
ရန်ကုန် မတ် ၁၂
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှစတင်၍ နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနတို့တွင် ကျောင်းသား ကျောင်း သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက် ရှိရာ စနစ်သစ်ပထမနေ့၌ မြန်မာစာ ဘာသာရပ်ကို ၁၂၈၈၀၁ ဦး ဖြေဆိုခဲ့ပြီး ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ဆက်လက်ဖြေဆိုကြသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးခြားမှုတစ်ခုအဖြစ် ရန်ကုန်မြို့ ဗိုလ် တထောင်မြို့နယ် အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာန၌ အသက် ၆၂ နှစ်ရှိ ဦးစိန်မြင့် ဝင်ရောက် ဖြေဆိုလျက်ရှိပြီး ယနေ့ အင်္ဂလိပ်စာ ဘာသာရပ်နေ့တွင်လည်း ဘာသာရပ် အပေါ် စိုးရိမ်မှုကင်းစင်စွာ ဖြေဆိုနိုင်ခဲ့ သောကြောင့် မိသားစုနှင့်အတူ ဝမ်းမြောက် ဂုဏ်ယူလျက်ရှိပြီး စာမေးပွဲဖြေဆိုလိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာပုံကို ဤသို့ ပြောကြားသည်။
“ကျွန်တော် ၁၉၈၂ ခုနှစ်မှာ တက္က သိုလ်ဝင်စာမေးပွဲကို ဆဗထ - ၁၉၈၉ ခုံအမှတ်နဲ့ ဖြေခဲ့ဖူးတယ်။ နဝမတန်း ကိုတော့ ဒလမြို့နယ် အမှတ်(၁)အထက် တန်းကျောင်းကနေ အောင်ခဲ့တာပါ။ ပညာကို လိုချင်ပေမယ့် မိဘရဲ့စီးပွားရေး အခြေအနေကြောင့် ပညာရေးရပ်ခဲ့ရ ပါတယ်။ အိမ်ထောင်ကျတဲ့အခါ မိသားစု အရေးနဲ့ ကလေးတွေ အနာဂတ်ကြိုးစား ပြီး မြေတောင်မြှောက်ပေးခဲ့ပါတယ်။ သားဖြစ်သူက လေးဘာသာဂုဏ်ထူးနဲ့ အောင်ပြီး ဆေးကျောင်းမရတဲ့အတွက် ကွန်ပျူတာတက္ကသိုလ်ကို ပို့နိုင်ခဲ့တယ်။ အခုသားက အမေရိကန်နိုင်ငံမှာ ဆော့ ဝဲလ်နဲ့ပတ်သက်တဲ့ လုပ်ငန်းမှာ လုပ်ကိုင် နေပါပြီ။ ကျွန်တော် တက္ကသိုလ်ဝင်တန်း အောင်ချင်တယ်၊ ဘွဲ့ပုံကိုသားနဲ့ အတူ ချိတ်ပြီး ကျွန်တော့မိဘကို ပြချင်တယ်။ ဖြေဆိုဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အခုမှ အကောင်အထည်ဖော်နိုင်ခဲ့တာပါ။ အသက်အရွယ်အရ အများကြီးကြိုးစား ရမယ်ဆိုတာလည်း သိထားပါတယ်။
“စာမေးပွဲအတွက် အိမ်မှာ Guide ခေါ်ပြီး ပြင်ဆင်ခဲ့တယ်။ စနစ်သစ်ဘာသာ ရပ်ဆိုတော့ မှတ်မှတ်ရရလည်း ကျန်ခဲ့ မှာပါ။ မြန်မာစာနေ့မှာ ကောင်းကောင်း ဖြေနိုင်ခဲ့တယ်။ ဒီနေ့အင်္ဂလိပ်စာကိုလည်း ဖြေနိုင်တာကြောင့် မိသားစုလည်း ဝမ်းသာနေကြပါတယ်။ တက္ကသိုလ်ဝင် တန်းစာမေးပွဲမှာ ရင်အခုန်ဆုံးအချိန်ဟာ သံချောင်းခေါက်သံနဲ့ မေးခွန်းစာရွက် စတင်ဝေတဲ့အချိန်ပါပဲ။ ဟိုတုန်းက ခံစား မှုကို အသက် ၆၀ ကျော်မှာ ပြန်လည်ခံစား ရရှိတာဟာ ဘာနဲ့မှလဲလို့မရတဲ့ ပညာရဲ့ ဂုဏ်သတ္တိလို့ ဆိုရမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာ အသက် ၇၀ ကျော် ဦးလေးတစ်ဦး လည်း ဖြေဆိုခဲ့ဖူးတာကြောင့် စာမေးပွဲ ဆက်ဖြေဖို့ ခွန်အားတစ်ခုလည်း ဖြစ်စေ ခဲ့ပါတယ်။ ကျွန်တော်ကြိုးစားပြီး ဖြေဆို သွားမှာပါ”ဟု ပြောကြားသည်။
ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်က “မနေ့က မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူတွေ ပျော်ပျော်ရွှင်ရွှင် ဖြေဆို သွားတာ တွေ့ရပါတယ်။ အမှတ်(၆) အထက်တန်းကျောင်း စာစစ်ဌာနမှာ အသက် ၆၂ နှစ်အရွယ် ဦးလေးတစ်ဦး ဖြေဆိုနေပါတယ်။ Grade – 12 ဘာသာ ရပ်ကို စိတ်ဝင်စားတာရယ်၊ တက္ကသိုလ် ဝင်တန်းအောင်မြင်လိုတဲ့ စိတ်ဆန္ဒတွေ ကြောင့် ဖြေဆိုတာလို့ သိရပါတယ်။ မြန်မာစာဖြေဆိုနိုင်ပြီးတော့ အင်္ဂလိပ်စာ ဖြေတဲ့နေ့မှာလည်း စိတ်အားထက်သန်စွာ လာရောက်ဖြေဆိုတာကို တွေ့ရပါတယ်။ အခုလို စိတ်ဝင်တစားဖြေဆိုတာ တွေ့ရ တော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ Grade– 12 သင်ရိုးသစ်ဘာသာရပ်နဲ့ပတ်သက်ပြီး နွေရာသီမှာ ဆရာ ဆရာမတွေကို မွမ်းမံ သင်တန်းတွေ ပေးသွားဖို့ ရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေ တက္ကသိုလ် ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြ ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ကလည်း ကူညီပေးကြပါတယ်။ စိတ်အေး ချမ်းစွာဖြေဆိုနိုင်အောင် အဘက်ဘက်က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့ ဌာန ဆိုင်ရာတွေကိုလည်း အထူးပဲကျေးဇူးတင် ပါတယ်”ဟု ပြောကြားသည်။
ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က “ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မကျင်းပမီ ကတည်းက တိုင်းဒေသကြီးအစိုးရအဖွဲ့က စာမေးပွဲကာလမှာ အုပ်ချုပ်ရေးအပိုင်းနဲ့ လုံခြုံရေးအပိုင်းမှာ စိတ်အေးချမ်းသာစွာနဲ့ အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်အောင် ဝိုင်းဝန်းပံ့ပိုးပါဆိုတဲ့ ညွှန်ကြားချက်ရှိ ပါတယ်။ အခုစာမေးပွဲက ထူးခြားမှုနှစ်ခု ရှိတယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။ ပထမအချက်က စနစ်သစ်စတင်ဖြေဆိုရ တဲ့နှစ်လည်း ဖြစ်ပါတယ်။ ပိုပြီးခက်ခဲ မလားဆိုတဲ့စိတ်လည်း ရှိနိုင်ပါတယ်။ ဒုတိယအချက်က ဗိုလ်တထောင် အမှတ် (၆) အထက်တန်းကျောင်း စာစစ်ဌာန မှာ အသက် ၆၂ နှစ်အရွယ် အမျိုးသား တစ်ဦး ဝင်ရောက်ဖြေဆိုနေတာဟာလည်း ထူးခြားမှုတစ်ခုပါပဲ။
“အချို့ နေရပ်စွန့်ခွာလာတဲ့ကလေး တွေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆို နိုင်အောင် စီမံဆောင်ရွက်ပေးဖို့ ညွှန်ကြား ထားတဲ့အတွက် အခြေခံပညာအဆင့်မှာ ၆၈ ဦး ပညာသင်ကြားခွင့် ရရှိခဲ့ပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ၁၁ ဦး ဖြေဆိုနေကြပါတယ်။ စာမေးပွဲဖြေဆိုနေ စဉ်အတွင်းမှာ အသံဆူညံမှုမရှိအောင်နဲ့ စာမေးပွဲဖြေဆိုခွင့်ကတ် မေ့ကျန်ခဲ့မှုများ ရှိရင် အမြန်ဆုံးသွားရောက်ယူဆောင်နိုင် အောင် ယာဉ်/ ဆိုင်ကယ်တွေ အသင့် ထားရှိပေးထားပါတယ်။ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်အောင် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ ရပ်ကွက်ပြည်သူ့လုံခြုံရေးအဖွဲ့တို့ ပူးပေါင်းပြီး ဗိုလ်တထောင်ခရိုင်အတွင်းက စာစစ်ဌာန ငါးခုက စာဖြေကျောင်းသား ၉၇၈ ဦးရဲ့ လုံခြုံရေးကဏ္ဍကို အပြည့်အဝ ဆောင်ရွက်ထားပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး အောင်မြင်ပြီးမြောက်တဲ့ အထိ ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ အင်္ဂလိပ်စာဘာသာရပ်၌ ကျောင်းသား ကျောင်းသူ ၁၈၀၄၅ ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး