
ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဂ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ (၃၀-၃-၂၀၂၁) ရက်နေ့တွင် တေးသံသွင်းလုပ်ငန်းလုပ်ကိုင် ခွင့်အမိန့်၊ အမိန့်အမှတ် (၂/၂၀၂၁)ဖြင့် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များအား (၁)နှစ်သက်တမ်းဖြင့် ခွင့်ပြုပေးလျက်ရှိပါသည်။
မှတ်ပုံတင်လက်မှတ်သက်တမ်းကုန်ဆုံးပါက တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့် အခန်း(၂)၊ အပိုဒ် ၁၁နှင့် ၁၂ အရ သက်တမ်းကုန်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း (၃၀)ကြိုတင်ပြီး သတ်မှတ်ပုံစံ နှင့်အတူ မှတ်ပုံတင်ကြေး ကျပ် ၅၀၀၀/-(ကျပ် ငါးထောင်တိတိ) ပေးသွင်း၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းဖြစ်ပါက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင် ရေးဌာနခွဲသို့လည်းကောင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များအတွင်းဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးများသို့လည်းကောင်း ဆက်သွယ်၍ တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးခြင်းများကို လာရောက်ဆောင်ရွက် ရမည်ဖြစ်ပါသည်။
သက်တမ်းကုန်လွန်သော လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့် မရှိကြောင်းနှင့် သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်အရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း-၀၁-၇၅၃၆၃၆၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန