
နေပြည်တော် ဇန်နဝါရီ ၁၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ် နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ များ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုးနှံပေး
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်၌ ဒေသခံပြည်သူ ၃၈၂၂ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် လေးမြို့နယ်၌ ဒေသခံပြည်သူ ၆၁၃ ဦး၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်၌ ဒေသခံပြည်သူ ၂၇၉၀၊ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ဒေသခံပြည်သူ ၉၇၅ ဦး၊ ရန်ကုန် တိုင်းဒေသကြီး ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ် ၌ ဒေသခံပြည်သူ ၁၂၃၀၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၂၃၈၀၉ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၌ ဒေသခံပြည်သူ ၁၃၄၀၁ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံ ပြည်သူ ၇၄၃၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နှင့် မဘိမ်းမြို့၌ ကျောင်းသား ကျောင်းသူ ၄၆ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၇၃၂ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။
ကြည့်ရှုအားပေး
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်