
နေပြည်တော် ဇူလိုင် ၁၉
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင် များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
သွားရောက်လှူဒါန်း
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ အထွေထွေရောဂါကု ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင်အိုး အလုံး ၅၀ နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုးအလုံး ၄၀ တို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော် သားများကလည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး၊ မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံ၊ နမ့်လန်ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံနှင့် သီပေါမြို့ပြည်သူ့ ဆေးရုံများသို့ အောက်ဆီဂျင်အိုး ၅၅ လုံးကို အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား များနှင့် Corner Stone ကုမ္ပဏီမှ တာဝန်ရှိသူများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး(ကုတင်-၅၀၀)နှင့် လပွတ္တာမြို့ (၃)မိုင်မြို့သစ်ရှိ (ခုတင်-၂၀၀)ဆေးရုံကြီးသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် အလှူရှင်များက အောက်ဆီဂျင်အိုး ၈၆ လုံးကိုလည်းကောင်း၊ ရခိုင်ပြည်နယ် မင်းပြားမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ငါးလုံး၊ တောင်ကုတ်မြို့ ပြည်သူ့ ဆေးရုံသို့ အောက်ဆီဂျင်အိုး အလုံး ၆၀၊ သံတွဲမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး အလုံး ၄၀ နှင့် ဂွမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၁၀ လုံး တို့ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများကလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများက အောက်ဆီဂျင်အိုးအလုံး ၄၀ ကို လည်းကောင်း သွားရောက်လှူဒါန်းကြရာ တာဝန် ရှိသူများက လက်ခံရယူခဲ့ကြသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်း၌ အောက်ဆီဂျင်စက်နေရာချထားမှု နှင့် စက်တပ်ဆင်နေမှုများနှင့် Corner Stone ကုမ္ပဏီပိုင် စက်မှုသုံးအောက်ဆီဂျင်စက်ရုံအစား ကျန်းမာရေးသုံး အောက်ဆီဂျင်စက်ရုံအဖြစ် ပြောင်းလဲပြုပြင်တပ်ဆင်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘော ကျင်းဌာနချုပ်၊ အောက်ဆီဂျင်စက်ရုံမှ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၅၀ ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက်လူမှု အဖွဲ့အစည်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း နှင့် ဇူလိုင် ၉ ရက်မှ ယနေ့အထိ ရေတပ်သင်္ဘောကျင်း ဌာနချုပ် အောက်ဆီဂျင်စက်ရုံမှ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးကြီး ၅၈၅ လုံး၊ ၁၅ လီတာဆံ့ အောက်ဆီဂျင်အိုး ၆၇ လုံးတို့ကို တပ်မတော်ဆေးရုံ များ၊ သန်လျင်၊ ဒလ၊ တွံတေး၊ ခရမ်း၊ သုံးခွနှင့် ကျောက်တန်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကလူမှုရေးအသင်းအဖွဲ့များ၊ အခြားလူမှုရေး အဖွဲ့အစည်းများသို့ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရ သည်။
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် ကျန်းမာရေးဆိုင်ရာပစ္စည်းများကို တင်သွင်း ခွင့်ပြုထားရာ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်း လာသည့် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၉၉၅ လုံး၊ လီတာ ၂၀ ဆံ့ အလုံး ၂၀၀၊ ၁၅ လီတာဆံ့ အလုံး ၁၅၀၊ ၁၀ လီတာ အလုံး ၃၀၀ နှင့် အောက်ဆီဂျင် Regulator ခုနစ်စုံတို့သည် ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်မှတစ်ဆင့်လည်းကောင်း၊ ပုဂ္ဂလိက ကုမ္ပဏီမှတင်သွင်းသော အောက်ဆီဂျင်စက် နှစ်လုံး နှင့် ဆေးရုံသုံးပစ္စည်းများ တင်ဆောင်လာသော ယာဉ်နှစ်စီးသည် လားရှိုးမြို့ မြို့တော်ခန်းမသို့ လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် စေတနာရှင် အလှူရှင်များက စုပေါင်း လှူဒါန်းသည့် အောက်ဆီဂျင်အရည် ၅၇ တန်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြဝတီမြို့သို့ လည်းကောင်း အသီးသီးရောက်ရှိလာကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဆက်လက်ပို့ဆောင် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်