တောင်သူတိုင်း သိရှိနားလည်ထားသင့်တဲ့ ဘော်ဒိုဆေးရည်အကြောင်း

 

ရန်ကုန် ဩဂုတ် ၁၃
ဘော်ဒိုဆေးရည်လို့ မြင်လိုက်တာနဲ့ “ဒီဆေးရည်အကြောင်းများ ငါတို့ ကြားဖူးပြီးသား၊  သိပြီးသား။ အခုလည်း သုံးနေတာပါပဲကွာ၊ ဒီဆေးရဲ့ စွမ်းအားက အလွတ်တောင်ရနေပြီ’’ လို့ ပြောမယ့်သူတွေ    ရှိပါတယ်။ သေချာ  ထဲထဲဝင်ဝင်  မသိရှိသေးတဲ့   တောင်သူတွေ   သိရှိသွားစေဖို့၊ သိရှိသုံးစွဲနေသူတွေအတွက်လည်း        စာပြန်နွှေးပေးတဲ့သဘောနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ 
ဘော်ဒိုဆေးရည်ကို သုံးစွဲပေးခြင်းအားဖြင့် မှိုရောဂါ၊  ရောင်မညီ ကွက်ကြားမှိုရောဂါ၊    အရွက်ပေါ်ဖြစ်နေသော   မှိုရောဂါ၊ အမည်း စက်အမည်းပျောက်မှို    ဗက်တီးရီးယားရောဂါ၊    လောင်မီးရောဂါ၊ အဖိုရောဂါ၊ အကြေးခွံရောဂါ၊ ပင်နာကျရောဂါ၊   အမည်းအမြစ်ဖု ရောဂါတို့ကို ကာကွယ် နှိမ်နင်းနိုင်ပါတယ်။
ဘော်ဒိုဆေးရည်အတွက် အသုံးပြုရမယ့်ထုံးက     မဖောက်ထုံး အမျိုးအစားပါ။ cao လို့ခေါ်ပါတယ်။ ထုံးနဲ့ကန့်   ရောတာမဟုတ်ဘဲ ဒုတ္ထာ(ကော့ပါးဆာလဖိတ်)နဲ့ ရောစပ်တာဖြစ်ပါတယ်။ မဖောက်ထုံး တစ်ပိဿာ၊ ဒုတ္ထာ  တစ်ပိဿာ၊ ရေတစ်ပိဿာတို့ကို ရောစပ်ပြီး (၁:၁:၁၀၀) “၁ ရာခိုင်နှုန်းဆေးရည်”လို့  ခေါ်ပါတယ်။ ထုံးနဲ့  ကန့် ရောသုံးရင် ကော့ပါးလို့ခေါ်တဲ့ ကြေးနီဓာတ်မပါတော့ ဆာလဖာကန့် တစ်မျိုးတည်း   ဖြစ်ပါလိမ့်မယ်။ ကော့ပါးက   မှိုကိုသတ်နိုင်စွမ်းရှိတာကြောင့်  ဆေးထိရောက်မှုရှိစေရန် ဒုတ္ထာ(ကော့ပါး) ပါတာကို သုံးသင့်ပါတယ်။ နည်းနည်းသုံးချင်ရင်တော့ (၁:၁:၁၀၀) အချိုးဖြစ်တဲ့ ဒုတ္ထာ ၁၀ ကျပ်သား၊ မဖောက်ထုံး ၁၀ ကျပ်သား၊ ရေ ၁၀  ပိဿာတို့ နဲ့လည်း ဖျော်စပ်အသုံးပြုနိုင်ပါတယ်။
ဆေးရည်ကို    ခပ်ပြင်းပြင်းဖျော်ချင်ရင်လည်း    “၂ ရာခိုင်နှုန်း ဆေးရည်”အဖြစ်    အချိုးအစားတိုးပြီး   ဖော်စပ်လို့ရပါသေးတယ်။ “၂ ရာခိုင်နှုန်းဆေးရည်”က  စိုက်ခင်း မြေကြီးတွေမှာ ကျရောက်တဲ့ ရောဂါများအတွက် နှိမ်နှင်းနိုင်ပါတယ်။ (၂:၂:၁၀၀)ကို နည်းနည်း ဖျော်ချင်ရင်(၁:၁:၅၀)ဆိုတော့-  ဒုတ္ထာ  ၂၀ ကျပ်သား၊ မဖောက်ထုံး ၂၀ ကျပ်သား၊ ရေလေးဂါလန်တို့နဲ့ ရောစပ်ရမှာ ဖြစ်ပါတယ်။
အပျစ်အကျဲကတော့   မိမိတို့ဖျော်စပ်မယ့်    အချိုးအဆအပေါ် မူတည်ပါတယ်။ အပေါ်က အချိုးတွေကို သိပြီဆိုရင်တော့ ဖျော်စပ် နည်းစနစ်က ဒုတ္ထာ ၂၀ ကျပ်သားနဲ့ ရေတစ်ဂါလန်ခွဲကို သီးခြားပုံး တစ်ခုထဲမှာ ရောစပ်မွှေပါ။ မဖောက်ထုံး ၂၀  ကျပ်သားနဲ့ ရေတစ်ဂါလန် ခွဲကို သီးခြားပုံးတစ်ခုထဲမှာ ရောစပ်မွှေပါ။
ထို့နောက် ပုံးတစ်ပုံးထဲကို ဆေးရည်နှစ်မျိုးကို   တစ်ပြိုင်တည်း ရောထည့်ပြီး   ရေတစ်ဂါလန်   ထပ်ရောထည့်ပေးပါ။  (မြေအိုး၊ ပလတ်စတစ်ပုံး သစ်သားစည်တွေကိုသာ ဖျော်စပ်ရာပုံးအဖြစ် အသုံး ပြုသင့်ပါတယ်)။ နောက်တစ်ချက်က ထုံးနဲ့ဒုတ္ထာသည် ရေမှာပျော်ဝင်မှု နှေးပြီး အနည်ထိုင်စေတတ်တာကြောင့် မွှေပေး လှုပ်ပေးရပါမယ်။
ဆေးကို ၂၄ နာရီအတွင်း သုံးရပါမယ်။ ဆေးမကုန်လို့ ချန်ထားမယ် ဆိုရင် လေလုံအောင်  ဖုံးအုပ်ထားပေးပါ။ အလွယ်တကူ ဝယ်ယူနိုင်ပြီး ဓာတုပိုးသတ်ဆေးများလို ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေတာ ကြောင့် ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံတွေမှာပါ သုံးသင့်တဲ့ ဆေး တစ်မျိုးဖြစ်ပါတယ်။
မိမိသီးနှံရဲ့ ခံနိုင်မှုအား၊  ဆေးသုံးမယ့်အချိန်တို့အပေါ်   မူတည်ပြီး ဆေးအချိုးကို (၂:၂:၅၀)၊ (၄:၄:၅၀)၊ (၅:၅:၅၀) (၁:၁:၁၀၀) စသဖြင့် မိမိနှစ်သက်ရာ   အချိုးအတိုင်း ဖျော်စပ်အသုံးပြုနိုင်ပါတယ်။ မိုးရွာ နေစဉ်   ဆေးမဖျန်းရပါဘူး။ ဆေးဖျန်းပြီးချိန်မှာ     မိုးရွာရင်    ဆေးကို  ထပ်မံဖျန်းပေးရပါမယ်။    နေတအားပူနေချိန်လည်း ဆေးမဖျန်းသင့်ပါ။ အပင်တွေ    ညှိုးနွမ်း၊   ရေငတ်နေချိန်မှာလည်း   မဖျန်းသင့်ပါဘူး။ ဒုတ္ထာနဲ့ ကန့် ကွဲပြားစွာ မသိသေးသူများအနေနဲ့  မဖောက်ထုံး+ ဒုတ္ထာ+ ရေ  တို့ကို   ရောစပ်ဖျော်ထားရင်   “ဘော်ဒိုဆေးရည်”၊ မဖောက်ထုံး +  ကန့်+ ရေ ရောစပ်ဖျော်ထားရင် “ထုံးကန့်ဆေးရည်” လို့ မှတ်နိုင်ပါတယ်။
ဘော်ဒိုဆေးရည်ကို ယခုလက်ရှိ အသုံးပြုနေတဲ့ စိုက်ခင်းတွေက တော့   တိုက်ရိုက်စားသုံးလို့ရတဲ့   ကွမ်း၊   ခရမ်းချဉ်၊ စပျစ်ခြံတွေမှာ အတော်များများ   သုံးစွဲနေတာကို   တွေ့မြင်နေရပါပြီ။ မည့်သည့် နည်းစနစ်မဆို အကောင်းနဲ့ အဆိုး၊ အကျိုးနဲ့အပြစ် ဒွန်တွဲနေမှာပဲ ဖြစ်လို့ မိမိဉာဏ်ရှိသလို ချင့်ချိန်သုံးစွဲကြဖို့   တိုက်တွန်းလိုပါတယ်။

နန်းထက်ထက်ချစ်