
နေပြည်တော် ဇူလိုင် ၂၈
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာ ရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ ပေးပို့လှူဒါန်း လျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ သို့ အောက်ဆီဂျင်အိုး အလုံး ၅၀ ကို နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ သာပေါင်းမြို့၊ မအူပင်မြို့နှင့် ဓနုဖြူမြို့များရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး လီတာ ၄၀ ဆံ့ ၉၉ လုံးတို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး လီတာ ၄၀ ဆံ့ အိုး အလုံး ၉၀ ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး အလုံး ၂၀ ကို အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နှင့် နတ်တလင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ အောက်ဆီဂျင်အိုး ၆၅ လုံးတို့ကို တောင်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ က ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လည်းကောင်း သွားရောက်လှူဒါန်းကြရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်ဆီဂျင်ထုတ်စက်များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် အောက်ဆီဂျင်ထုတ်စက်များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်