
နေပြည်တော် မေ ၃
ကဆုန်လပြည်နေ့ဖြစ်သည့် ယနေ့သည် ဘုရား အလောင်းတော် သုမေဓာရှင် ရသေ့ဘဝတွင် ဒီပင်္ကရာ မြတ်ဘုရားခြေတော်ရင်း၌ နိယတဗျာဒိတ် ပန်းဆင်မြန်းခဲ့သော နေ့ဖြစ်ခြင်း၊ သိဒ္ဓတ္ထမင်းသား အဖြစ် ဖွားမြင်သောနေ့ဖြစ်ခြင်း၊ မြတ်စွာဘုရားရှင် သည် ဗောဓိဟူသည့် သဗ္ဗညုတဉာဏ်တော်ကို ရရှိ ပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေ့ဖြစ် ခြင်းနှင့် မြတ်ဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူသော နေ့ဖြစ်ခြင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင် တို့အတွက် အလွန်ပင်ထူးခြားမွန်မြတ်သည့် နေ့ထူး နေ့မြတ်ဖြစ်သည်။
မဟာဗောဓိပင်ဆိုသည်မှာ ဘုရားအလောင်း တော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောနေ့တွင် အတူတကွ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် ဖွားဖက်တော် ခုနစ်ပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်ရှိစေရန် များစွာအထောက် အကူပြုခဲ့သည့်အတွက် မဟာဗောဓိပင်သည် ပရိဘောဂစေတီထိုက်သော စေတီတော် တစ်ဆူ လည်းဖြစ်သည်။ ကဆုန်လသည် မြေကြီးဓာတ်တွင် ရေပြတ်လပ်သည့် နွေကာလဖြစ်သည့်အတွက် ဗောဓိပင်တော်များကို ကဆုန်ညောင်ရေသွန်းလောင်း ခြင်းလည်းဖြစ်ရာ မြန်မာတို့သည် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာနှင့် ဘာသာတရား၏ အဆုံးအမ တို့ဖြင့် ကဆုန်ညောင်ရေသွန်းပွဲကို နှစ်စဉ်ကျင်းပ လေ့ရှိကြသည်။
ထိုသို့ ကဆုန်ညောင်ရေသွန်းလောင်းပွဲများကို ရွှေတိဂုံစေတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပ ပြုလုပ်သည့် ညောင်ရေသွန်းပွဲအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ ဘုရားပုထိုးစေတီများ၌ ယနေ့တွင် ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီး မှ တိုင်းမှူးများ၊ တာဝန်ရှိသူများ၊ ဝတ်အသင်းများ၊ ရေကြောင်းလူငယ်သင်တန်းနှင့် လေကြောင်းလူငယ် သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး သတ်မှတ်နေရာများအလိုက် မဟာဗောဓိပင်များကို ညောင်ရေသွန်းလောင်းလှူ ကြ၍ အမွှေးနံ့သာရည် ပက်ဖျန်းခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်။
ထို့ပြင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည် ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်း များ၌ ကုသိုလ်ဒါန သီလပွားများခြင်းစသည့် သူတော် ကောင်းတရားများကို အားထုတ်ဆောင်ရွက်ကြ သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် စည်ကားသိုက်မြိုက်စွာ လာရောက် ဖူးမြော် ကြည်ညိုလျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်