
မန္တလေး ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်း ဒေသကြီးအတွင်း သင်ကြားနေသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံကျောင်းများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေး၊ ကျောင်းနေပျော်၍ စိတ်ဓာတ် မြင့်မားတက်ကြွစေရေး၊ အခက်အခဲများကို ဖြေရှင်း ပေးနိုင်ရေးအတွက် ကျောင်းများသို့ သွားရောက် ဆောင်ရွက်ပေးလျက်ရှိရာ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်ရှိ မြန်မာသတင်းအချက် အလက်နည်းပညာတက္ကသိုလ် (MIIT) မောင်မယ် သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ ယနေ့နံနက်ပိုင်း က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို နှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှာ နိုင်ငံတကာအဆင့်မီ ITပညာရပ်များ လေ့လာသင်ယူ နိုင်သော အခွင့်အလမ်းများရရှိနိုင်သည့် တက္ကသိုလ် တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၌ ဒီဂျစ်တယ်စီးပွားရေးအခြေခံအဆောက် အအုံများ တည်ဆောက်ရာတွင် ကွန်ပျူတာပရိုဂမ် အင်ဂျင်နီယာနှင့် အီလက်ထရွန်နစ် ဆက်သွယ်ရေး အင်ဂျင်နီယာများကို မွေးထုတ်ပေးရာနေရာတစ်ခု လည်းဖြစ်ကြောင်း၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပရော့ဂျက်များ၊ အသုံးချ သုတေသန များ ဖန်တီးဖော်ထုတ်နိုင်ရေး ကြိုးစားကြရမည် ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သင်ကြားရေးပိုင်းနှင့်စီမံခန့်ခွဲမှုပိုင်းတို့တွင် ကျွမ်းကျင်ပိုင်နိုင် စွာ တတ်မြောက်ထားပြီး အကောင်းဆုံးစိတ်ဓာတ် အကောင်းအဆုံးအရည်အချင်းတို့ဖြင့် စည်းလုံးညီညွတ် စွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ် တိုးတက်အောင်မြင်ရေးအတွက် တက္ကသိုလ်နှင့် လက်တွေ့လုပ်ငန်းခွင် ချိတ်ဆက်မှုအားကောင်းစေ ရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နှစ်အလိုက် ကျောင်းသား ကျောင်းသူများ၏ တေးသီချင်း သရုပ်ဖော်အကများ ဖြင့် ဧည့်ခံဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီးတိုင်းဒေသ ကြီးဝန်ကြီးချုပ်က အခမ်းအနားအတွက် ဂုဏ်ပြု ငွေကျပ်သိန်း ၂၀ နှင့် တက္ကသိုလ်များ အားကစား အဆင့်အတန်းမြင့်မားရေးအတွက် အားကစားပစ္စည်း များကို ပေးအပ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး) များ၊ သင်ကြားရေး ဆရာ ဆရာမများ၊ ဝန်ထမ်းများ နှင့်တွေ့ဆုံကာ ကျောင်း၏ လိုအပ်ချက်များ၊ ဆရာ ဆရာမများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက် ပေးကြောင်း သိရသည်။
သတင်းစဉ်