
နေပြည်တော် ဇန်နဝါရီ ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန် (၃)၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၏ စားသောက် ရေးနှင့် သက်သာချောင်ချိရေး အထောက်အကူ ဖြစ်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်မည့် မြေနေရာကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း မှာကြား သည်။
ချီးမြှင့်ငွေများပေးအပ်
ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံ၍ လက်ရှိ ပညာသင်ကြားရေးကာလတွင် ပညာရပ်များကို ကြိုးစားသင်ယူရေး၊ နိုင်ငံ၏သမိုင်းကြောင်းနှင့် ပထဝီဝင်အနေအထား၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေတို့ကို မှန်ကန်စွာသိရှိပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ကြွစွာ ပူးပေါင်း ပါဝင်ရေး၊ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ့ ဝန်ထမ်းကောင်းများ ပီသစွာ တာဝန်ထမ်းဆောင် ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံ ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရေး စသည်တို့ကို ရှင်းလင်းမှာကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများ အတွက် ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် ဒီဂရီကောလိပ်အစည်းအဝေးခန်းမ တွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
နေ့လယ်စာသုံးဆောင်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် A.G.T.I (ဒီပလိုမာ) ဒုတိယနှစ် (ဒုတိယနှစ်ဝက်) သင်တန်းများတွင် တက်ရောက် လျက်ရှိသည့် ကျောင်းသား ကျောင်းသူများ စာသင်ခန်းအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ သင်ကြားနေမှု၊ ကျောင်းဝင်းအတွင်းရှိ အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေ၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်း တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဗဟိုလေ့ကျင့်ရေး ကျောင်းသို့ ရောက်ရှိပြီး သင်တန်းခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ သင်တန်း နည်းပြ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်း သား၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စားရိပ်သာများ၊ အိပ်ဆောင်များနှင့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး သင်တန်းဖွင့်လှစ်မည့် စာသင် ဆောင်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်နှင့် အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်းပို့ချနေမှုများကိုလည်းကောင်း၊ ဝန်ထမ်းအိမ်ရာ မြေလွတ်နေရာ တွင် ဆောင်ရွက်လျက်ရှိသည့် Green House များနှင့် ငါးကန်တွင် ငါးမွေးမြူထားရှိမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ယာဉ်၊ ယန္တရားကြီး များ၏ ထိန်းသိမ်းထားရှိမှုနှင့် ကြံ့ခိုင်မှုတို့ကို လည်းကောင်း၊ ဝန်ထမ်းမိသားစုဝင်များ တစ်ပိုင် တစ်နိုင် စိုက်ပျိုးထားသည့် ရာသီသီးနှံစိုက်ခင်းများ၊ ကြက်ခြံများနှင့် ငါးမွေးမြူရေးကန်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်