဆေးထိုးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အမေး/အဖြေတွေကို ကိုးကားပြီး ဖြေကြားသွားပါမယ်။ အရင်ဆုံး ‘ကာကွယ်ဆေးထိုး ခြင်း’ က ဘာလဲဆိုတာကို ရှင်းပြချင်ပါတယ်။
ကာကွယ်နည်းတစ်ရပ်ဖြစ်
‘ကာကွယ်ဆေးထိုးခြင်း’ က အလွန်ရိုးရှင်း သော၊ လွယ်ကူသော၊ စိတ်ချရသော ကာကွယ်နည်း တစ်ရပ်ဖြစ်ပါတယ်။ ရောဂါတစ်ခုကို ကာကွယ် ဆေးထိုးခြင်းနဲ့ ကာကွယ်ခြင်းသည်သာလျှင် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရောဂါဝင်ရောက်ကူးစက်ပြီးမှ ရောဂါ ပိုးရဲ့အန္တရာယ်ကို ကာကွယ်တားဆီးဖို့အတွက် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားတွေက ထုတ်လုပ်ဖို့ ပြင်မယ်ဆိုရင် နောက်ကျနိုင်ပါတယ်။ ဒီကြားထဲ ရောဂါကြောင့် ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ဝေဒနာ တွေခံစားရနိုင်ပါတယ်။ အသက်သေဆုံးတဲ့အထိ လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုရောဂါဖြစ်ပွားတာကို တကယ်ရောဂါ မဖြစ်စေဘဲနဲ့ ရောဂါပိုးဝင်ရောက်တဲ့ ပုံစံမျိုး အတုဖန်တီးပြီး ကိုယ်ခံအားစနစ်ကိုကြိုတင် ပြင်ဆင်အလုပ်လုပ်ခိုင်းခြင်းဖြင့် ကိုယ်ခံအားစနစ် က ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပြီး ရောဂါပိုး ဝင်ရောက်လာပါက အလွယ်တကူ အမြန်ဆုံး တိုက်ထုတ်နိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်။
တချို့တွေက ကာကွယ်ဆေးထိုးရင် ဒီရောဂါပိုး ကူးစက်မှာလားလို့မေးပါတယ်။ မကူးစက်ပါဘူး။ ကာကွယ်ဆေးထိုးခြင်းနဲ့ ရောဂါပိုးကူးစက်တာက မဆိုင်ပါဘူး။ တချို့တွေက ပြီးခဲ့တဲ့ရက်ကမှကာကွယ် ဆေးထိုးလိုက်တယ်၊ နောက်နှစ်ရက်မှာ ကိုဗစ် - ၁၉ ရောဂါလက္ခဏာတွေပေါ်လာတယ်၊ စမ်းသပ်ကြည့် တော့ ကိုဗစ် - ၁၉ ရောဂါတွေ့တယ် ဒါတွေက ကာကွယ်ဆေးထိုးလို့ ရောဂါပိုးပေါ်လာတာလား ဆိုရင် မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်လို့ ကာကွယ်ဆေး ထိုးပေးခြင်းသည် စိတ်အချရဆုံး၊ ဘေးအကင်းဆုံး ကာကွယ်မှုဖြစ်ပါတယ်။
သို့သော် ကာကွယ်ဆေးထိုးပြီးပါက ခန္ဓာကိုယ် အနေနဲ့ ကိုယ်ခံစွမ်းအားရရှိဖို့အတွက် အလုပ်လုပ်ဖို့ အချိန်ပေးရပါတယ်။ ကာကွယ်ဆေးထိုးပြီး အနည်း ဆုံး ရက်သတ္တနှစ်ပတ်ခန့် ကိုယ်ခံအားအတွက် အချိန်ပေးရပါတယ်။ ဒီကြားထဲမှာ ရောဂါကူးစက်နိုင် ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးပါက ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာကျင့်သုံးရဦးမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မသိလိုက်ဘဲနဲ့ ကာကွယ်ဆေးထိုးမိရင် ဘာဖြစ်နိုင်သလဲ၊ ဘာမှဆိုးကျိုးမဖြစ်နိုင်ပါဘူး။ ကာကွယ်ဆေးထိုးထားတဲ့အတွက် ဆိုးကျိုးမရှိ
ပါဘူး။
ကိုယ်ခံအားတည်ဆောက်ဖို့
ဒါကြောင့် ကာကွယ်ဆေးထိုးတဲ့အခါမှာ လက်ရှိ ဝေဒနာခံစားနေရတဲ့သူတွေ၊ ဖျားနာပြီး အနံ့ပျောက် တဲ့သူတွေကို ဆေးမထိုးပေးပါဘူး။ ဘာကြောင့် မထိုးပေးတာလဲဆိုရင် လက်ရှိမှာ သူတို့တွေ ခံစားနေ ရတဲ့ဝေဒနာသည် ကိုဗစ် - ၁၉ ရောဂါ ဖြစ်နိုင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးရင် ထူးခြားပြီး အကျိုးမရှိ ပါဘူး။ ဘာကြောင့်လဲ၊ ရောဂါပိုးတစ်ခု ဝင်လာပြီးသွားပြီ ဆိုရင် သူ့အတွက် အလုပ်လုပ်ဖို့ အချိန်ပေးရပါတယ်။ သူ့အတွက် ကိုယ်ခံအားတည်ဆောက်ဖို့ အချိန်ပေး ရပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုရောက်မှ ကာကွယ်ဆေးထိုးနှံဖို့ လိုပါတယ်။
ဒီနေရာမှာ ရောဂါပိုးဝင်ရောက်ပြီးသူတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် အနည်းဆုံး ခြောက်လကြာမှ ထိုးနှံပေးဖို့ပြောထားပါတယ်။ ဘာဖြစ်လို့လဲ၊ သူက ရောဂါပိုးဝင်ရောက်ခဲ့ပြီး ကိုယ်ပိုင်ကိုယ်ခံစွမ်းအားက အလုပ်လုပ်နေပြီဖြစ်တဲ့ အတွက် ဒါကလည်း ကာကွယ်နိုင်မှုရပါတယ်။ ဒီလိုမျိုး ကာကွယ်နိုင်မှုမရှိတဲ့သူတွေကို ဦးစားပေးပြီး ထိုးဖို့ အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ဒါက အရေးကြီး ပါတယ်။ တချို့တွေက ကာကွယ်ဆေး ပထမအကြိမ် ထိုးတယ်၊ ထိုးပြီး နောက်တစ်ပတ်အကြာမှာ အကြောင်းကြောင်းကြောင့် ရောဂါပိုးကူးစက်ခံ ရတယ်။ ဒုတိယအကြိမ် ဘယ်တော့ထိုးရမလဲ ဒါမျိုး တွေပြောပါတယ်။ ဒုတိယအကြိမ်ကို ရောဂါပိုး ဝင်ရောက်ကူးစက်ခံရတဲ့ ရက်ကနေစပြီး ၂၈ ရက် အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံနိုင် ပါတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာန (CDC) က ပြောထား တာရှိပါတယ်။
ကာကွယ်နိုင်
ကာကွယ်ဆေးထိုးနှံခြင်းကြောင့် ရောဂါပြင်း ထန်စွာခံစားရမှုတွေ၊ ဆေးရုံတက်ရောက်ရမှုတွေ၊ သေဆုံးမှုတွေကနေ ကာကွယ်နိုင်တယ်ဆိုတာက အသေအချာဖြစ်ပါတယ်။ ကာကွယ်ဆေးက ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကြီးကို ထိုးလိုက်တဲ့
ကာကွယ်ဆေးနဲ့ဆိုင်တဲ့ ရောဂါပိုးဝင်ရောက်လာပါက သူနဲ့သက်ဆိုင်တဲ့ ကာကွယ်နိုင်မှုရဖို့အတွက် ဆောင်ရွက်ပေးပါတယ်၊ မိမိရဲ့ ကိုယ်ခံအားစနစ်ကြီး တောင့်တင်းခိုင်မာအောင် တည်ဆောက်ပေးတာ
ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံပေးလိုက်တဲ့အခါ ကိုယ်ခံ အားစနစ်ကို ရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန် ရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေပေးပါတယ်။ ကိုယ်ခံ အားစနစ်ကနေ Antibody ထုတ်ပါတယ်။ Antibody ကနေ ရောဂါဝင်ရောက်ကူးစက်လာတဲ့အခါ ရှေ့တန်း ခံစစ်အနေနဲ့ တိုက်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါ တယ်။ ဒါ့အပြင် ကာကွယ်ဆေးတွေမှာ ရောဂါပိုးအရှင် ကို မထည့်ထားပါဘူး။ ပိုးတွေရဲ့အာနိသင်
လျော့အောင်နဲ့ အစွမ်းမဲ့အောင်လုပ်ထားပါတယ်။ သို့သော် ကာကွယ်ဆေးက ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအားစနစ်တက်အောင်၊ လှုံ့ဆော်နိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ ဒီလိုဖန်တီးထားတဲ့ အတွက် ခန္ဓာကိုယ်ထဲကနေ ရောဂါပိုးဝင်ရောက် လာပါက တိုက်ထုတ်နိုင်ဖို့နဲ့ ကိုယ်ခံစွမ်းအားတွေ ရှိနေဖို့အတွက် ဆောင်ရွက်ပေးပါတယ်။
ကာကွယ်ဆေးအများစုက ထိုးဆေးအနေနဲ့ ဖြစ်ပါတယ်။ တချို့ကာကွယ်ဆေးတွေက သောက်ဆေး အနေနဲ့လာပါတယ်။ တချို့ကာကွယ်ဆေးတွေက နှာခေါင်းကနေရှူရတဲ့ရှူဆေး/ ဖျန်းဆေးအနေနဲ့ လာတာရှိပါတယ်။ အခုကိုဗစ် - ၁၉ ရောဂါနဲ့
ပတ်သက်ပြီး သောက်ဆေးတွေ ဖော်ထုတ်နေတဲ့ ကိစ္စတွေ ရှိပါတယ်။ နှာခေါင်းကနေ ရှူသွင်းနိုင်အောင် ထုတ်လုပ်နေတဲ့ဆေးတွေရှိပါတယ်။
အစီအစဉ်မှူး။ ။ ကာကွယ်ဆေးတွေ ထိုးနှံတဲ့
အခါ ကာကွယ်ဆေးက ဘယ်လိုအလုပ်လုပ်လဲဆိုတာ ပြောပြပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ ကာကွယ်ဆေး
ထိုးခြင်း က
ရောဂါမဖြစ်ဖို့အတွက် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အန္တရာယ်ကို လျှော့ချပေးတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က သူ့ကိုတိုက် ခိုက်နိုင်တဲ့ ကိုယ်ခံအားတွေ ထုတ်လုပ်ပေးခြင်းကို ဆောင်ရွက်တာဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေပြီး ကိုယ်ခံအားတွေထုတ်ပါ တယ်။ ဒီထုတ်လိုက်တဲ့ ကိုယ်ခံအားတွေက အလုပ် သုံးခုလုပ်ပါတယ်။ (၁) ခန္ဓာကိုယ်ထဲဝင်ရောက် လာတဲ့ ရောဂါပိုး(သို့မဟုတ်) ဘက်တီးရီးယား (သို့မဟုတ်) ဗိုင်းရပ်စ်ဖြစ်ဖြစ် ကျူးကျော်လာတဲ့ ဒီရောဂါပိုးမွှားတွေကို သက်ဆိုင်တဲ့ကာကွယ်ဆေးနဲ့ တိုက်ထုတ်ဖို့ မှတ်မိအောင်လုပ်ပါတယ်။ (၂) ခန္ဓာ ကိုယ်ထဲကို ဝင်ရောက်ကျူးကျော်လာတဲ့ ရန်သူ အတွက် Antibody တွေ ထုတ်ပါတယ်။
Antibody ဆိုတာကလည်း ပရိုတင်းတွေ ဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကနေ Antibody ဆိုတဲ့ ပရိုတင်းတွေကိုထုတ်ပြီး ရောဂါကို တိုက်ခိုက်ဖို့အတွက် ဆောင်ရွက်တာဖြစ် ပါတယ်။ (၃) ရောဂါဝင်ရောက်လာပြီး နောက်ပိုင်း မှာ ဒီရောဂါကို မှတ်မိသိရှိအောင်လုပ်ပါတယ်။ ရောဂါပိုးဝင်ရောက်ခဲ့ပြီးလို့ ပျောက်ကင်းသွားတဲ့ အချိန်အတော်ကြာပြီး ထပ်မံဝင်ရောက်လာပါက ဒီရောဂါကို တိုက်ထုတ်ကာကွယ်နိုင်အောင် ဆောင်ရွက်ပါတယ်။ ဒီအချက်သုံးချက်ကို ကာကွယ် ဆေးတွေက အလုပ်လုပ်ပါတယ်။
တကယ်လို့ ရောဂါပိုးတစ်ခုခု ကူးစက်ခံရ တယ်၊ ရောဂါပိုးတစ်ခုခုနဲ့ ထိတွေ့မှုရှိလိုက်တယ် ဆိုရင် ကိုယ်ခံအားတွေက လျင်လျင်မြန်မြန်သိရှိပြီး မြန်မြန်ဆန်ဆန် မိမိကို အန္တရာယ်ပေးတဲ့အဆင့် မရောက်ခင်မှာ တိုက်ထုတ်နိုင်ပါတယ်။ ကာကွယ် ဆေးတွေသည် ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားစနစ်တွေ တည်ဆောက်ဖို့အတွက် အလွန်ရိုးရှင်းသော၊ လွယ်ကူသော၊ စိတ်ချရသော နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။
တိုက်တွန်းရခြင်းဖြစ်
ကာကွယ်ဆေးတွေ ထိုးနှံလိုက်ပြီဆိုရင် ကာကွယ်ဆေးအပေါ်မူတည်ပြီး သက်ဆိုင်ရာ လိုအပ်တဲ့ကိုယ်ခံအားစနစ်တွေကို တည်ဆောက် ပါတယ်။ အချို့ကိုယ်ခံအားစနစ်တွေက ဆယ်စုနှစ် နဲ့ချီခံပြီး တချို့ကိုယ်ခံအားတွေက တစ်သက်လုံး ခံတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကာကွယ်ဆေး တွေ ထိုးနှံဖို့တိုက်တွန်းရခြင်း ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံခြင်းသည်သာ စိတ်ချရ ဆုံး၊ ဘေးကင်းလုံခြုံမှုအရှိဆုံး ရောဂါကိုကာကွယ် ခြင်းဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်။
အစီအစဉ်မှူး။ ။ ကာကွယ်ဆေးတွေက ဘယ်လိုရောဂါပိုးတွေကို ကာကွယ်သလဲဆိုတာ ပြော ကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ ဒါကိုမပြောခင်မှာ ဘာလို့ကာကွယ်ဆေးတွေကို ထိုးနှံရမှာလဲဆိုတာကို ပြောကြားချင်ပါတယ်။ ကာကွယ်ဆေးသာမရှိရင် ခန္ဓာကိုယ်က ဝင်ရောက်လာတဲ့ ရောဂါပိုးကြောင့် ပြင်းထန်စွာ ဝေဒနာခံစားရမယ်၊ ဆိုးဆိုးရွားရွားခံစားရတဲ့အပြင် သေဆုံးမှုတွေအထိလည်း ဖြစ်နိုင်ပါ တယ်။ အသက်အန္တရာယ်ပေးနိုင်လောက်တဲ့ အခြေအနေအထိမရောက်အောင် ကာကွယ်နိုင်တဲ့ အတွက် ထိုးနှံရခြင်းဖြစ်ပါတယ်။ ကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် နှစ်စဉ် ကလေး ၄ သန်းရဲ့ အသက်ကို ကာကွယ်ပေးပါတယ်။ ကာကွယ်ဆေးတွေက ထိရောက်ပါတယ်၊ အရေးကြီးပါတယ်။ ကူးစက် ရောဂါဆိုတာ လူသားတွေလို ပတ်စပို့နဲ့ ဗီဇာ မလိုပါဘူး။ ကမ္ဘာကြီးက Globalization ဖြစ်လာတဲ့ အခါ တစ်နေရာကနေ တစ်နေရာကို ကူးလူးဆက်ဆံမှုတွေ များလာပါတယ်။ တစ်နိုင်ငံမှာ ရောဂါ ဖြစ်ရင် နောက်တစ်နိုင်ငံမှာ အလွယ်တကူ ဖြစ်နိုင်တဲ့အတွက် ကာကွယ်ဆေးနဲ့ ကာကွယ်ထားခြင်း ဖြင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရောဂါတွေ မဝင်ရအောင်၊ မကူးစက်အောင် ကာကွယ်နိုင်မှာဖြစ်ပါ တယ်။
ကာကွယ်ဆေးထိုးရခြင်းရဲ့ အဓိကရည်ရွယ်ချက် ၂ ချက်ရှိပါတယ်။ နံပါတ်(၁)က မိမိကိုယ်ကို ကာကွယ်ဖို့၊ နံပါတ်(၂)က မိမိရဲ့ ဘေးပတ်ဝန်းကျင်က လူတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေ ထိုးနှံပေးရခြင်းဖြစ်ပါတယ်။ ဉပမာ - အချို့အသက်အရွယ်ငယ်တဲ့ကလေးတွေ ကာကွယ်ဆေးထိုးဖို့ မသင့်လျော်သေးပါဘူး။ ကာကွယ်ဆေးထိုးဖို့ အကျုံးမဝင်သေးတဲ့ ကလေးတွေ၊ ကိုယ်ခံအားကျနေတဲ့သူတွေ၊ ကာကွယ်ဆေးထဲမှာပါတဲ့ အချို့ပစ္စည်းတွေနဲ့မတဲ့လို့ ကာကွယ်ဆေး မထိုးရတဲ့သူတွေရှိပါတယ်။ အခြားသူတွေက ကာကွယ်ဆေးထိုးထားခြင်းဖြင့် ဒီလိုလူတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးတွေက ဘယ်လိုရောဂါတွေကို ကာကွယ်သလဲဆိုရင် အခုဖြစ်နေတဲ့ ကိုဗစ် - ၁၉ ရောဂါတွေ၊ အမျိုးသမီးတွေမှာ ဖြစ်ပွားမှုများတဲ့ သားအိမ်ခေါင်းကင်ဆာ၊ ကာလဝမ်း၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ တုပ်ကွေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဦးနှောက်အမြှေးပါးရောင်၊ ပိုလီယို၊ တိုက်ဖွိုက်နဲ့ ခွေးရူးရောဂါတွေအပြင် အများကြီးကာကွယ်နိုင် ပါတယ်။ ရောဂါတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခြေအနေအပေါ်မူတည်ပြီး ဖြစ်ပွားမှုတွေအနေနဲ့ ကွာခြားမှာဖြစ်ပါတယ်။
ဒီအခါ လက်ရှိအနေအထားအရ အချို့ကာကွယ်ဆေးတွေက စမ်းသပ်ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ အီဘိုလာ၊ ငှက်ဖျား ကာကွယ်ဆေးတွေကို စမ်းသပ်ပြီး အချို့နေရာတွေမှာ ထိုးနှံနေပြီ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး မထိုးနှံသေးပါဘူး။ ထိုးနှံပြီဆိုရင် ဖြစ်ပွား၊ သေဆုံးမှုကျမှာ အသေအချာ ဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ကာကွယ်ဆေးတွေကို ဘယ်လိုအချိန်မှာ ထိုးနှံရမလဲ၊ ဘယ်လိုနည်းစနစ်တွေ နဲ့ ထုတ်လုပ်သလဲဆိုတာ ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ ကာကွယ်ဆေးကို ရောဂါပိုးမဝင်ရောက်ခင်ထိုးနှံပါလို့ WHO က ပြောထားပါတယ်။ ရောဂါပိုးဝင်ရောက်ပြီးပြီဆိုရင် ခန္ဓာကိုယ်က ကိုယ်ခံအားကို တိုက်ထုတ်ဖို့ အချိန်ယူရမှာ ဖြစ်တဲ့အတွက် အချိန်မမီဘဲဖြစ်သွားပြီး ရောဂါလက္ခဏာပြင်းထန်တာ၊ ရောဂါဝေဒနာ ခံစားရတဲ့အဆင့်အထိ ရောက်တာမျိုးတွေဖြစ်ပြီးမှ ကိုယ်ခံအားတွေရတယ်ဆိုရင် အနည်းငယ် နှောင့်နှေးသွားနိုင်ပါတယ်။
ဒါကြောင့် ကာကွယ်ဆေးကို ရောဂါပိုးမဝင်ရောက်ခင် ထိုးနှံဖို့ အရေးကြီးပါတယ်။ ကာကွယ် ဆေးမှာ အထူးသဖြင့် ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ၊ အသက်ကြီးတဲ့အထိ သူတို့နဲ့ သက်ဆိုင်တဲ့ ကာကွယ်ဆေးတွေ အကျုံးဝင်ပါတယ်။ တချို့နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးကတ် တွေနဲ့ သေချာထိုးနှံပေးပြီး ဘယ်ကာကွယ်ဆေးက မထိုးမနေရထိုးရမယ်စသဖြင့် ဒါမျိုးတွေ ပါဝင်ပြီး သားဖြစ်ပါတယ်။
ကာကွယ်ဆေးတွေ ဘယ်လိုထုတ်လုပ်သလဲ၊ ကာကွယ်ဆေးတွေ ဘယ်လိုစမ်းသပ်သလဲ ဆိုတာ ရှင်းပြချင်ပါတယ်။ ကာကွယ်ဆေးတစ်ခု ထုတ်လုပ်ဖို့ အဆင့်ပေါင်းများစွာ၊ ရှုပ်ထွေးမှုပေါင်း များစွာရှိပါတယ်၊ တကယ့်ကို မလွယ်ကူပါဘူး။ ကာကွယ်ဆေးကို စတင်စမ်းသပ်တဲ့ အဆင့်မှာ တိရစ္ဆာန်ကို စတင်စမ်းသပ်ရပါတယ်။ ပြီးမှလူမှာ စမ်းသပ်ရတာဖြစ်ပါတယ်။ လူမှာစမ်းသပ်တဲ့အဆင့် (၁)မှာ ကာကွယ်ဆေး ၅၄ မျိုးရှိပါတယ်။ အဆင့်(၂)မှာ ၄၁ မျိုးရှိပါတယ်။ အဆင့်(၃)မှာ ၃၂ မျိုးရှိပါ တယ်။ လက်ရှိအတိုင်းအတာတစ်ခုအထိ ကန့်သတ်ပြီး အသုံးပြုခွင့်ရတဲ့ကာကွယ်ဆေး ၁၁ မျိုး ရှိပါ တယ်။ အပြည့်အဝအသုံးပြုလို့ရတဲ့ ကာကွယ်ဆေး ၈ မျိုးရှိပြီး ကာကွယ်ဆေးတွေ ထုတ်လုပ်တဲ့ ဖြစ်စဉ်မှာ ဆက်ပြီး စမ်းသပ်ဖို့မသင့်လျော်ဘူးဆိုပြီး စွန့်ပစ်ခံရတဲ့ ကာကွယ်ဆေး ၅ မျိုးရှိပါတယ်။
ကာကွယ်ဆေးတွေကို ဘယ်လိုထုတ်ဖော်နေတာလဲဆိုတာကို ပြောချင်ပါတယ်။ လက်ရှိ သုံးနေတဲ့ ကာကွယ်ဆေးတွေက ဆယ်စုနှစ်နဲ့ချီတည်ရှိနေပြီး လူသန်းပေါင်းများစွာကို ရောဂါ ဖြစ်ပွား၊ သေဆုံးမှုတွေကနေ ကာကွယ်ပေးလျက်ရှိပါတယ်။ အထူးသဖြင့် အသက်ငယ်လွန်းတဲ့ ကလေးတွေ၊ အသက်ကြီးလွန်းတဲ့ လူကြီးတွေကို အဓိက ကာကွယ်ပေးတာဖြစ်ပါတယ်။
ဘယ်ကာကွယ်ဆေးကမှ ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်မှုမရပါဘူး။ ကာကွယ်ဆေးတွေကို ဖော်စပ်ရာမှာ အန္တရာယ်ကင်းစေဖို့၊ စိတ်ချရစေဖို့ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ပါတယ်။ ပြင်းပြင်း ထန်ထန်လည်း လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပါတယ်။ အကဲဖြတ်တာ၊ စစ်ဆေးတာတွေ လုပ်ပါ တယ်။ ကာကွယ်ဆေးတစ်ခုကို လူတွေမှာ အသုံးပြုခွင့်ပေးတယ်ဆိုတဲ့အဆင့် မရောက်ခင် အသေ အချာ အဆင့်ဆင့် စမ်းသပ်မှုတွေလုပ်ပါတယ်။
ပထမဦးဆုံး ဒီကာကွယ်ဆေးသည် ဘေးကင်းရဲ့လားဆိုတာကို တိရစ္ဆာန်တွေမှာ စမ်းသပ် ပါတယ်။ စိတ်ချရတယ်၊ ရောဂါကို ကာကွယ်နိုင်စွမ်းဖြစ်နိုင်ချေရှိတယ်ဆိုရင် လူမှာ စမ်းသပ်ပါတယ်။ လူမှာစမ်းသပ်တာ အဆင့်(၃)ဆင့် ရှိပါတယ်။ ပထမအဆင့်စမ်းသပ်ရာမှာ ကာကွယ်ဆေးရဲ့ စိတ်ချ ရမှု၊ ဘေးကင်းလုံခြုံမှုကို ကြည့်ပါတယ်။ ကာကွယ်ဆေးတစ်ခုက ဘယ်လောက် ကောင်းကောင်း စိတ်ချရမှုမရှိဘူး၊ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုတဲ့ ဆေးမျိုးကို သုံးလို့မရပါဘူး။ စိတ်ချရပြီ၊ ကာကွယ်နိုင်မှုတွေ အသင့်အတင့်ထွက်လာပြီဆိုရင် (Dosage) ဒီကာကွယ်ဆေးကို ဘယ်လောက် ပေးရင် အကောင်းဆုံးရလာဒ်ရမလဲ၊ ပေးလိုက်တဲ့ပမာဏမှာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တွက်ချက် ထားမှုတွေရှိပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး Dosage ကို လူနည်းနည်းမှာ စမ်းသပ်တာ ဖြစ်ပါ တယ်။ စိတ်ချရပြီ၊ Dosage ကို သိပြီဆိုရင် ဒုတိယအဆင့်အနေနဲ့ Volunteer တွေကို လူရာနဲ့ချီပြီး စမ်းသပ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေရှိသလား၊ ကိုယ်ခံအားတွေရော တက်သလား၊ ကာကွယ် ဆေးထိုးပြီးတဲ့အခါ သူ့ရဲ့ရလာဒ်ကို ကြည့်ပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့သူမှာ ဘာတွေခံစားရ တယ် စသဖြင့် ဖြစ်သမျှတွေကို အကုန်မှတ်တမ်းတင်ပါတယ်။
ဒုတိယအကြိမ်စမ်းသပ်ရာမှာ အသက်အရွယ်၊ ကျားမ ကွဲပြားမှုမရှိစေဘဲ လုပ်ဆောင်ပါတယ်။ အချို့လူတွေကို စမ်းသပ်တဲ့ကာကွယ်ဆေးထိုးပေးပါတယ်။ အချို့လူတွေကို အခြားအန္တရာယ်မရှိတဲ့ ဆေးကိုထိုးပေးပါတယ်။ ဒီလိုနည်းနဲ့ ထိုးတဲ့သူနဲ့ မထိုးတဲ့သူ ဘာတွေကွာခြားသလဲ ဆိုတာကို နှိုင်းယှဉ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကောက်ချက်ချပါတယ်။ ကာကွယ်ဆေးသည် ထိရောက်တယ်၊ ဘေးထွက်ဆိုးကျိုးတွေက ဘယ်လိုရှိတယ်၊ ထိုးနှံတဲ့သူထဲမှာ ဘယ်လောက်က ရောဂါပိုးကူးစက်ခံ ရတဲ့အဆင့် ရောက်တယ်၊ မထိုးနှံတဲ့သူ ဘယ်လောက်က ရောဂါဖြစ်တယ် စသဖြင့် ဒါတွေကို ကြည့် ပါတယ်။ ဒါကအဆင့်(၂)ဖြစ်ပြီး ရောဂါပိုးကူးစက်မခံရတဲ့သူတွေကို စမ်းသပ်တာဖြစ်ပါတယ်။
အဆင့်(၃)က လူတွေ ထောင်နဲ့သောင်းနဲ့ချီပြီး စမ်းသပ်ပါတယ်။ တချို့တွေကို ကာကွယ်ဆေး ထိုးပေးပါတယ်။ တချို့တွေကို မထိုးပေးပါဘူး။ ဒီအဆင့်မှာ စိတ်ချရမှုလည်း ကြည့်ပါတယ်။ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို ကြည့်ပါတယ်။ ထိုးနှံတဲ့သူတွေမှာ ဘယ်လောက်အထိ ကာကွယ် နိုင်မှုရသလဲ၊ ဘယ်လောက်အထိ အန္တရာယ်ကင်းသလဲကို ကြည့်ပါတယ်။ စိတ်ချရတဲ့ အနေအထား ဖြစ်ပြီဆိုရင် နောက်ထပ်အဆင့်တွေဖြစ်တဲ့ ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှု၊ စိတ်ချရမှု၊ ထိရောက်မှု၊ ကာကွယ်ဆေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေက ဒါကို အသိအမှတ်ပြုနိုင်ခြင်း ရှိ/မရှိ၊ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ မူဝါဒချမှတ်သူတွေက ကာကွယ်ဆေးကို ထိုးနှံခွင့် ပေးသင့်/ မပေးသင့် ဒါတွေကို ဆုံးဖြတ်ပါတယ်။ စိတ်ချရပြီ၊ ကာကွယ်ဆေးထိုးနှံပေးပြီဆိုရင် ဘယ်လိုနောက် ဆက်တွဲတွေဖြစ်သလဲဆိုတာကို စောင့်ကြည့်ပါတယ်။
ဒါ့အပြင် ကာကွယ်ဆေးက ဘယ်လိုလူတွေမှာထိုးနှံရင် အကောင်းဆုံးရလာဒ်ကို ရမလဲ ဆိုတာတွေကို ကြည့်ပါတယ်။ စိတ်ချရတဲ့အဆင့်ရပြီဆိုမှသာ ကာကွယ်ဆေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့ အစည်း၊ WHO နဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေက အဆင့်ဆင့်ပြန်ပြီး အကဲဖြတ်စစ်ဆေးပြီး ဒီကာကွယ် ဆေးသည် အရေးပေါ်အသုံးပြုခွင့်ပေးသင့်တဲ့ ကာကွယ်ဆေး ဟုတ်/မဟုတ် ဆုံးဖြတ်တာဖြစ်တဲ့ အတွက် အဆင့်တိုင်းမှာ မှတ်ကျောက်တင်ခံနိုင်တဲ့ ကာကွယ်ဆေးတွေကိုသာ WHO က အသိအမှတ် ပြုတာဖြစ်ပါတယ်။ WHO က အသိအမှတ်ပြုပြီးတဲ့ ကာကွယ်ဆေးတွေကိုပဲ အသုံးပြုတာဖြစ်တဲ့ အတွက် ပြည်သူလူထုအနေနဲ့ စိတ်ချယုံကြည်စွာ ထိုးနှံနိုင်တယ်ဆိုတာကို ပြောကြားလိုပါတယ်။
အစီအစဉ်မှူး။ ။ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ ကာကွယ်ဆေးတွေရဲ့ အာနိသင်ထက်မြက်မှု၊ ဘေးကင်းလုံခြုံမှု၊ စိတ်ချရမှုကို သံသယမရှိပါနဲ့၊ တချို့တွေက ကာကွယ်ဆေးထိုးနှံဖို့ အဟန့်အတားလုပ်နေတာတွေ ရှိပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့သူတွေမှာလည်း ပိုးကူးစက်ခံရတယ် စသဖြင့် ဒါမျိုးတွေ ပြောနေ ကြတာလည်းရှိပါတယ်။ ကာကွယ်ဆေးတစ်ခု ထိုးနှံပြီး ကာကွယ်နိုင်မှု ဘယ်တော့ရသလဲ ဆိုရင် နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးမှာ နှစ်ကြိမ်အပြည့်ထိုးပြီး နှစ်ပတ်အကြာနောက်ပိုင်းမှာ ကာကွယ် နိုင်မှု ရပါတယ်။ တစ်ကြိမ်ထိုးပြီးရုံနဲ့ ကာကွယ်နိုင်မှုမရပါဘူး။ နှစ်ကြိမ်ထိုးပြီးပြီးချင်းလည်း ကာကွယ်နိုင်မှု မရပါဘူး။
ကာကွယ်ဆေးထိုးတဲ့အခါ အကြိမ်ပြည့်ထိုးပါ။ စနစ်တကျ ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာပြီးထိုးနှံပါ။ ကာကွယ်ဆေးထိုးနှံဖို့ စီစဉ်ပေးရတဲ့ တာဝန်ရှိသူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံသူတွေ အန္တရာယ်ကင်းရှင်းစေဖို့၊ ကူးစက်မှုမရှိစေဖို့ စနစ်တကျ ဆောင်ရွက်ပေး ကြဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးတွေ များများထိုး၊ မြန်မြန်ကာကွယ်ပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အစရှိတဲ့ ကဏ္ဍအသီးသီးမှာ သူများ ထက်နောက်ကျမကျန်ခဲ့ဖို့၊ အမီလိုက် နိုင်ဖို့ လိုပါတယ်။
ဒီလို အမီလိုက်နိုင်ဖို့ဆိုတာက လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကို အမြန် ဆုံး ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ လက်ရှိ တတိယလှိုင်းဖြစ်ပွားမှုက အတော်ကြီးကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် ပြည်သူတွေ ဒီအခြေအနေကောင်းကို လက်လွတ်မခံ ဘဲ ဆက်ပြီးရောဂါဖြစ်ပွားမှုတွေကို ထိန်းချုပ်နိုင်ဖို့၊ ရောဂါဖြစ်ပွားမှုတွေကနေ အမြန်ဆုံးကင်းလွတ် နိုင်ဖို့ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။
ကိုဗစ် - ၁၉ စည်းကမ်းတွေကို လိုက်နာမယ်၊ ကာကွယ်ဆေး ထိုးနှံခွင့်ရတဲ့သူတွေက အမြန် ဆုံးထိုးနှံမယ်ဆိုရင် မကြာခင်အချိန်အတွင်းမှာ မြန်မာနိုင်ငံက ကိုဗစ် - ၁၉ အန္တရာယ်ကနေ ကောင်းစွာထိန်းချုပ်နိုင်ပြီး ပုံမှန်လူနေမှုဘဝတွေ အမြန်ဆုံးစတင်နိုင်မှာ ဖြစ်ပါတယ်။ အသက် ဝဝ ရှူနိုင်တဲ့နေ့ ရောက်ရှိနိုင်ဖို့ဆိုတာ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီ အားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုလိုပါတယ်။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမယ့် ဆီဖြစ်တဲ့အထဲမှာ နှမ်းတစ်စေ့စီရဲ့ အားထုတ်ကြိုးပမ်းမှုတွေ ပါဝင်တာမို့ ကျွန်မတို့အတူ စုပေါင်းပြီး ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်း လိုပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။