
နေပြည်တော် ဇွန် ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာ ကော်မတီဝင် များ၊ သမဝါယမအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ် မြောက်ဦးဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် စစ်တွေမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး၌ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ် ဦးစီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကျေးရွာ ကော်မတီဝင်များနှင့် တွေ့ဆုံကာ မြောက်ဦးမြို့နယ်ရှိ မောင်ရွှီကန်ကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းဆိုင်ရာများကို ညှိနှိုင်း ဆွေးနွေးကြသည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အခြေခံမူ (၁၅) ချက်နှင့် ကိုက်ညီသော ကျေးရွာများအား ခေတ်မီစံပြကျေးရွာ များအဖြစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရ၏ ထောက်ပံ့မှုများဖြင့် ဝန်ကြီးဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေသကဲ့သို့ ကျေးရွာလူထုမှလည်း မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းပါဝင်ကာ အစိုးရနှင့် ပြည်သူ တက်ညီလက်ညီဖြင့် ဆောင်ရွက်ပါက အောင်မြင်နိုင် မည်ဖြစ်ပါကြောင်း ပြောကြားပြီး ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကျေးရွာကော်မတီဝင်များ၏ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုဏ္ဏားကျွန်း မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ် အတွင်း စုပေါင်းလယ်ယာစနစ် ဆောင်ရွက်မည့် တောင်သူများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အဆိုပါ မြို့နယ် သုံးမြို့နယ်အတွင်း စုပေါင်းလယ်ယာစနစ် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကိုလည်း ကောင်း၊ ဓညဝတီ မျိုးစေ့ထုတ်သမဝါယမအသင်း အတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်ကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်