
နေပြည်တော် ဖေဖော်ဝါရီ ၆
နေပြည်တော်၌ ကျင်းပမည့်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ရိုးရာယဉ် ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာကြသည်။
တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များသည် ယနေ့နံနက်ပိုင်းမှ စတင်၍ အထင်ကရနေရာ များဖြစ်သည့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)၊ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာ ပြခန်း၊ အမျိုးသားပြတိုက်(ယာပုံ)နှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ သွားရောက်လေ့လာကြသည်။
ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင် နော်ကြူကြူသန်းက “အခုလို လေ့လာရေးခရီးစဉ်တွေ သွားရတဲ့အတွက် ကလေးတွေ ဝမ်းသာကြပါတယ်။ အမျိုးသား ပြတိုက်ကို ရောက်ရှိခြင်းအားဖြင့်လည်း ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို လေ့လာခွင့်ရတဲ့ အတွက် ဗဟုသုတတွေ တိုးပွားရပါတယ်” ဟု ပြောသည်။
တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့တွင် ကချင်ပြည်နယ်မှ ၃၃ ဦး၊ ကယားပြည်နယ်မှ ၂၈ ဦး၊ ကရင်ပြည်နယ်မှ ၄၀၊ ချင်းပြည်နယ်မှ ၃၇ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦးနှင့် ရခိုင်ပြည်နယ်မှ ၃၅ ဦး ပါဝင်ကြောင်း သိရပြီး လေ့လာရေးခရီးစဉ် ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၇ ရက်တွင် ဥပ္ပါတ သန္တိစေတီတော်၊ နေပြည်တော်ဗုဒ္ဓဂယာ၊ ရေပန်း ဥယျာဉ်၊ ကျောက်မျက်ရတနာပြတိုက်၊ လွှတ်တော် အဆောက်အအုံနှင့် Junction Centre တို့သို့ သွားရောက် လေ့လာကြမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်