တောင်ရိုးတိုင်းရင်းသားကျေးရွာများ၌ သင်္ကြန်အပြီးမှစ၍ လှည့်လည်ကျင်းပနေသည့် ရိုးရာဓလေ့ တာတက်ပွဲတော်

 

ယဉ်လာဒ်

 

ရှမ်းပြည်နယ်အတွင်းမှာ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြပြီး တိုင်းရင်းသားတစ်မျိုးချင်းစီမှာ ရိုးရာဓလေ့နဲ့ ကိုယ်ပိုင်ဟန်​ယဉ်ကျေးမှုတွေ ရှိကြပါတယ်။ ဒီထဲကမှ တောင်ရိုးတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုကို မပျောက်ပျက်အောင်ရည်ရွယ်ချက်နဲ့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့  ရိုးရာဓလေ့ ပွဲတော်ကတော့ တာတက်ပွဲဖြစ်ပါတယ်။

ကျေးရွာတွေမှာ လည့်လည်ကျင်းပ
တောင်ရိုးတိုင်းရင်းသားတွေရဲ့ ရိုးရာတာတက်ပွဲ အခမ်းအနားကို သင်္ကြန်အတက်နေ့မှာ ကလော မြို့နယ်ထဲက ဝါးကြီး​​မြောင်ကျေးရွာကနေ  စတင် ကျင်းပခဲ့ပါတယ်။ အဲဒီနောက် ဧပြီ ၁၈   ရက်မှာ ညောင်ရွှေမြို့နယ်ထဲက ကျောင်းငှက်ရွာမှာ ဆက်လက် ကျင်းပခဲ့ပါတယ်။ ဧပြီ ၂၄ ရက်မှာ ဆူးပန်းအင်း  ငါးရွာပေါင်းပြီး တစ်ပြိုင်နက်တည်း ကျင်းပခဲ့ပါတယ်။ ဧပြီ ၂၅ ရက်မှာ မိုးမခရွာမှာ ကျင်းပခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာတော့ ကမ်းပါးနီ​ကျေးရွာမှာ ကျင်းပနေ ပါတယ်လို့ ဘော်နင်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး ဦးညိုအေးက စာရေးသူကို ပြောပြပါတယ်။ 
တောင်ရိုးတိုင်းရင်းသားတွေရဲ့ ရိုးရာတာတက် ပွဲအခမ်းအနားတွေကို  သင်္ကြန်အတက်နေ့ကနေ စတင်ပြီး ကဆုန်လကွယ်ထိတိုင်အောင် ကျင်းပ လေ့ရှိပေမယ့် တစ်ခါတလေမှာ   နယုန်လထဲအထိ လည်း  ပွဲတော်ကို  ကျင်းပတယ်လို့ သိရပါတယ်။ ‘‘လေးပွဲပြီးသွားပါပြီ။ ပွဲတော်ကို ထပ်လုပ်ဖို့ရှိပါသေး တယ်။ ထပ်ကျင်းပမယ့် ရွာတွေကတော့ ညောင်ရွှေ မြို့နယ်ထဲက     လက်မောင်းကွေးကျေးရွာအုပ်စု လက်မောင်းကွေးရွာမှာ ဒီလထဲ ဆက်ကျင်းပသွား မယ်။ လက်မောင်းကွေး၊ ဇီးယား၊   ချောင်းနီပေါက်၊    မိုးကောင်း၊   မြင်းတွင်းရွာ၊    မြတ်ဆက်မြောက်ရွာ မိုင်းလင်းပွဲ၊ ဘော်နင်းရွာဘေးနားက ညောင်ခါးရှည်ရွာ၊ ပြီးရင် ညောင်ကုန်းရွာမှာတော့   နောက်ဆုံးပွဲတော် ဖြစ်သွားပါမယ်”လို့  ကျေးရွာအုပ်စု   အုပ်ချုပ်ရေးမှူးက ဆက်ပြောပြပါတယ်။    ဟိုးအရင်ကာလတွေမှာ တောင်ရိုးတိုင်းရင်းသားတွေရဲ့  ရိုးရာတာတက်ပွဲ နောက်ဆုံးပွဲတော်နေ့ကို အင်းနီရွာမှာ ပြုလုပ်ခဲ့ပေ မယ့် ဒီနှစ်မှာတော့ ကျင်းပဖို့မသေချာသေးဘူးလို့ ဆိုပါတယ်။ 
ရိုးရာယဉ်ကျေးမှု  မပျောက်ပျက်အောင်
အဓိကကတော့ တောင်ရိုးတိုင်းရင်းသားတွေ ရဲ့  ရိုးရာယဉ်ကျေးမှုကို   မပျောက်ပျက်အောင် ရည်ရွယ်ချက်နဲ့ ဒီပွဲတော်ကို အခုလို နှစ်စဉ်ကျင်းပ နေတာဖြစ်ပါတယ်။     တောင်ရိုးမျိုးနွယ်စုဟာ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု  ၃၃ မျိုးထဲမှာ  ပါဝင်ပြီး  ရှမ်းပြည်နယ်အတွင်း  ကလော၊   အောင်ပန်း၊  ပင်းတယနဲ့ ပင်လောင်းတို့မှာ တောင်ရိုးတိုင်းရင်းသား လူဦးရေ ငါးသိန်းဝန်းကျင်ခန့် နေထိုင်ကြပါတယ်။ 
ရာသီအလိုက် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင် ကြလေ့ရှိပြီး နှစ်စဉ်တန်ခူးလနဲ့ ကဆုန်လတွေမှာ ကျင်းပလေ့ရှိတဲ့     ရိုးရာဓလေ့တာတက်ပွဲကို သင်္ကြန်အတက်နေ့အပြီး နောက်ရက်ကနေစတင်ပြီး ကဆုန်လကွယ်နေ့အထိတိုင်အောင်    ကျေးရွာ တိုင်းမှာ အလှည့်ကျ ကျင်းပလေ့ရှိပါတယ်။ 
ပဲလှော်ပေါက်ပွဲဓလေ့
တောင်ရိုးတိုင်းရင်းသားတွေရဲ့ ချစ်စရာကောင်းတဲ့ နောက်ထပ် ရိုးရာဓလေ့တစ်ခုကတော့ ပဲလှော်ပေါက်ပွဲ ဖြစ်ပါတယ် ။ ပဲလှော်ပေါက်ပွဲကတော့ တာတက်ပွဲ ကို အကြောင်းပြုပြီး ပွဲတော်မှာ လူပျို အပျို လှည့်ကြ တာဖြစ်ပါတယ်။ တောင်ရိုးအမျိုးသားရဲ့ လွယ်အိတ် ထဲမှာ ပဲလှော်တွေကိုထည့်ထားပြီး ကိုယ်ချစ်ခင်တဲ့ တောင်ရိုးလုံမပျိုကို ပဲလှော်နဲ့ ပစ်ပေါက်ရတဲ့ ဓလေ့ ဖြစ်ပါတယ်။ ဒီဓလေ့ကတော့ တောင်ရိုးတိုင်းရင်း သား​တွေရဲ့ ရိုးရာဓလေ့ဖြစ်ပေမယ့် နောက်ပိုင်း ကာလတွေမှာ  ဒီရိုးရာဓလေ့ပွဲတွေကို သိပ်မကျင်းပ တော့တာကြောင့်  ရိုးရာဓလေ့တွေ  မပျောက်ပျက် သွားအောင် လက်ဆင့်ကမ်းကျင်းပနိုင်ဖို့ လိုအပ်နေပါ တယ်လို့    ဆည်ခေါင်းကျေးရွာမှာ   နေထိုင်သူ တောင်ရိုးတိုင်းရင်းသားတစ်ဦးကလည်း စာရေးသူကို ပြောပြပါတယ်။ 
‘‘တောင်ရိုးအမျိုးသားက ပဲလှော်နဲ့ ပစ်ပေါက် တာကို လုံမငယ်ကလည်း  ပြန်ပေါက်ရင် အပြန်အလှန် သဘောကျတယ်လို့  ဆိုရပါတယ်။   ပွဲတော်ပြီး သွားရင် လုံမငယ်တို့ရွာကို သွားရောက်ပြီး လူပျို အပျို လှည့်ကြရတာမျိုးဖြစ်ပါတယ်။   ဒါပေမယ့် လူပျို အပျိုလှည့်တဲ့အခါ  ကိုယ်ပိုးပန်းတဲ့ရွာက ကာလသား ခေါင်းဆောင်ကို ခွင့်တောင်းပြီးမှသာ ပိုးပန်းရတာမျိုးဖြစ်ပါတယ်။ ဒါကတော့ တာတက် ပွဲကို အကြောင်းပြုပြီး တောင်ရိုးတိုင်းရင်းသားတွေရဲ့ လူပျိုအပျိုလှည့်ရတဲ့   ချစ်စရာရိုးရာဓလေ့တစ်ခု ဖြစ်ပါတယ်’’လို့ တောင်ရိုးစာပေနဲ့   ယဉ်ကျေးမှု အသင်းမှ   အဖွဲ့ဝင်တစ်ဦးဖြစ်သူ   ဖိုးအောင်ငဲက ပြောပြပါတယ်။ 
လက်ရှိအချိန်မှာ ပဲလှော်ပေါက်ပွဲ ဓလေ့ထုံးစံကို ကျင့်သုံးတာသိပ်မရှိတော့ပေမယ့် ပင်းတယမြို့နယ်ထဲ နေထိုင်ကြတဲ့ တောင်ရိုးရွာတွေမှာတော့  ဒီရိုးရာ ဓလေ့တွေက ကျန်ရှိပါသေးတယ်။ 
 ဆွေမျိုးပေါင်းစုံနဲ့  ပြန်လည်တွေ့ဆုံကြရတဲ့ကာလ
တာတက်ပွဲဆိုတာ ဓနု၊ တောင်ရိုး၊ ပအိုဝ်းလူမျိုး တို့ရဲ့ရိုးရာပွဲတော်တစ်ခုလို့ ဆိုနိုင်ပါတယ်။  တာတက် ပွဲကို တစ်နည်းအားဖြင့် ပွဲဝင်တယ်လို့လည်း ခေါ်ဝေါ် သုံးစွဲကြပါတယ်။ ပွဲဝင်ခံရတဲ့ရွာရဲ့ ဘုန်းကြီးကျောင်းကို တခြားရွာတွေမှာ နေထိုင်ကြတဲ့ တောင်ရိုးတိုင်းရင်း သား   လူကြီးလူငယ်မကျန် လှူဖွယ်ပစ္စည်းတွေ၊ ဆွမ်းတော်အုပ်၊ အိုးစည်ဗုံမောင်းတွေနဲ့ လာရောက် ပြီး ပွဲဝင်ကြတဲ့ ဓလေ့တစ်ခုလို့ဆိုရပါတယ်။ တစ်နှစ် တာ  ကာလပတ်လုံး   လယ်ယာလုပ်ငန်းခွင်မှာ လုပ်ကိုင်ကြတာမို့ အခုလို ပွဲတော်ကာလမှာ ဆွေမျိုး ပေါင်းစုံနဲ့  ပြန်လည်တွေ့ဆုံကြရတဲ့ကာလလည်း ဖြစ်ပါတယ်။ 
မြန်မာနိုင်ငံက   တိုင်းရင်းသားတစ်မျိုးစီရဲ့ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုတွေအနက် ရှမ်းပြည်နယ် အတွင်းမှာနေထိုင်ကြတဲ့ တောင်ရိုးတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ပွဲတော်ဖြစ်တဲ့    တာတက်ပွဲကိုလည်း ယခုလို ပွဲတော်ကျင်းပနေချိန်ကာလမှာ သွားရောက် လေ့လာလည်ပတ်နိုင်ဖို့ ဒီတစ်ပတ်ရဲ့   ခရီးသွား လမ်းညွှန်အဖြစ် ရေးသားဖော်ပြလိုက်ရပါတယ်။