တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းကာကွယ်ရေး

Type

 

ကျော်နိုင်ဦး (ပတ်ဝန်းကျင်)

 

Wildlife ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရထဲမှာ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင် (Fauna and Flora) နှစ်မျိုးစလုံး အကျုံးဝင်ပါတယ်။ တောရိုင်းတိရစ္ဆာန်ဆိုတာ နေရင်းဒေသမှာ သဘာဝအတိုင်း ပေါက်ဖွားကျက်စားလေ့ရှိတဲ့ ဒါမှမဟုတ် နေရင်းဒေသကနေ တခြားနေရာဒေသသို့ အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့ တိရစ္ဆာန်၊ ငှက်၊ ပိုးမွှားနဲ့ ရေနေသတ္တဝါတွေကို ဆိုလိုတာဖြစ်ပါတယ်။ သဘာဝအပင်ဆိုတာကတော့ နေရင်းဒေသအတွင်းမှာ သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ အပင်၊ ချုံ၊ နွယ်၊ ဝါး၊ ကြိမ်၊ သစ်ခွ၊ မှိုနဲ့ ရေအောက်မှာရှိတဲ့ အပင်တွေအားလုံးပဲ ဖြစ်ပါတယ်။ 
 

ဇီဝမျိုးစုံမျိုးကွဲဆိုတာကတော့   ကမ္ဘာပေါ်မှ ဇီဝကွဲပြားမှုအမျိုးမျိုးကို ဆိုလိုတာဖြစ်ပြီး အပင် တွေ၊ သတ္တဝါတွေ၊ သေးငယ်တဲ့ အဏုဇီဝရုပ်တွေရဲ့ သက်ရှိလက္ခဏာပုံစံအမျိုးမျိုးနဲ့ အဲဒီသက်ရှိတွေ ပါဝင်နေတဲ့ ဂေဟစနစ်တွေဖြစ်ပါတယ်။ ဂေဟစနစ် ရဲ့ အကျဉ်းချုပ်အဓိပ္ပာယ်ကတော့ သက်ရှိ(အပင်နဲ့ တိရစ္ဆာန်)တွေနဲ့ သက်မဲ့ရုပ်ဝတ္ထု (ရေ၊ မြေ၊ လေ၊ အပူချိန်၊ စိုထိုင်းဆ စသည်)တွေ တစ်ခုနဲ့တစ်ခု ညီညွတ်မျှတစွာ အပြန်အလှန်ဆက်နွှယ်ပေါင်းယှက် နေတဲ့ သဘာဝစနစ်ကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ 
Wildlife တွေရဲ့ အရေးပါပုံ
Every living things  is  connected  ဆိုတဲ့ စကားအတိုင်း သက်ရှိတွေအားလုံးဟာ ဆက်နွှယ် ပတ်သက်နေကြပါတယ်။ သက်ရှိမျိုးစိတ် တစ်ခု တလေ   မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ရင်တောင် ဂေဟစနစ်တစ်ခုလုံးအပေါ်မှာ ဆိုးကျိုးသက်ရောက် စေနိုင်ပါတယ်။ ဥပမာ ပျားမျိုးစိတ်တွေ ဒီကမ္ဘာပေါ် မှာမရှိတော့ရင်    သဘာဝဝတ်မှုန်ကူးခြင်းဆိုတာ မရှိနိုင်တော့ပါဘူး။ ဇီဝမျိုးစုံမျိုးကွဲတွေ ကြွယ်ဝနေ ပါမှ ကျန်းမာတဲ့ဂေဟစနစ်ကို ရရှိပိုင်ဆိုင်မှာ ဖြစ်ပါ တယ်။ 
ကျွန်ုပ်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာ တွေအားလုံးရဲ့ မူလရင်းမြစ်ဟာ အပင်နဲ့သတ္တဝါ တွေကရတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အခြေခံစားဝတ်နေရေးဖြစ်တဲ့ အစားအစာ၊ အဝတ် အထည်နဲ့ အမိုးအကာတွေရဖို့   အပင်နဲ့သတ္တဝါ မျိုးစိတ်ပေါင်း ၄၀၀၀၀ ကျော်ကို အသုံးပြုနေရပါ တယ်။ ကျန်းမာရေးအတွက် မှီဝဲနေရတဲ့ ပဋိဇီဝဆေး တွေဟာ   သဘာဝတောရိုင်းတိရစ္ဆာန်နဲ့   အပင် တွေကပဲ ရရှိနေတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ သူတို့ရဲ့ စီးပွားရေး ကို တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေအပေါ် မှာ မှီခိုနေကြရပါတယ်။ ကောင်းမွန်တဲ့ဂေဟစနစ် အနီးမှာ နေထိုင်ရခြင်းဟာ ကျွန်ုပ်တို့ရဲ့   ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ပိုမိုကောင်းမွန် စေပါတယ်။ 
ဒါ့အပြင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် တွေဟာ လေနဲ့ရေကို သန့်စင်ပေးနိုင်ပြီး သဘာဝ ဘေးအန္တရာယ်တွေဖြစ်တဲ့ ရေလွှမ်းမိုးတာ၊ မုန်တိုင်း တိုက်ခတ်တာနဲ့    မြေဆီလွှာတိုက်စားမှုတွေ လျော့နည်းအောင် ကာကွယ်ပေးနိုင်သလို ရာသီဥတု မျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါတင်မက သေးဘဲ ဝတ်မှုန်ကူးခြင်းနဲ့ အစေ့များပျံ့လွင့်စေနိုင် ခြင်း၊ အနားယူအပန်းဖြေနိုင်ခြင်း၊ သဘာဝပသာဒ အလှအပများ ပေးစွမ်းနိုင်ခြင်းစတဲ့ တန်ဖိုးဖြတ်လို့ မရတဲ့  အကျိုးကျေးဇူးတွေကိုလည်း   ရရှိစေနိုင် ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေ ထိန်းသိမ်းကာကွယ်ထားတဲ့နေရာတွေမှာ ကမ္ဘာ့ခရီး သွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေတာ အမှန် ပဲ ဖြစ်ပါတယ်။
Wildlife တွေ 
ကြွယ်ဝမှုအခြေအနေ
ကမ္ဘာပေါ်မှာ ရှင်သန်တည်ရှိနေတဲ့   အပင်နဲ့ သတ္တဝါမျိုးစိတ်တွေရဲ့အရေအတွက်ကို ယခုအချိန် အထိ တိတိကျကျ မသိရှိနိုင်သေးပါဘူး။ ခန့်မှန်းခြေ အရ မျိုးစိတ်ပေါင်း ၁၄ သန်းခန့်ရှိမယ်လို့ ခန့်မှန်း ထားကြပြီး ၎င်းတို့အနက်မှ ၁  ဒသမ ၇၅ သန်းခန့် ကိုသာ အမျိုးအမည်ခွဲခြားနိုင်ပါသေးတယ်။ မြန်မာ နိုင်ငံမှာဆိုရင် တောင်တန်းဂေဟစနစ်၊   အပူပိုင်း ဂေဟစနစ်၊ သစ်တောဂေဟစနစ်၊ ကုန်းတွင်းရေဝပ် ဒေသဂေဟစနစ်၊ ပင်လယ်နှင့် ကမ်းရိုးတန်းဂေဟ စနစ်နဲ့ ဒီရေတောဂေဟစနစ် စတဲ့ဂေဟစနစ်အမျိုး အစားတွေ စုံလင်စွာတည်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲတွေ လည်း ပေါကြွယ်ဝလှပါတယ်။ အခြားနိုင်ငံတွေမှာ မတွေ့ရှိရဘဲ မြန်မာနိုင်ငံမှာသာတွေ့ရှိရတဲ့ မြန်မာ့ ဒေသရင်းဖွား အပင်နဲ့သတ္တဝါများစွာလည်း   ရှိပါ တယ်။ 
ဒါ့အပြင် မြန်မာနိုင်ငံ မုတ္တမကွေ့နဲ့ ရခိုင်ပြည်နယ် နံ့သာကျွန်းတွေမှာဆိုရင်  အစာရေစာပေါများပြီး ရာသီဥတုကောင်းမွန်တဲ့အတွက်    မိုင်ထောင်ချီ ကွာဝေးတဲ့  အခြားနိုင်ငံတွေကနေ    လာရောက် ဆောင်းခိုကြတဲ့ ဆောင်းခိုငှက်တွေတောင်  ရှိကြ ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းတွေ ကနေ  မြေပြန့်နဲ့ကမ်းရိုးတန်းတွေအထိ နိုင်ငံရဲ့ ကြွယ်ဝလှတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင် သယံဇာတတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဟာ နိုင်ငံတော်နဲ့နိုင်ငံသားတိုင်းရဲ့တာဝန် ဖြစ်ပါတယ်။
မျိုးသုဉ်းပျောက်ကွယ်လာခြင်း
တောရိုင်းတိရစ္ဆာန်နဲ့       သဘာဝအပင်တွေ မျိုးသုဉ်းပျောက်ကွယ်လာရတာဟာ       အဓိက ခြိမ်းခြောက်မှုကြီးနှစ်ခုကြောင့်    ဖြစ်ပါတယ်။ ပထမတစ်ခုက Habitat လို့ခေါ်တဲ့ နေရင်းဒေသတွေ လျော့နည်းလာတာကြောင့် ဖြစ်ပါတယ်။ အဲဒီလို နေရင်းဒေသတွေလျော့နည်းလာရခြင်းရဲ့ အကြောင်း ရင်းတွေကတော့ သစ်တောတွေပြုန်းတီးလာတာ၊ မြေအသုံးချမှုတွေ ပြောင်းလဲလာတာ၊ ဓာတ်သတ္တု တွေ အလွန်အကျွံတူးဖော်ထုတ်လုပ်တာ၊ လေထုနဲ့ ရေထုတွေညစ်ညမ်းလာတာ၊ ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာတာ စတာတွေဖြစ်ပါတယ်။ 
ဒုတိယတစ်ချက်က တောရိုင်းတိရစ္ဆာန်တွေကို အလွန်အကျွံ ဖမ်းဆီးသတ်ဖြတ်တာနဲ့ တရားမဝင် ရောင်းဝယ်ဖောက်ကားတာတွေကြောင့် မျိုးသုဉ်း ပျောက်ကွယ်မှုတွေ ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တောရိုင်းတိရစ္ဆာန်တွေကို တရား မဝင်ရောင်းဝယ်ဖောက်ကားမှုဟာ နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီရှိနေကြောင်း သိရှိရပါတယ်။  နိုင်ငံ တကာမှာ အကြီးမားဆုံးပြစ်မှုတွေက မူးယစ်ဆေးဝါး၊ လက်နက်ရောင်းဝယ်မှုနှင့် လူကုန်ကူးမှုတွေဖြစ်ပြီး တောရိုင်းတိရစ္ဆာန်တွေ တရားမဝင်ရောင်းဝယ်မှုဟာ စတုတ္ထမြောက် ပြစ်မှုအကြီးဆုံးအဖြစ် သတ်မှတ် ထားကြပါတယ်။ ကမ္ဘာပေါ်မှာ  နေ့စဉ်  အပင်နဲ့ သတ္တဝါ မျိုးစိတ်အမျိုးအစားပေါင်း  ၁၅၀ ကျော် မျိုးသုဉ်းပျောက်ကွယ်နေပြီး နှစ်စဉ် မျိုးစိတ်အမျိုး အစားပေါင်း ၅၅၀၀၀ ခန့် လျော့နည်းပျောက်ကွယ် နေရပါတယ်။
ထိန်းသိမ်းကာကွယ်ကြပါစို့
မြေကမ္ဘာအိမ်ဂေဟာကြီးထဲမှာ လူသားနဲ့ အပင် တွေ၊ သတ္တဝါတွေဟာ သဟဇာတကျကျ ညီညွတ် မျှတစွာနဲ့ နေထိုင်ကြပါမှ အရှည်တည်တံ့တဲ့ ကမ္ဘာ မြေ ဖြစ်ပါမယ်။ ထိုသို့မဟုတ်ရင် ကမ္ဘာမြေရဲ့ဂေဟ စနစ် ပျက်စီးကာ လူသားတွေအပါအဝင် သက်ရှိတွေ ရှင်သန်ရပ်တည်ရေး ခက်ခဲသွားပါလိမ့်မယ်။ Mutu-alism လို့ခေါ်တဲ့ ဘုံအကျိုးတူပူးပေါင်းနေထိုင်တဲ့ ဂေဟစနစ်ထဲမှာ အဓိကမျိုးစိတ်တွေ  ပျက်သုဉ်း ကုန်ရင် အဲဒီဂေဟစနစ်လည်း ပျက်သုဉ်းသွားမှာ ဖြစ်ပါတယ်။ အဲဒီအခါ ဂေဟစနစ်ရဲ့ သဘောတရား အရ သက်ရှိတွေအားလုံးဟာ ဆင့်ကဲဆင့်ကဲဆိုသလို အနှေးနဲ့အမြန် ပျက်သုဉ်းပျက်စီးသွားတတ်ပါတယ်။ Genetic Diversity လို့ခေါ်တဲ့ မျိုးရိုးဗီဇစုံလင်ခြင်းကြောင့်သာ သက်ရှိသက်မဲ့အားလုံးဟာ တစ်ဦးကို တစ်ဦး အပြန်အလှန်အမှီသဟဲပြု ရှင်သန်နေထိုင် နိုင်ခြင်း ဖြစ်ပါတယ်။ သူ့အသိုက်အအုံကိုဖျက်ဆီးရင် ကိုယ့်အသိုက်အအုံလည်း ပျက်စီးရမှာ   ဓမ္မတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဂေဟစနစ်တွေ သဘာဝအတိုင်း အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ဖို့နဲ့    ကြွယ်ဝ လှတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေကို ထိထိရောက်ရောက် ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဟာ သဘာဝထိန်းသိမ်းရေးနယ်မြေ တွေဖြစ်တဲ့ အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ သဘာဝကြိုးဝိုင်း၊    သိပ္ပံကြိုးဝိုင်း၊ ဒေသခံအစုအဖွဲ့ ထိန်းသိမ်းရေးနယ်မြေတွေ ဖွဲ့စည်း တည်ထောင်ထားရှိပါတယ်။ 
ချမှတ်ထားရှိတဲ့ သစ်တောကဏ္ဍ နှစ် ၃၀ ပင်မ စီမံကိန်းမှာဆိုရင် သဘာဝနယ်မြေတွေကို နိုင်ငံတော် ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်းအထိ    တိုးချဲ့ဖွဲ့စည်း တည်ထောင်ဖို့ သတ်မှတ်ထားပါတယ်။ ယနေ့အထိ သဘာဝနယ်မြေ ၄၅ ခု ဖွဲ့စည်းတည်ထောင်ထားပြီး နိုင်ငံဧရိယာရဲ့ ၅ ဒသမ ၈၅ ရာခိုင်နှုန်း ရှိပြီးဖြစ်ပါ တယ်။ 
မြန်မာနိုင်ငံမှာ ၁၉၉၄ ခုနှစ်က    တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ     ထိန်းသိမ်းရေးဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝနယ်မြေများ  ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းထားရှိခဲ့ပြီး ဖြစ်ပါတယ်။ 
လက်ဆင့်ကမ်းအမွေ 
တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေဟာ လက်ရှိလူသားတွေနဲ့ အနာဂတ်မျိုးဆက်သစ်တွေ အတွက် အဖိုးမဖြတ်နိုင်တဲ့   သဘာဝသယံဇာတ အရင်းအမြစ်တွေဖြစ်လို့ ဒါတွေကို ကမ္ဘာမြေပေါ်မှာ မပျောက်မပျက် ရေရှည်တည်တံ့နေအောင် အစိုးရ အဖွဲ့အစည်းတွေနဲ့    ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ အထူးလိုအပ် ပါတယ်။ သို့မှသာ သက်ရှိတွေရှင်သန်နေထိုင်ရာ တစ်ခုတည်းသော ကမ္ဘာမြေကြီးဟာ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်နဲ့ ကောင်းမွန်တဲ့ဂေဟစနစ်တွေရရှိပြီး အနာဂတ်လူသားတွေအတွက် ပျော်ရွှင်စရာကမ္ဘာ မြေအဖြစ် လက်ဆင့်ကမ်းအမွေ ပေးအပ်နိုင်ကြမှာ ဖြစ်ပါကြောင်း  အလေးအနက်တိုက်တွန်းတင်ပြရင်း ၂၀၂၄ ခုနှစ် မတ်လ ၃ ရက်မှာ ကျရောက်တဲ့  ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်း ရေးနေ့ (World Wildlife Day, 2024) ကို ဂုဏ်ပြု ကြိုဆိုအပ်ပါတယ်။            ။