
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
“ကပ်”ဟူသည် ကာလအပိုင်းအခြား(အာယုကပ်၊ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ်ဟူ၍ လေးမျိုး) ဘေးဆိုက်သောကာလ၊ ဘေးဆိုက်ချိန်(သတ္တန္တရကပ်၊ ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်ဟူ၍ သုံးမျိုး)၊ ဘေးဥပဒ်စသည်ဖြင့် ဖွင့်ဆိုကြောင်း သိရပါသည်။ ကပ်ရောဂါဟူသည် ရောဂန္တရကပ်ဖြစ်၍ လူသားအပေါင်းတို့ ရောဂါဘယဘေး တွေ့ကြုံခံစားကြရသည့်ကာလ ဖြစ်ပါသည်။
ကပ်ရောဂါကို Pandemic Disease ဟုခေါ်၍ Pandemic အဓိပ္ပာယ်မှာ Pan(all), demos (the crowd) ဟူသော ဂရိစကား ဖြစ်သည်။ လူသားအပေါင်း တွေ့ကြုံရသည့်ရောဂါဟု ဆိုလိုပါသည်။ ထိုကပ် ရောဂါ Pandemic Diseases များသည် နှစ် ၁၀၀ ပြည့်တိုင်း ဖြစ်ပွား လာတတ်သည်ကို တွေ့ရပါသည်။
၁၇၂ဝ ပြည့်နှစ်က ပြင်သစ်နိုင်ငံ မာဆေးမြို့မှ စတင်ခဲ့သော ပလိပ်ရောဂါသည် ကပ်ရောဂါတစ်ခုအဖြစ် ပျံ့နှံ့ခဲ့သည်။ ၁၈၂ဝ ပြည့်နှစ်တွင် ကာလဝမ်းရောဂါကပ်ဖြစ်ပွားခဲ့ရာ အာရှတိုက်ရှိ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့်နိုင်ငံများ အထိနာခဲ့သည်။ ၁၉၂ဝ ပြည့် နှစ်တွင် စပိန်တုပ်ကွေးကပ်ရောဂါ ဖြစ်ပွားခဲ့ပြန်သည်။ ၂၀၁၉ ခုနှစ်တွင် ကိုဗစ်- ၁၉ ကပ်ရောဂါကြီးကလည်း ကပ်ရောဂါတို့၏ ရာပြည့်အထိမ်းအမှတ်ထင်ရလောက်အောင် ကမ္ဘာအနှံ့လှည့်ပတ်ဒုက္ခ ပေးနေချေပြီ။ လူသားပေါင်း သန်း၂၀၀ ကျော်ခန့်တို့ကို ကူးစက်စေကာ လူပေါင်း ၅ သန်းခန့် သေဆုံးခဲ့ရပြီဖြစ်သည်။
နှစ် ၅ဝ အတွင်း ကမ္ဘာကြီးသည် ထင်ရှားသော ကြောက်မက်ဖွယ် ကပ်ရောဂါကြီးနှစ်ခုနှင့် ရင်ဆိုင်ရသည်ကို တွေ့နိုင်ပါသည်။ ယင်းတို့ မှာ HIV/ AIDS နှင့် ယခုတွေ့ကြုံနေရသော ကိုဗစ်- ၁၉ တို့ဖြစ်သည်။ ကပ်ရောဂါနှစ်မျိုးစလုံးမှာ ကူးစက်ရောဂါများဖြစ်ကြပြီး ဗိုင်းရပ်စ်ပိုး များကြောင့် ဖြစ်ပွားရပါသည်။
HIV ပိုးက လူ့ခုခံအားစနစ်ကို တိုက်ခိုက်ဖျက်ဆီးပစ်သည်။ လူသားသည် အကာအကွယ်မဲ့သွားပြီး ပြင်ပရောဂါပိုးမျိုးစုံတို့၏ တိုက်ခိုက်ခြင်းကိုခံရကာ AIDS ရောဂါကို ဖြစ်ပွားစေသည်။ Corona Virus disease 2019(COVID-19)က ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်သော Severe Acute Respiratory Syndrome Coronavirus2 (SARS-CoV-2)ကြောင့် ဖြစ်ပွားရပြီး အဓိကအားဖြင့် အသက်ရှူ လမ်းကြောင်းကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေရုံမက ပြင်းထန် သော နောက်ဆက်တွဲဆိုးကျိုးများစွာကို ဖြစ်ပွားစေပါသည်။
ဗိုင်းရပ်စ်များ
HIV သည် Retro Virus အုပ်စုဝင် lentivirus ကြောင့် ဖြစ်ပွားရပြီး ရောဂါပျိုးချိန်ကြာရှည်ခြင်း၊ နာတာရှည်ခံစားရစေခြင်း၊ သေဆုံး စေသည်အထိ ဖြစ်စေခြင်းတို့ ဖြစ်ပွားစေနိုင်ပါသည်။ HIV1 , HIV2 ဟူ၍နှစ်မျိုးရှိပါသည်။ ထို HIV ပိုးများက အဓိကအားဖြင့် လူ့ခုခံအား စနစ်ရှိ CD4 ဆဲလ်များကို တိုက်ခိုက်ဖျက်ဆီးပါသည်။ CD4 တို့ကို Tcells များဟုလည်းခေါ်ပြီး ပြင်ပရောဂါပိုးတို့ကို ရှေ့တန်းမှ တိုက်ခိုက် သည့် သွေးဖြူဥမျိုးများ ဖြစ်ကြသည်။ ဗိုင်းရပ်စ်ပိုးများကို အထူး တိုက်ခိုက်နိုင်သော သတ္တိ Antiviral Activity လည်း ရှိကြသည်။ HIV ပိုးဝင်ရောက်လာပါက ထိုခုခံအားဆဲလ်တို့ထံ ဝင်ရောက်ပြီး ယင်း၏ မျိုးဗီဇများ ပွားစေကာ CD4 ဆဲလ်တို့ကို ဖျက်ဆီးပစ်ပါသည်။ ထိုပွား လာသောဗိုင်းရပ်စ်တို့သည် လူ့ခန္ဓာကိုယ်၏ အရည်များ၊ သွေး၊ သုက်ရည်ကြည်၊ မိန်းမကိုယ်အရည် စသည်တို့မှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးကို ကူးစက်စေပါသည်။
ကိုဗစ်- ၁၉ ပိုးတို့သည် ကိုရိုနာဗိုင်းရပ်စ်အုပ်စုဝင် ဖြစ်ပါသည်။ လူသားတို့ကို ကူးစက်စေနိုင်သော ကိုရိုနာဗိုင်းရပ်စ်တို့မှာ အအေးမိ ခြင်းဖြစ်စေသော ဗိုင်းရပ်စ်မျိုးမှ ပြင်းထန်သော ကူးစက်ရောဂါများ ဖြစ်သည့် Middle East Respiratory Syndrome (MERS-Co-V) သေဆုံးစေနှုန်း ၃၄ ရာခိုင်နှုန်း၊ 2 29E(Alpha corona virus)၊ NL63 (Alpha corona virus)၊ OC43(Beta corona virus)၊ HKU1(Beta corona virus)၊ original SARS-Co-V နှင့် SARs-Co-V2(COVID - 19) ပိုးတို့ ဖြစ်ကြသည်။
ကိုဗစ်- ၁၉ ဗိုင်းရပ်စ်သည် ယင်း၏မျက်နှာပြင်ပေါ်ရှိ အတက် ကလေးများက လူ့ခန္ဓာကိုယ်ရှိ ACE2 ဓာတ်ရှိရာ နေရာများသို့ သွားရောက်ချိတ်ဆက်ကာ လူ့အသက်ရှူလမ်းကြောင်းသို့ ဝင်ရောက် ပါသည်။ ထိုပိုးတို့က အဆုတ်ကို အဓိကဖျက်ဆီးပါသည်။ လူ့ခန္ဓာကိုယ် ၏ခုခံအားစနစ်ကလည်း တစ်ဖန်ပြန်၍ ပြင်းထန်စွာခုခံရာ ပြင်းထန် သော ထိခိုက်ပျက်စီးမှုများ၊ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်စေပါ သည်။
ကပ်ရောဂါနှစ်မျိုးလုံးသည် လူသားတို့အား စိုးရိမ်ကြောက်ရွံ့ စေခြင်း၊ အများအပြားသေဆုံးစေခြင်းဖြင့် ကျန်းမာရေးသာမက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည်တို့အထိ ထိခိုက်နစ်နာစေလျက် ရှိသည်။ ထို့ပြင် ဆေးပညာ၊ ကျန်းမာရေး စသည်တို့နှင့်သာ သက်ဆိုင် သည် မဟုတ်ဘဲ ပြည်သူလူထုအများ၏ ပူးပေါင်းဆောင်ရွက်မှုပါဝင်ပါက အထူးထိရောက်လှသည်ကို တွေ့ရသည်။ HIV/ AIDS ရောဂါတွင် မသန့်ရှင်းသော သွေး၊ မသန့်ရှင်းသောဆေးထိုးအပ်၊ ခွဲစိတ်မှု၊ သွားနုတ်မှု၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲ မှု၊ မိခင်မှကလေးသို့ စသည့်နည်းလမ်းများဖြင့် အဓိကကူးစက်ပါသည်။
ကိုဗစ်- ၁၉ ကူးစက်မှုသည် ပိုးရှိနေသူ၏ ချောင်းဆိုးခြင်း၊ နှာချေ ခြင်း၊ စကားပြောခြင်း၊ နီးကပ်စွာနေခြင်း၊ အလုံခန်းအတွင်း ရောနှော နေခြင်း၊ လူစုလူဝေးရှိရာများသို့ သွားရောက်ခြင်း၊ ရောဂါပိုးကပ်နေ သော အရာဝတ္ထုမျက်နှာပြင်များကို ကိုင်တွယ်ထိမိခြင်း စသည်တို့မှ အသက်ရှူလမ်းကြောင်းအတွင်း ဝင်ရောက်ကာ ကူးစက်ပါသည်။ ရောဂါပိုးရှိနေသူ၏ သာမန်အသက်ရှူထုတ်ချိန်တွင် ၅ ပေခန့်အကွာ၊ ချောင်းဆိုးလိုက်ပါက တစ်စက္ကန့်ကို ၃၃ ပေနှုန်းဖြင့် ပတ်ဝန်းကျင် ၆ ပေကျော်၊ နှာချေလိုက်ပါက တစ်စက္ကန့်၁၆၄ ပေနှုန်းဖြင့် ၁၉ ပေ ကျော် ရောက်ရှိပျံ့နှံ့နိုင်ပါသည်။ စက္ကူပေါ်တွင် ၃ နာရီ၊ ကြေးနီ သတ္တုပေါ်တွင် ၄ နာရီ၊ စက္ကူထူပုံးများတွင် ၂၄ နာရီ၊ သစ်သားပေါ်တွင် နှစ်ရက်၊ အဝတ်ပေါ်တွင်နှစ်ရက်၊ စတီးများပေါ်တွင် နှစ်ရက်မှ သုံးရက်၊ ပလက်စတစ်ပေါ်တွင်သုံးရက်၊ ဖန်ထည်များပေါ်တွင်လေးရက်၊ ငွေစက္ကူ ပေါ်တွင်လေးရက်၊ နှာခေါင်းစည်းအပြင်မျက်နှာပြင်တွင် လေးရက်ခန့် နေနိုင်ကြကြောင်း သိရသည်။
ဆင်တူမှုများ
ကူးစက်မှုများစတင်ချိန်တွင် နိုင်ငံအချို့တို့က ငြင်းဆန်ကြခြင်း၊ သာမန်အဖျားအနာသာ အရေးကြီးပုံမရဟု သဘောထားကြခြင်း၊ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်မှုမရှိကြခြင်းတို့ တွေ့ကြုံကြရသည်။ ထို့နောက် ကူးစက်မှုများ ကြီးထွားလာခြင်း၊ ထိခိုက်သေဆုံး ဆုံးရှုံးမှု များလာခြင်း၊ နေ့စဉ်လူနေမှုဘဝများ ထိခိုက်လာခြင်း၊ ကာကွယ်ကုသ ရေးအဆင်သင့်မဖြစ်သေးသဖြင့် ပြည်သူလူထုများအတွင်း စိုးရိမ်ပူပန် မှုများဖြစ်လာခြင်းတို့ဖြစ်လာမှ အရေးပေါ်ဆောင်ရွက်လာကြခြင်း စသည်တို့ တွေ့ရပါသည်။ ထိုကပ်ရောဂါနှစ်မျိုးလုံးအတွက် “ကာကွယ် ခြင်း”သည် အလွန်ထိရောက်ကြောင်း ယင်းအတွက် အများပြည်သူတို့ပူးပေါင်းဆောင်ရွက်ကြခြင်းသည်သာ အထူးအရေးပါလှကြောင်း တွေ့ရှိပြီး လက်တွေ့ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ HIV/ AIDS ရောဂါ အတွက် အများပြည်သူတို့အနေဖြင့် အထိတ်တလန့် မဖြစ်ကြစေဘဲ ရောဂါအကြောင်း ကျယ်ပြန့်စွာ ပညာပေးနိုင်ခြင်း၊ အများပြည်သူတို့က လက်တွဲပါဝင် ဆောင်ရွက်ကြခြင်း၊ အထူးအားဖြင့် ကွန်ဒုံးအသုံးပြု ခြင်းကို လက်ခံလာကြခြင်းဖြင့် ရောဂါကာကွယ်ရေးတွင် အလွန် ထိရောက်လာသည်ကို တွေ့ရသည်။
ကိုဗစ်- ၁၉ ရောဂါတွင်လည်း အများပြည်သူတို့၏ ပူးပေါင်း ဆောင်ရွက်မှုသည် အထူးအရေးကြီးလှကြောင်း တွေ့နိုင်ပါသည်။ “လက်ဆေး၊ မက်စ်တပ်၊ ခြောက်ပေလှပ်၊ အိမ်မှာနေဖို့သတိချပ်” စသည်မှ အစပြုကာ လူစုလူဝေးရှောင်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း တွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့အထိ လူထုအားက အလွန်အားထား ရသည့် မောင်းနှင်အားဖြစ်သည်။
HIV/ AIDS တွင် သံသယရှိပါက ပိုးစစ်ဆေးခြင်း၊ လိုအပ်သော ART ဆေးတိုက်ကျွေးခြင်း အပါအဝင် လိုအပ်သောဆောင်ရွက်မှုများ ကို ဆောင်ရွက်ခြင်းဖြင့် ထိရောက်သော ကာကွယ်ကုသမှုများ ရရှိပါ သည်။ ကိုဗစ်- ၁၉ တွင်လည်း ထိတွေ့မှုအစဉ်လိုက် စစ်ဆေးခြင်း၊ ကန့်သတ်စောင့်ကြည့်ခြင်း၊ အများပြည်သူတို့ လိုက်နာရမည့်အချက် များ လိုက်နာဆောင်ရွက်ကြခြင်း၊ တာဝန်ရှိသူများနှင့် ပရဟိတ စေတနာရှင်များက တက်ကြွစွာပါဝင် ဆောင်ရွက်မှု၊ လိုအပ်သော ကုသမှုများကို ပူးပေါင်းဆောင်ရွက်မှုစသည်တို့က ရောဂါထိန်းချုပ်၊ ကာကွယ်ကုသနိုင်ရေးတွင် အရေးပါလှသည်ကို တွေ့ရပါသည်။
အခြားထူးခြားသည့် ဆင်တူမှုမှာ ရောဂါနှစ်ခုလုံးသည် Zoonosis ခေါ် တိရစ္ဆာန်များမှအစပြုကာ လူသားထံကူးစက်လာခြင်းဟု ယူဆ ကြခြင်းဖြစ်သည်။ HIV/ AIDS သည် မျောက်စိမ်းများထံက၊ ကိုဗစ်-၁၉ သည် လင်းနို့များထံက အစပြုသည်ဆိုသည့်အချက်များဖြစ်သည်။ လေ့လာမှုများ ဆောင်ရွက်နေကြဆဲဖြစ်သည်ဟု ယူဆပါသည်။
ကွဲပြားမှုများ
ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုးသည် အခြားဗိုင်းရပ်စ်ပိုးတို့ထက် ပွားများ နိုင်မှုလျော့နည်းကြောင်း သိရသည်။ တုပ်ကွေးဗိုင်းရပ်စ်က ကိုဗစ်-၁၉ ထက် ငါးဆမျှပိုပွားနိုင်ပြီး HIV ပိုးက ၁ဝ ဆ မျှ ပိုမိုပါသည်။ HIV ပိုးက ပွားနှုန်းရော၊ မျိုးပြောင်းမှုပါ မြန်သဖြင့် HIV ပိုးကာကွယ်ဆေးက နှစ်ပေါင်း ၃၀ ကျော် ကြာသည့်တိုင် မဖော်ထုတ်နိုင်ခြင်း၏ အကြောင်း တစ်ခုဖြစ်ကြောင်း ယူဆကြသည်။ ကိုဗစ်- ၁၉ ဖြစ်စေသော SARS-Co-V2 ဗိုင်းရပ်စ်ပိုးသည်၊ HIV ပိုးထက်ပွားနှုန်း၊ ပြောင်းနှုန်းနှေးသဖြင့် တစ်နှစ်ကျော် နှစ်နှစ်အတွင်း ကာကွယ်ဆေးကို ဖော်ထုတ်နိုင်ခြင်း လည်းဖြစ်သည်။ ကိုဗစ်- ၁၉ ပိုးသည် မျိုးပြောင်းနှုန်းက တစ်ကောင်မှ တစ်ဆင့် အဆင့်ဆင့်ပွားလာရင်း မျိုးဆက် ၁၀ ဆက်ခန့် ပြောင်းပြီး လျှင် မျိုးထွန်းခြင်းဖြစ်တတ်ကြောင်း သိရသည်။ မျိုးထွန်းခြင်း၊ မျိုးပြောင်းခြင်းဆိုသည်မှာ မူလမျိုးဗီဇနှင့်မတူဘဲ မူလမျိုးဗီဇက ဆက်လက်ကူးစက်နိုင်စွမ်းမရှိတော့ပေ။ သို့သော် အချို့သော မျိုးထွန်း ပြောင်းလဲမှုတို့ကသာ ဆက်လက်ကူးစက်ပျံ့နှံ့စေနိုင်သည်ဟု သိရ ပါသည်။
ရောဂါပိုးကူးစက်ခံရပါက လူ့ခန္ဓာကိုယ်ထဲတွင် ဗိုင်းရပ်စ်အကောင် ရေသန်းတစ်ထောင်ခန့်ရှိနေပြီး ယင်းတို့က အမြဲမပြတ်မျိုးပွားနေ တတ်ကြသည်။ ပွားသည့်မျိုးဆက် ၁ဝ ဆက်မှာ တစ်ကောင်ပွားသည် ဆိုပါက လူတစ်ယောက်မှာ တစ်ရက်လျှင် မျိုးပွားနိုင်သည့် အကောင် ရေ တစ်ဘီလီယံခန့် ရှိလာနိုင်ပါသည်။ သို့သော် မျိုးပြောင်းတိုင်း လူကို အန္တရာယ်ပေးနိုင်သည်မဟုတ်ပေ။ ကာကွယ်ကုသရေးအတွက် လည်း ထူးခြားမှုမရှိနိုင်ပါ။ သို့သော် သန်းပေါင်းဘီလီယံပေါင်းများစွာ မျိုးပွားပြီးသည့်အခါတွင်မူ အန္တရာယ်ပေးနိုင်သည့် မျိုးကွဲအသစ်များ ပေါ်လာနိုင်ပါသည်။ ယခုတွေ့နေရသည့် အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်လ်တာ၊ မျူ စသည့်မျိုးပြောင်းလာမှုများ တွေ့ရခြင်းဖြစ်သည်။
HIV/ AIDS သည် ၁၉၈ဝ ပြည့်နှစ်ဝန်းကျင်မှ၂၀၀၅- ၂၀၁၂ ခုနှစ် အတွင်း ကူးစက်ခံရသူ သန်း ၈၀၊ သေဆုံးသူ ၃၆ သန်းမျှ ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်လေ့လာမှုအရ HIV ပိုးကူးစက်ခံရသူတို့သည် ဆေးကုသမှု မခံယူပါက အားလုံးသေဆုံးကြရကြောင်းသိရသည်။ ကိုဗစ်- ၁၉ သည် ၂၀၁၉ ခုနှစ်ကုန်ခါနီးမှာ စတင်ဖြစ်ပွားရာက ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ လူသားပေါင်းသန်း၂၂၀ ကျော် ကူးစက်ခံရပြီး သေဆုံးရသူပေါင်း လေးသန်းကျော် ငါးသန်းနီးပါးခန့် ရှိလာခဲ့ရုံမက ဆက်လက်၍လည်း များပြားလာနေဆဲဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁ ဒသမ ၄ ရာခိုင်နှုန်းခန့်သာ သေဆုံးကြရပြီး အထူးသဖြင့် စနစ်တကျ ဆေးကုသမှုမခံရသူများ၊ ရောဂါအခံရှိသူများ၊ အသက်ကြီး သူများ ဖြစ်ကြသည်။ HIV/ AIDS ကကူးစက်မှုက ရှိနေသေးသော်လည်း ကူးစက်သေဆုံးမှုနည်းပါး၊ နှေးကွေးနေသည်ကို တွေ့ရပါသည်။ သို့သော် HIV/AIDS သည် လူသားများ သတိထား ကာကွယ်နေရမည့် ကူးစက်ရောဂါကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသေးသည်။ ကိုဗစ်- ၁၉ ကူးစက်မှုသည် ၂၀၁၉- ၂၀၂၁ ခုနှစ်များအတွင်း ဖြစ်ပွားခဲ့ ရာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တစ်ကမ္ဘာလုံးနှင့် လက်တွဲ၍ အလျင်အမြန်စစ်ဆေးခြင်း၊ ထိတွေ့မှုကွင်းဆက်လိုက် ခြေရာခံ စစ်ဆေးခြင်း၊ ကာကွယ်ကုသမှုများကို အလေးပေးကူညီဆောင် ရွက်ခြင်း၊ ထိရောက်သော ကာကွယ်ဆေးများကို အလျင်အမြန် ဖော်ထုတ်ထိုးနှံပေးခြင်းတို့ဖြင့် အမြန်ဆုံးတားဆီး၊ ကုသနိုင်ရန် ဆောင်ရွက်လျက် ရှိနေပါသည်။ HIV/ AIDS ကမူ နှေးကွေးသွားသည် ဆိုသော်လည်း ထိရောက်သောကာကွယ်ဆေး မတွေ့ရှိသေးပါ။
ကုသမှုနှင့် ကာကွယ်ရေးလုပ်ငန်းများ
ကပ်ရောဂါနှစ်မျိုးလုံးမှာ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားရသဖြင့် ဗိုင်းရပ်စ်ကိုနှိမ်နင်းနိုင်သည့် တိကျသော ကုသမှုမရှိသေးပေ။ ဗိုင်းရပ်စ် ပိုးပွားမှုကို ဟန့်တားခြင်း၊ ရောဂါပြင်းထန်မှုကို လျှော့ချခြင်း၊ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ကုသခြင်း စသည်တို့သာ ကုသရေးလုပ်ငန်းများအဖြစ် အသုံးပြုကြရလေ့ရှိပါသည်။ HIV/ AIDS တွင် ဗိုင်းရပ်စ်ပွားများကို တားဆီးနိုင်သည့် ART (Anti Retroviral Treatment)ကို ဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် နေ့စဉ်ဆေးမှန်မှန် သောက်ခြင်းဖြင့် ရောဂါထပ်မတိုးအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်က “ကုရာနတ္ထိဆေးမရှိ၊ အေအိုင်ဒီအက်စ်ရောဂါဖြစ်လျှင် မုချ သေရမည်”ဟု ဆိုခဲ့ကြသော်လည်း ထို ART ဆေးပေါ်လာသောအခါ လူကောင်းပကတိ ဖြစ်သွားစေခဲ့သည်။ ရောဂါပိုးက လူ့ခန္ဓာအတွင်း မှာရှိနေသေးသော်လည်း ပွားများလာမှု မရှိတော့သည့်အတွက် အန္တရာယ်ပေးနိုင်သည့်အဆင့် မရှိတော့ပေ။
ကိုဗစ်- ၁၉ သည်လည်း ကုရာဆေးတိကျစွာမရှိသေးပေ။ သို့သော် ကူးစက်ခံရသူအများစုမှာ သာမန်အဖျား၊ ချောင်းဆိုးမှုခန့်သာ ဖြစ်ပွားခြင်း၊ အချို့မှာ အိမ်မှာပင်နေ၍ပြုစုကုသခြင်း၊ လိုအပ်သူများကို ဆေးရုံတင်ကုသခြင်းတို့ဖြင့် သက်သာပျောက်ကင်းနိုင်သည်။ ကိုဗစ်- ၁၉ ကပ်ရောဂါစတင်ချိန်က ရမ်ဒက်ဆီဗာ Remdesivir ကို နိုင်ငံပေါင်း ၅၀ ကျော်တွင် အရေးပေါ်အသုံးပြုခွင့်ပေးခဲ့သည်။ ထိုဆေးကို မူလက အသည်းရောင်စီပိုး ကုသရာတွင် သုံးခဲ့ပြီး နောက်ပိုင်းတွင် အီဘိုလာ၊ Marburg Virus ရောဂါများ ကုသရာတွင် သုံးခဲ့သည်။ ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာလက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကိုဗစ်- ၁၉ ကုသမှုလမ်းညွှန်ချက်များတွင် Remdesivir ဆေးကို ထည့်သွင်း မထားသည်ကို တွေ့ရသည်။ အမေရိကန်အစားအစာနှင့် ဆေးဝါး ကွပ်ကဲမှုအဖွဲ့ကြီးက ထိုဆေးကို ပထမဦးစားပေးသုံးနိုင်သည့် ဆေးအဖြစ် အကြံပြုထားသည်ကိုလည်း တွေ့ရသည်။ ထိုဆေးသည် ဗိုင်းရပ်စ်ပွားများမှုကိုဖြစ်စေသော ဓာတုပစ္စည်းကို ဟန့်တား နိုင်သည်ဟု ဆိုပါသည်။
FDA က လူ့ခုခံအားစနစ်က ဗိုင်းရပ်စ်ပိုးများကို တိုက်ခိုက်နိုင်သည့် ခုခံဓာတ်ကိုတုပကာ ဓာတ်ခွဲခန်းတွင် ထုတ်လုပ်သော ပရိုတိန်းဓာတ် များကိုလည်း အရေးပေါ်သုံးနိုင်ရန် ခွင့်ပြုထားသည်။ Sotrovimab antibody ဆိုလျှင် ဗိုင်းရပ်စ်ပိုး၏ မျက်နှာပြင်ရှိ အတက်ကလေးများကို ဖယ်ရှားနိုင်အောင်လုပ်ခြင်းဖြင့် ဗိုင်းရပ်စ်ပိုးတွယ်ကပ်မှုကို တားဆီး ပေးသည်ဟု သိရပါသည်။ S2E12၊ S2H97 စသည်တို့သည်လည်း အလားတူ အကျိုးရှိသည်ကို တွေ့ရသည်ဟု ဆိုပါသည်။
ကိုဗစ်- ၁၉ တွင်လူ့ခုခံအား(ကိုယ်ခံအားစနစ်)၏ ဆဲလ်တစ်မျိုး ဖြစ်သော IL-6 (Interlukin-6)သည် ခုခံအားစနစ်ကို ထိန်းမရအောင် တုံ့ပြန်တိုက်ခိုက်စေခြင်းကိုဖြစ်စေပြီး အဆုတ်များကို ပြင်းစွာထိခိုက် ပျက်စီးခြင်းနှင့် ရောင်ရမ်းမှုကို ပြင်းထန်စွာဖြစ်စေကြောင်း တွေ့ရ သည်။ Monoclonal antibody တစ်မျိုးဖြစ်သည့် Tocilizumab သည် ထို IL- 6 ကို တိုက်ခိုက်ဖယ်ရှားနိုင်သည်ကို တွေ့ရသဖြင့် ကိုဗစ်-၁၉ ကုသမှုတွင် အသုံးများလာခဲ့သည်ကို တွေ့ရပါသည်။
အထူးသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခွင့်ပြုထားသော မော်ဒါနာ၊ ဖိုက်ဇာ၊ Johnson&Johnson၊ အက်စ်ထရာဇနီကာ၊ ကိုဗစ်ရှီး၊ ဆီနိုဖမ်း၊ ဆီနိုဗက် အစရှိသည့် ကာကွယ်ဆေးခုနစ်မျိုးတို့ကို ထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ရာနှုန်းပြည့်မဟုတ်သည့်တိုင် ပြင်းထန်သောဖြစ်ပွားမှု၊ သေဆုံးမှုစသည်တို့အထိ မရောက်ရှိစေ ရန် ကာကွယ်ပေးနိုင်သည်ကို တွေ့ရပါသည်။ ၂၀၂ဝ ပြည့်နှစ် နှစ်လယ် ပိုင်းထိ ကမ္ဘာ့လူဦးရေ၏ ၂၉ ရာခိုင်နှုန်းခန့်သာ ပထမအကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ပါသေးသည်။ ဆင်းရဲသောနိုင်ငံများရှိ လူဦးရေ၏ ၁ ဒသမ ၁ ရာခိုင်နှုန်းခန့်သာ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံရပါသေးသည်။ ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်ကသာ ကာကွယ်ဆေးအပြည့် ထိုးနှံရပါသေးသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီး (IMF)က ၂၀၂၁ ခုနှစ် အကုန်တွင် ကမ္ဘာ့ လူဦးရေ၏ ၄၀ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ၆၀ ရာခိုင် နှုန်းတို့ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ပါက ကိုဗစ်- ၁၉ ရောဂါကို ကမ္ဘာမြေမှ မောင်းထုတ်နိုင်လုနီး ဖြစ်နိုင်မည်ဖြစ်၍ ကမ္ဘာ့နိုင်ငံများက ယင်းအတွက် ကူညီကြရန် တိုက်တွန်းထားပါသည်။ ၂၀၂၁ ခုနှစ် ဧပြီလကုန်အထိ အာဖရိကတိုက်သား နှစ်ရာခိုင်နှုန်းခန့်သာ ကာကွယ်ဆေးထိုးခွင့်ရခဲ့ကြသော်လည်း ထိုကာလအတွင်း အမေရိ ကန်နိုင်ငံသား ၄၀ ရာခိုင်နှုန်း၊ ဥရောပတိုက်သား၂၀ ရာခိုင်နှုန်းခန့်က အနည်းဆုံး ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခဲ့ပြီးကြပြီဖြစ်သည်ဟုလည်း သိရပါသည်။
HIV/ AIDS အတွက်မူ ကာကွယ်ဆေးမရှိသေးပါ။ ကိုဗစ်-၁၉ မှာ ကဲ့သို့ ခုခံဓာတ်ကို adeno- associated virus များကိုသုံးပြီး ၂၀၂ဝ ပြည့်နှစ်အတွင်းက တွေ့ရှိထားကြောင်း၊ bNabs အမည်ရ ခုခံဓာတ် ကိုလည်း တွေ့ရှိထားပြီး Imbokodo အမည်ရှိ HIV ကာကွယ်ဆေး စမ်းသပ်မှုကိုလည်း ဆောင်ရွက်နေကြောင်း သိရပါသည်။
အထက်ပါ ကူးစက်ကပ်ရောဂါနှစ်မျိုးမှာ ယခုလက်ရှိသက်ရှိ ထင်ရှားရှိနေကြသော လူသားတိုင်း မျက်ဝါးထင်ထင် တွေ့ကြုံရင်ဆိုင် နေရသည့် ကပ်ရောဂါနှစ်မျိုးဖြစ်ပြီး မည်မျှဆိုးရွားလှကြောင်းကိုလည်း သိရှိကြပြီးဖြစ်သည်။ ထိုရောဂါနှစ်မျိုးသည် ကမ္ဘာမြေမှ ထွက်ခွာသွား ကြဦးမည်မဟုတ်ပါ။ “ကပ်ရောဂါ” ဆိုသည့်အတိုင်း မြေကမ္ဘာပေါ် မှာ“ကပ်”နေကြဦးမည်ဖြစ်၍ လူတိုင်းကိုယ်စီ အသိတရား၊ သတိတရား ကြီးစွာ ညီညီညွတ်ညွတ်လက်တွဲဆောင်ရွက်နိုင်မှသာ အန္တရာယ် ကင်းစွာ နေနိုင်ကြလိမ့်မည်ဖြစ်ပါသည်။ ။
- Log in to post comments