တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဇန်နဝါရီ   ၁၂


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင်  ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့်   တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး  အသက်  (၄၀)  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ် ရေးစခန်းများ၊       ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ   ပြည်သူများ၊   အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့်  ဦးတည်အုပ်စု များသတ်မှတ်၍   တပ်မတော်မှ   ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ    ဆရာဝန်များ၊   သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။

 


ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၁ ရက် နှင့်     ယနေ့တွင်      ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ  မြို့နယ် ၁၄ မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၆၈၉   ဦး၊   ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်လေးမြို့နယ်၌   ဒေသခံပြည်သူ   ၁၂၆၉  ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၂၄၁ ဦး၊ တနင်္သာရီ တိုင်းဒေသကြီး  မြိတ်မြို့နှင့်   ပုလောမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၃၂၀ ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၈၈၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၂၅၅၃ ဦး၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၅၁၅ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၇၂၁၀ နှင့် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ်တို့၌ သံဃာတော် နှစ်ပါး၊ ဒေသခံပြည်သူ ၈၅၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက    ပြည်သူ့ဆေးရုံများမှ    ဆရာဝန်များ၊ သက်ဆိုင်ရာ   ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ ဝန်ထမ်းများနှင့်   ပူးပေါင်း၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ   ဆောင်ရွက်ပေး နိုင်ခဲ့သည်။ 

 


ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ဇန်နဝါရီ ၁၁ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)    ကျောက်မဲမြို့နှင့်    မူဆယ်မြို့တို့၌ ကျောင်းသား ကျောင်းသူ ၂၅၆ ဦး၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၇၂၈ ဦး၊ ပဲခူးတိုင်းဒေသကြီး ထန်းတပင် မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၆၂၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

 


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ         တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။ 


သတင်းစဉ်