တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁၂) စကားဝါလမ်း တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာသိရီလင်္ကာရ၏ ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း
အရှင်ပညာသိရီလင်္ကာရသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူ မြို့နယ်၊ ခွက်ခွင်းစံပြကျေးရွာ၊ ခမည်းတော် ဦးအောင်ငြိမ်း၊ မယ်တော် ဒေါ်မြသောင်းတို့မှ  ၁၃၂၇  ခုနှစ်၊   ကဆုန်လပြည့်ကျော်  ၅ ရက် ကြာသပတေးနေ့တွင် ဖွားမြင်သော  သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
၁၃၄၆  ခုနှစ်၊ နတ်တော်လပြည့်နေ့တွင်  မုံရွာမြို့၊   ပဇ္ဇောတာရုံ ကျောင်းတိုက်  ဆရာတော်ဘဒ္ဒန္တနာဂဝံသ   (အဂ္ဂမဟာပဏ္ဍိတ)ကို ဥပဇ္စျာယ်ပြုလျက် မန္တလေးမြို့၊ ကြည်တင်ဆေးလိပ်ခုံပိုင်ရှင် ဦးလှမြင့်+ ဒေါ်လှလှ  မိသားစုတို့၏  ပစ္စယာနုဂ္ဂဟကိုခံယူကာ   မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
စာပေပရိယတ္တိသင်ကြားဆည်းပူးခြင်း
စစ်ကိုင်းတိုင်းဒေသကြီး၊  မြင်းမူမြို့နယ်၊   ခွက်ခွင်းစံပြကျေးရွာ၊ အောင်မြင်ဘုမ္မိကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပ၀ရ၊ မုံရွာမြို့  ပဇ္ဇော တာရုံကျောင်းတိုက် ဆရာတော်နှင့် စာချဘုန်းကြီးများ၊ ဆားလင်းကြီး မြို့နယ်၊ ဝါးတန်းကျေးရွာ၊ သဒ္ဓမ္မဗောဓိကျောင်း  ဆရာတော်ဘဒ္ဒန္တ ဉာဏိဿရ၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊  မန္တလေးမြို့တို့ရှိ  ပဇ္ဇောတာရုံ ကျောင်းတိုက်ဆရာတော်များ၊ မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဝဋံသကာသိရောမဏိ)၊  မင်းကွန်း တောင်ရိုး၊ မိုးမိတ်ကုန်းမြေ တိပိဋကနိကာယကျောင်းတိုက်၏ မဟာ နာယက    တိပိဋကဓရဆရာတော်များထံ၌    ပရိယတ္တိစာပေများ သင်ကြားဆည်းပူးခဲ့ပါသည်။ 
အောင်မြင်ခဲ့သောစာမေးပွဲများ
အစိုးရပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း၊ သာသနဓဇ ဓမ္မာ စရိယ(၁၃၄၅)ခုနှစ်၊ ပရိယတ္တိသာသနဟိတသာမဏေကျော်၊ ဝိနယဓရ (၁၃၅၂)ခုနှစ်၊ ဝိနယကောဝိဒ (၁၃၅၆)ခုနှစ်၊ ဝိနယဝိဒူ၊ ဒီဃဘာဏက (၁၃၅၈)ခုနှစ်၊ ဒီဃနိကာယကောဝိဒ(၁၃၅၉)ခုနှစ်၊ မူလအာဘိဓမ္မိက၊ မူလအဘိဓမ္မကောဝိဒ(၁၃၆၈)ခုနှစ်၊ (နိကာယုဇ္ဇောတက၊ ဝိနယဓရ၊ ဒီဃဘာဏက၊ နိကာယဝုဎ္ဍိ သမိတိဝိနယဓရ)  တိပိဋကဓရ(၁၃၇၃)ခုနှစ်တို့ဖြစ်ကြပါသည်။
ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း    
အရှင်ပညာသိရီလင်္ကာရသည် ၁၃၈၅ ခုနှစ်၊ (၇၆) ကြိမ်မြောက်၊ တိပိဋကဓရ  တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင်   အဘိဓမ္မာ နောက်ပိုင်း  နှစ်ကျမ်းကို  သဘောရေးဖြေ   အောင်မြင်တော်မူသော ကြောင့်  တိပိဋကဓရ   တိပိဋကကောဝိဒ   ဘွဲ့တံဆိပ်တော်၊   ၎င်း အောင်လက်မှတ်တော်နှင့် အရိုးဝါကနက္ကဒဏ် ထီးဖြူတော်သုံးလက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်တို့ကို ခံယူရရှိတော်မူမည် ဖြစ်ပါသည်။                                                          

သတင်းစဉ်