
နေပြည်တော် ဒီဇင်ဘာ ၂၁
တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် အစွမ်းထက် တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရန်၊ ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များဖြစ်လာစေရေး လေ့ကျင့်သင်ကြား ပေးရန်နှင့် ပြည်သူလူထု၏ ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပိုမိုထိရောက်စွာ စောင့်ရှောက်မှု ပေးရန်ရည်ရွယ်၍ (၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့ဒီဇင်ဘာ (၂၁) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြ သည့် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန မှ တာဝန်ရှိသူ၊ တိုင်းရင်းဆေးထုတ်လုပ်သူ၊ စာတမ်းဖတ်ကြားသူနှင့် မြန်မာ့တိုင်းရင်းဆေး တက္ကသိုလ်မှ ကျောင်းသူတို့၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။
ဒေါ်စုစုဒွေး
(ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန)
အခုကျင်းပတဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကတော့ (၂၂) ကြိမ်မြောက် ဖြစ်ပါတယ်။ ဒီညီလာခံကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းရင်းဆေးပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်း ဆေးပညာဦးစီးဌာနနဲ့ ပြည်တွင်း၊ ပြည်ပ နှီးနွှယ် ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်ဖို့၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး မြင့်မားတဲ့ အစွမ်းထက် တိုင်းရင်းဆေးဝါးအသစ် တွေပေါ်ထွက်လာစေဖို့၊ တိုင်းရင်းဆေးပညာရှင်တွေ က ပြည်သူလူတွေရဲ့ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ဖို့အတွက် အရည်အသွေး ပြည့်ဝတဲ့ တိုင်းရင်းဆေးပညာရှင်တွေ ဖြစ်လာအောင် ပြုစုလေ့ကျင့်သင်ကြားပေးဖို့နဲ့ ပြည်သူလူထုတွေကို တိုင်းရင်းဆေးပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေ၊ အသိပညာပေးတာတွေကို ပိုမိုပြီး ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ ညီလာခံမှာ အဆိုပြုချက် ၄ ချက်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုနဲ့အညီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့အတူ တိုင်းရင်းဆေးပညာဦးစီးဌာနအနေနဲ့ တိုင်းရင်းဆေး ကောင်စီ၊ တိုင်းရင်းဆေးပညာအသင်း၊ တိုင်းရင်းဆေး အကြံပေးအဖွဲ့၊ တိုင်းရင်းဆေး လုပ်ငန်းရှင်များ အသင်း၊ တိုင်းရင်းဆေးတက္ကသိုလ်တို့နဲ့ ပူးပေါင်းပြီး တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ညီလာခံက တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်တာဖြစ်တယ်။ နှီးနှောဖလှယ်ပွဲမှာ တိုင်းရင်းဆေးရဲ့ ရိုးရာအမွေအနှစ်တွေကို ဆက်လက် ထိန်းသိမ်းဖို့ဖြစ်ပြီး တိုင်းရင်းဆေးတွေကို တိုင်းရင်း ဆေးရဲ့ ရိုးရာအမွေမပျောက်ဘဲ ပိုမိုအရည်အသွေး ကောင်းအောင်လုပ်ဖို့ ဖော်ထုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာ တိုင်းရင်းဆေးပညာတွေနဲ့ ရှေးစဉ်ဆက် မိရိုးဖလာ သုံးစွဲခဲ့တဲ့ ဆေးနည်းတွေကို နှီးနှောဖလှယ်ပွဲမှာ တင်ပြပြီး ရိုးရာအမွေကို ဆက်လက်ထိန်းသိမ်းသွား မှာဖြစ်ပါတယ်။ နှီးနှောဖလှယ်ပွဲကနေ ရိုးရာအမွေ ကို ထိန်းသိမ်းပြီးရလာတဲ့ တိုင်းရင်းဆေးတွေကို အစွမ်းထက်မှုရှိလား၊ ဘယ်လိုရောဂါတွေကို ကုသ လို့ရသလဲဆိုတာ တိုင်းရင်းဆေးပညာဦးစီးဌာနနဲ့ တိုင်းရင်းဆေးတက္ကသိုလ်ကနေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ (၂၁) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲမှာ ပတ္တမြား သွေးဆေးနီ တင်ပြခဲ့တာရှိပါတယ်။ ဒီဆေးကို သုတေသနဆောင်ရွက်တဲ့အခါမှာ တကယ်သုံးစွဲလို့ ကောင်းတဲ့ဆေးဆိုတာ တွေ့ရှိခဲ့ပါတယ်။ မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပတဲ့ အခါမှာ တိုင်းရင်းဆေးရဲ့ ရိုးရာအမွေအနှစ်တွေကို ဖော်ထုတ်ရရှိသလို တိုင်းရင်းဆေး ပညာရှင်ကြီးတွေနဲ့ တွေ့ဆုံခွင့်ရပြီးဌာနအတွက် အကြံဉာဏ်ကောင်းတွေ လည်းရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။
ဒေါ်ကေသီမာ (ဒုတိယပါမောက္ခ၊ ကလေးရောဂါ
ပညာဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်)
ကျွန်မအနေနဲ့ တင်ပြသွားမယ့် စာတမ်းခေါင်းစဉ် က သတ္တုအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြစ်ပါ တယ်။ သတ္တုလို့ပြောတဲ့အတွက် ကြေးသတ္တု၊ သံသတ္တုအကြောင်း မဟုတ်ပါဘူး။ အပင်ထွက်ပစ္စည်း တွေရဲ့ သတ္တုအကြောင်းဖြစ်ပါတယ်။ သတ္တု အကြောင်း သိကောင်းစရာ စာတမ်းခေါင်းစဉ်နဲ့ တင်ပြရတဲ့ရယ်ရွယ်ချက်က အပင်ထွက်ပစ္စည်းတွေရဲ့ သတ္တုတွေကို သိရှိစေဖို့၊ သတ္တုပြုလုပ်ပုံကို သိရှိစေဖို့၊ သတ္တုရဲ့အရသာတွေကို သိရှိစေဖို့နဲ့ အသုံးပြုရမယ့် ရောဂါတွေအကြောင်းကို သိရှိစေဖို့ ဖြစ်ပါတယ်။ အပင်မှာရှိတဲ့ အဆီအနှစ်တွေကို ထုတ်ယူတာကို သတ္တုလို့ခေါ်ပါတယ်။ အရည်သတ္တု၊ အဖတ်သတ္တု၊ ဆားသတ္တုနဲ့ ဓာတ်သတ္တုဆိုပြီး သတ္တုလေးမျိုးရှိပါ တယ်။ အဲဒီထဲကမှ ဆားသတ္တုတစ်ခုဖြစ်တဲ့ ရုက္ခ မူဆားသတ္တုကို ဆီးလမ်းကြောင်းနဲ့ အစာအိမ်အချဉ် ပေါက်ရောဂါတွေမှာ အသုံးပြုပါတယ်။ အခုစာတမ်း တင်သွင်းထားတာက ရုက္ခမူဆားသတ္တုကို အစာအိမ် အချဉ်ပေါက်ရောဂါ ကုသရာမှာ အာနိသင်ရှိကြောင်း တင်ထားတာပါ။ တောကြက်မောက်ဆူးပြန်ဆား၊ ထန်းနို့ဆား၊ ဟင်းနုနွယ် ဆူးပေါက်ဆားနဲ့ ကန့်ဂလာ ဆားကို ရုက္ခမူဆားသတ္တုချက်ပြီး ပျားရည်၊ သံပရာ ရည်တို့နဲ့ ရောပြီးတိုက်ရင် အစာအိမ်အချဉ်ပေါက် ရောဂါ ပျောက်ကင်းပါတယ်။ ရုက္ခမူဆားသတ္တု ကို ကိုယ်ဝန်ဆောင်မိခင်၊ သွေးအားနည်းတဲ့ရောဂါ၊ လေပူ ပန်းနှင့် သလိပ်ပန်းရောဂါတွေကို ကုသနိုင်ပြီး နှလုံး ရောဂါရှိတဲ့သူတွေကတော့ အသုံးပြုလို့မရပါဘူး။
ဦးစိန်လွင်
(ရွှေရောင်စဉ်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)
ကျွန်တော်က တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင်အနေနဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော် များ ညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှော ဖလှယ်ပွဲကို တက်ရောက်တာပါ။ ရွှေရောင်စဉ် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးက ထုတ်တဲ့ဆေး တွေကို ပြခန်းအဖြစ် ခင်းကျင်းပြသတာ ဒီနှစ်နဲ့ဆို နှစ်ကြိမ်ရှိပါပြီ။ ပြခန်းမှာ ရွှေရောင်စဉ်တိုင်းရင်း ဆေးဝါး ထုတ်လုပ်ရေးက ထုတ်တဲ့အပူငြိမ်းသွေးဆေး၊ ဝမ်းမှန်ဆေး၊ ရှူလိမ်းဆေး၊ ပရုတ်ဆီနဲ့ ဆေးမြစ်စုံ ဒဏ်ကျေလိမ်းဆေးဆိုပြီး ဆေးငါးမျိုးကို ခင်းကျင်း ပြသထားပါတယ်။ ဆေးငါးမျိုးထဲကမှ ဆေးမြစ်စုံ ဒဏ်ကျေလိမ်းဆေးဆိုရင် တောင်တန်ကြီ၊ သက်ရင်း ကြီးမြစ်၊ ပရုတ်၊ နလင်ကျော်၊ တောရှောက်မြစ်၊ ထင်းရှူးတုံး၊ ရင်းပြား၊ နံ့သာနီ၊ မိဿလင် စတဲ့ ဆေးတွေကို အချိုးကျကျ ဖော်စပ်ထားတဲ့အတွက် အာနိသင်ကောင်းပြီး အနံ့ကလည်း နံ့သာအနံ့သင်း ပျံ့စေပါတယ်။ ဒီဆေးကို အသုံးပြုတဲ့သူအတွက် ရောဂါပျောက်ကင်းပြီး ခံစားမှုကိုလည်း ကောင်းစေ ပါတယ်။ ရွှေရောင်စဉ်တိုင်းရင်းဆေးဝါး ထုတ်လုပ် ရေးက ထုတ်တဲ့ဆေးတွေထဲမှာ ဆေးမြစ်စုံဒဏ်ကျေ လိမ်းဆေးဟာဆိုရင် အခုဈေးကွက်ထဲမှာ ရောင်းအား အကောင်းဆုံး ဖြစ်ပါတယ်။
တိုင်းရင်းဆေးက ပြည်သူလူထုရဲ့ ကျန်းမာရေး အတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဆေးနယ်ပယ်မှာဆိုရင် တိုင်းရင်းဆေးကို ၈၅ ရာခိုင် နှုန်းလောက် လူတွေအသုံးပြုတယ်လို့ မှတ်တမ်းများ အရ သိရပါတယ်။ ညီလာခံကျင်းပတဲ့အတွက် ရှေးရိုး သမားစဉ် ဆေးနည်းတွေနဲ့ စာတမ်းတွေကနေ အလားအလာကောင်းတဲ့ တိုင်းရင်းဆေးတွေ ပေါ်ထွက်လာပြီး တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက် လာမယ်လို့ ပြောချင်ပါတယ်။ ဆေးဝါးထုပ်ပိုးမှု အပိုင်းမှာ သာမန်အားဖြင့် ဆေးတော်တော်များက ရှေးနည်းအတိုင်းပဲ သမားရိုးကျ လုပ်ကြတယ်။ ကျွန်တော်တို့က နောက်ပိုင်းမှ ထုတ်လုပ်တဲ့ လုပ်ငန်းရှင်ဖြစ်တာကြောင့် ထုပ်ပိုးမှုအပိုင်းကို နိုင်ငံ တကာကိုလေ့လာတယ်။ ဆေးတွေကို နိုင်ငံတကာကို ထိုးဖောက်ပြီး ရောင်းချလို့ရအောင် ဆေးအညွှန်း တွေကို မြန်မာလိုရော အင်္ဂလိပ်လိုပါ သေချာရိုက်နှိပ် ပြီး ထုပ်ပိုးမှုအပိုင်းကို ခေတ်မီအောင် ထုတ်လုပ်ထား ပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်ဝန်ကြီးချုပ် Video Message မိန့်ခွန်းထဲမှာ ပြောကြားသွားတဲ့ ဝိသမဆေးဆိုရင် ဟိုအရင်ကတည်းက ရှိနေတဲ့ တိုင်းရင်းဆေးကို ဖော်ထုတ်ပြီး ကိုဗစ်-၁၉ ရောဂါ ကို ပျောက်ကင်းအောင် ကုသလို့ရတဲ့ဆေးဆိုတာ သိရတယ်။
မနော်ဟေဇလ်ညီညီထွန်း (ဒုတိယနှစ်၊ မန္တလေး
မြန်မာ့တိုင်းရင်းဆေးတက္ကသိုလ်)
ဒီနေ့ကျင်းပတဲ့ပွဲကို လေ့လာသူကိုယ်စားလှယ် တစ်ဦးအနေနဲ့ လာရောက်လေ့လာတာပါ။ လေ့လာ တဲ့အခါ နာမည်ကြီး တိုင်းရင်းဆေးဝါးတွေရဲ့ ထုတ်လုပ်ပုံနဲ့ တိုင်းရင်းဆေး ရှေးသုံးနည်းအစဉ် အလာတွေကို တွေ့ရပါတယ်။ တိုင်းရင်းဆေး ပညာ ရှင်ကြီးတွေနဲ့လည်း ညီလာခံမှာ မိသားစုတွေလို တွေ့ဆုံခွင့်ရတယ်။ အခုလိုလာရောက်လေ့လာပြီး ရရှိလာတဲ့ အတွေ့အကြုံတွေကို သူငယ်ချင်းတွေနဲ့ ကျောင်းမှာ ပြန်လည်ဝေမျှသွားမှာပါ။ နိုင်ငံတော် ဝန်ကြီးချုပ်က မိန့်ခွန်းထဲမှာ မြန်မာ့တိုင်းရင်းဆေး ပညာကို အရင်ခေတ် အဆက်ဆက်ကတည်းက သုံးစွဲလာတဲ့အတိုင်း ရှေးမူမပျက်ဘဲ ဆက်လက် အသုံးပြုသွားဖို့နဲ့ မြန်မာ့တိုင်းရင်းဆေးနည်းတွေကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်းသွားကြဖို့ သတိပေး ပြောကြားပေးတဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။
တွေ့ဆုံမေးမြန်း-ဟိန်းမင်းစိုး
ဓာတ်ပုံ-HMS