
နေပြည်တော် မတ် ၂၈
တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမို တည်ဆောက်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာလာစေရေးရည်ရွယ်၍ တိုင်းရင်းသား ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု(ဖိုရမ်)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာဆလိုင်းအန်ဒရူးငွန်ကျုံးလျန်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသော တိုင်းရင်းသား ကိုယ်စားလှယ်များ၊ Facilitator(ကူညီဆောင်ရွက် ပေးသူ)များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုရရှိရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အထောက် အကူပြုစေရေးအတွက် ဆောင်ရွက်သင့်သည့်အချက် များကိုသိရှိပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေရန်၊ အနာဂတ်နိုင်ငံတော် အေးချမ်းသာယာစေရန်၊ တစ်ဦးနှင့်တစ်ဦး အမြင်ချင်း ဖလှယ်၍ ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုခိုင်မာလာ စေရန် ရည်ရွယ်ချက်များဖြင့် ဆွေးနွေးမှု(ဖိုရမ်)ကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဖိုရမ်ကျင်းပသည့် နှစ်ရက်တာကာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(Union Peace Dialogue Joint Committee-UPDJC) သုံးပွင့်ဆိုင်မှ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမို အားကောင်းလာစေရန် ဆောင်ရွက်သင့်သည့် အချက်များ၊ တိုင်းရင်းသားရေးရာနှင့် NCA ဆိုင်ရာ သုံးသပ်ခြင်းများ၊ ဒေသအလိုက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုအခြေအနေများ၊ ငြိမ်းချမ်းရေး အတွက် အထောက်အကူပြုစေမည့် ဆောင်ရွက်သင့် သည့်အချက်များ စသည်တို့ကို ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း။
ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် အကျိုးရလဒ် များကိုအခြေခံ၍ နိုင်ငံတော်က ချမှတ်ထားသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ အတွက် မိမိတို့အနေဖြင့် ပိုမို၍ ပူးပေါင်းဆောင်ရွက် လာနိုင်မည်ဖြစ်သဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြ စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်၊ တိုင်းဒေသကြီး/ ပြည်နယ် များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ပထမနေ့ နံနက်ပိုင်းဆွေးနွေးမှုအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က UPDJC သုံးပွင့်ဆိုင်မှ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများ အပိုင်း(၁)ကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သင့်သည့်အချက်များကို လည်းကောင်း ဆွေးနွေးကြသည်။
ဆွေးနွေး
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က တိုင်းရင်းသားရေးရာနှင့် NCA ဆိုင်ရာသုံးသပ်ခြင်း အပိုင်း(၁)ကို ဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းအန်ဒရူးငွန်ကျုံးလျန်က ဒေသအလိုက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက အုပ်စု သုံးစုခွဲ၍ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ၏ မြေပြင်အခြေအနေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ ပိုမို အားကောင်းလာစေရေးအတွက် ဖြည့်ဆည်းပံ့ပိုးပေး နိုင်မည့် အခြေအနေများကို ခေါင်းစဉ်များအလိုက် ဆွေးနွေးအကြံပြုကြသည်။
အဆိုပါဖိုရမ်မှ ပညာရှင်များ မျှဝေပေးသော နည်းလမ်းကောင်းများကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးများ နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် အကျိုး ကျေးဇူးများစွာရရှိမည်ဖြစ်ပြီး ဖိုရမ်ကို မတ် ၂၈ ရက်မှ ၂၉ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်