တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  
အသက် ၁၂ နှစ်နှင့်အထက်  အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှု ကြည့်ရှုအားပေး

 

နေပြည်တော် အောက်တိုဘာ ၂၃ 


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံ ခြင်းသည်  အဓိကအခန်းကဏ္ဍတွင်   ပါဝင်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို  အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည့်အခြေအနေရှိပါက ကျောင်းသား၊ ဆရာ၊  မိဘများ စိတ်အေးချမ်း သာစွာဖြင့်  စာပေပညာသင်ကြားနိုင်ရေး၊ အသက် ၁၂နှစ်နှင့်အထက်  ကျောင်းသား   ကျောင်းသူများ အား  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများကို အောက်တိုဘာ ၁၂ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  ထိုးနှံပေးလျက်ရှိသည်။

 


ထိုသို့ ကျောင်းသား၊    ကျောင်းသူများကို   ကာကွယ်ဆေးထိုးနှံပေး လျက်ရှိရာ နေပြည်တော်ရှိ  မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်ခန်းမ၌   အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေများကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ  သက်ခိုင်ဝင်း၊  ဒေါက်တာ  သက်သက်ခိုင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်တို့နှင့်အတူ သွားရောက်ကြည့်ရှုအားပေးစကား  ပြောကြားသည်။     ထို့နောက်  ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ကျောင်းသား၊  ကျောင်းသူ များအား Mask များ အခမဲ့ပေးဝေခဲ့ပြီး ကာကွယ်ဆေး  ဒုတိယအကြိမ် ထိုးနှံပြီးသူများအား ကာကွယ်ဆေးထိုးမှတ်တမ်း ကတ်ပြားထုတ်ပေး နိုင်ရန်အတွက်  QR Code စနစ်ဖြင့် ဆောင်ရွက်ထားသည့် အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။

 


အဆိုပါမင်္ဂလာဗျူဟာခန်းမတွင်   အသက်  ၁၂  နှစ်နှင့်အထက်  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာ ၁၂ရက် မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိပြီး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ  ၁၁၅၅၆ ဦးကို  ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ရာ ယနေ့အထိ ၃၈၁၄ ဦး ထိုးနှံပြီးစီးခဲ့ကြောင်း နှင့် ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများကို  ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်