တိုင်းရင်းသားညီအစ်ကိုများအကြား အပြန်အလှန်နားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှုတို့ကို အခြေခံလျက် စည်းလုံးညီညွတ်မှုတို့ကို တည်ဆောက်သွားကြရမည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် 
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၅)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်
 

 

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာပါခင်ဗျား-
ယနေ့ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျရောက်သော (၇၅)နှစ် မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ 

 


ရှမ်းပြည်နယ်သည် မိမိတို့နိုင်ငံ၏ အရှေ့ဘက်တောင်တန်းဒေသ များဖြစ်ပြီး ဧရိယာစတုရန်းမိုင်ပေါင်း    ခြောက်သောင်းခန့်ရှိကာ တစ်ဖက်နိုင်ငံများနှင့်လည်း ဆက်စပ်နေသဖြင့် နိုင်ငံအတွက် အရေး ပါသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။  ရှမ်း၊ ကချင်၊ ကယား၊ ပလောင်၊ ပအိုဝ်း၊ ဝ၊ ဓနု၊ ကိုးကန့်   စသည့်တိုင်းရင်းသားမျိုးနွယ်စု များစွာတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ဖြင့် စည်းလုံး ညီညွတ်စွာ အတူယှဉ်တွဲ စုပေါင်းနေထိုင်လျက်ရှိကြပြီး တောတောင် ရေမြေသဘာဝအလှအပများနှင့်    ပြည့်စုံသောဒေသဖြစ်ပါသည်။ ထို့ပြင်    မြေပေါ်မြေအောက်သယံဇာတများဖြစ်သည့်    သတ္တုရိုင်း တွင်းထွက်များ၊ ကျောက်မျက်ရတနာများ၊ ကျွန်းသစ်နှင့် သစ်တော ထွက်ပစ္စည်းများဖြင့်  ရေခံမြေခံကောင်းများလည်းရှိပြီး နယ်စပ် ဒေသကုန်သွယ်ရေးများဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ 

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်   နှစ်ပေါင်းများစွာ ကတည်းကပင် သမိုင်းအထောက်အထားအခိုင်အမာနှင့် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေများ ထွန်းကားခဲ့ပြီး တိုင်းရင်းသားလူမျိုးစုအားလုံးတို့ ခေတ်အဆက်ဆက် အေးအတူပူအမျှ အခြေချနေထိုင်လာခဲ့ကာ    ကမ္ဘာ့အလယ်တွင် ထင်ရှားစွာရပ်တည်လာခဲ့ကြပါသည်။ သို့ရာတွင် နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို ကျူးကျော်စစ်သုံးကြိမ်တိုင်တိုင် တိုက်ခိုက်သိမ်းယူခဲ့ခြင်းကြောင့် ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး  သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရပါသည်။

 


ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်တို့နှင့်ပူးပေါင်း၍ နယ်ချဲ့အင်္ဂလိပ်ကို မောင်းထုတ်နိုင်ခဲ့သလို   ၁၉၄၅  ခုနှစ်  မတ်လ ၂၇ ရက်နေ့တွင် မြန်မာ့မြေပေါ်မှ  အပြီးတိုင်   တိုက်ထုတ်နိုင်ခဲ့ကြ ပါသည်။    

 


ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့်နောက် ဗြိတိသျှစစ်တပ် များသည် ဗမာနိုင်ငံအား ပြန်လည်သိမ်းပိုက်ခဲ့ကြပါသည်။ ယင်းအချိန် ၌ ရှမ်းပြည်နယ် စော်ဘွားများ၊ လူထုခေါင်းဆောင်များနှင့် ပြည်သူ လူထုသည် စစ်ဘေးစစ်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရသည့်ကြားမှာပင် နိုင်ငံရေးအရ နိုးကြားတက်ကြွလာခဲ့ကြပါသည်။

 


စစ်မှန်သောလုံးဝလွတ်လပ်ရေးမရရှိမချင်း တိုက်ပွဲပေါင်းစုံ ဆင်နွှဲ နေကြမည်ဟူသော တိုင်းရင်းသားအားလုံး၏ ရင်တွင်းမှ ခိုင်မာပြင်းပြ သော သန္နိဋ္ဌာန်ဖြင့်   တိုင်းရင်းသားခေါင်းဆောင်များသည် တညီ တညွတ် တလုံးတစည်းတည်းစုပေါင်း၍ အင်တိုက်အားတိုက် ကြိုးပမ်း ခဲ့ကြပါသည်။ ထိုသို့လွတ်လပ်ရေးအတွက် ကြိုးပမ်းတိုက်ပွဲဝင်ခဲ့ကြ ရာတွင် ရှမ်းပြည်နယ်မှ ဝန်းသိုစော်ဘွားဦးအောင်မြတ်၊ ရှမ်းစော်ဘွား များနှင့် ရှမ်းတိုင်းရင်းသားများကလည်း ရွပ်ရွပ်ချွံချွံ ပူးပေါင်းပါဝင် ခဲ့ကြသည်မှာ ရှမ်းတိုင်းရင်းသားများ၏ မျိုးချစ်စိတ်ဓာတ်ကို ပေါ်လွင် စေခဲ့ပါသည်။ 

 


မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်    မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် အတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့်   လှည့်လည်တွေ့ဆုံ ဆွေးနွေးချိန်တွင် တောင်ကြီးမြို့သို့ဝင်ရောက်၍ ရှမ်းပြည်နယ်မှ စော်ဘွားများ၊ ကိုယ်စားလှယ်များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက်ပြီး တောင်တန်းဒေသများအပါအဝင် မြန်မာ တစ်နိုင်ငံလုံးကို အတူတကွ လွတ်လပ်ရေးပေးရန် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးခဲ့ပါသည်။

 


၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ  ၇ ရက်နေ့တွင် ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်များသည် ဗမာပြည်မနှင့်အတူ ပူးပေါင်း ၍ လွတ်လပ်ရေးအရယူမည့် သဘောတူဆုံးဖြတ်ချက်များကို  ရှမ်း ပြည်နယ် ပင်လုံမြို့၌ ချမှတ်နိုင်ခဲ့ပါသည်။ ထိုသို့ တောင်တန်း၊ ပြည်မ မခွဲခြားဘဲ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးကို အတူတကွရယူရန် ဆုံးဖြတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် ကျင်းပပြုလုပ်လာခဲ့သည်မှာ  (၇၅) နှစ်တိုင် ခဲ့ပြီဖြစ်ပါသည်။ ထို့ပြင် မကြာမီ ကျရောက်တော့မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုကာလလည်းဖြစ်သဖြင့်  ထူးခြား လေးနက်သည့် သဘောကိုဆောင်နေပါသည်။   ထို့ကြောင့်  ရှမ်း ပြည်နယ်နေ့သည် တိုင်းရင်းသားအားလုံး၊ မြန်မာတစ်မျိုးသားလုံး နှင့်သက်ဆိုင်သော နေ့ထူးနေ့မြတ် အခါသမယပင်ဖြစ်ပါသည်။

 


တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်း တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှအရေးပါလျက်ရှိသလို     နိုင်ငံတစ်နိုင်ငံတိုးတက်ရေး အတွက် ကြီးမားသော မောင်းနှင်အားတစ်ရပ်လည်း ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား သံသယများဖယ်ရှား ကာ ထာဝရငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်သွားရမည် ဖြစ်ပါ သည်။ ယနေ့အချိန်တွင် ငြိမ်းချမ်းရေး မရရှိသေးသည့် နယ်မြေဒေသ များရှိ ဒေသခံပြည်သူများသည် ရည်ရွယ်ချက်မဲ့သော   စစ်ပွဲများကို စိတ်ကုန်မုန်းတီးနေကြပြီဖြစ်ပါသည်။ မိမိတို့လူမှုဘဝဖွံ့ဖြိုးတိုးတက် ရေးနှင့် လုံခြုံအေးချမ်းစွာနေထိုင်လိုခြင်းသည် တိုင်းရင်းသား ပြည်သူ အားလုံး၏ တူညီပြင်းပြသောဆန္ဒပင်ဖြစ်ပါသည်။
ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား   အပြန်အလှန် နားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှုတို့ကို အခြေခံလျက် စည်းလုံးညီညွတ် မှုတို့ကို တည်ဆောက်သွားကြရမည် ဖြစ်ပါသည်။ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးတစ်ရက်စောပြီး တည်ဆောက်နိုင်လျှင်    ပြည်သူများ အတွက် တစ်ရက်စောပြီး အကျိုးရှိမည်ဖြစ်ပါသည်။    

 


ယနေ့အချိန်အခါတွင်        ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အစဉ်တစိုက်ကြိုးပမ်းမှုများကြောင့် ဆွေးနွေးပွဲများကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကျိုးကျေးဇူးများ တိုးတက်ရရှိနိုင် တော့မည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်   ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနှင့်   ဒီမို ကရေစီအသွင်ကူးပြောင်းရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင် လျက်ရှိပါသည်။ မြန်မာနိုင်ငံကြီးအား လွတ်လပ်မှု၊ လုံခြုံမှု၊ အေးချမ်း တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ   ဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက    ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ 

 


တိုင်းရင်းသားညီအစ်ကိုများအကြား ၁၉၄၇ ခုနှစ်က ပင်လုံတွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုပုံစံ မျိုးတို့ကို ပြန်လည်ရရှိအောင် တည်ဆောက်သွားကြရမည်ဖြစ်ပါသည်။

 


လွန်ခဲ့သော ၇၅ နှစ်က ပင်လုံမြို့ကလေးတွင်   တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သလို ယနေ့အချိန်အခါတွင်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အမြန်ဆုံးပြသနိုင်ဖို့   အားလုံး ဝိုင်းဝန်းကြိုးစားသွားကြရမည်ဖြစ်ပါသည်။

 


နိုင်ငံအတွင်း ယနေ့ဖြစ်ပေါ်ကြုံတွေ့နေရသည့် ဆူပူအကြမ်းဖက်မှု များကြောင့် တည်ငြိမ်အေးချမ်းမှုမရှိခြင်းအတွက်   တိုင်းရင်းသား ပြည်သူများအနေဖြင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ကြရပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေလျက်ရှိပါသည်။   နိုင်ငံနှင့် ပြည်သူအကျိုးကိုမကြည့်ဘဲ ပုဂ္ဂိုလ်စွဲ၊   ပါတီစွဲစိတ်ဖြင့်   လွဲမှားစွာ ဆောင်ရွက်နေသည့် လုပ်ရပ်များကို တိုင်းရင်းသားပြည်သူအားလုံးက အသိ၊ သတိဖြင့် သုံးသပ်ဆင်ခြင်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေး သတိပြုသင့်ကြပါသည်။ ထိုသို့မဟုတ်ပါက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေပြီး နိုင်ငံ၏ရှေ့ရေးမှာ   ရင်လေး ဖွယ်ရာကောင်းပါသည်။ သို့ဖြစ်ပါ၍ မိမိတို့တိုင်းရင်းသားပြည်သူ အားလုံးက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကို အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။ 

 


တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တရားမျှတခြင်း၊ လွတ်လပ် ခြင်း၊ သာတူညီမျှအခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဖက်ဒရယ်စနစ်ကိုအခြေခံသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား ပြည်သူအားလုံး ပင်လုံစိတ်ဓာတ်အရင်းခံကာ ချစ်ကြည်စည်းလုံးစွာဖြင့် နိုင်ငံတော်အစိုးရနှင့် အတူပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ