
နေပြည်တော် နိုဝင်ဘာ ၂၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့မီးရထားသည် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် တောင်ကြီး မြို့၏ သာယာလှပသော ရှုခင်းများကို ကြည်နူးဖွယ် ခံစားကြည့်ရှုနိုင်ရန် တောင်ကြီး - ပေါမူ၊ ပေါမူ - တောင်ကြီး ရထားခရီးစဉ်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ တန်ဆောင်တိုင်ပိတ်ရက်များ တွင် တောင်ကြီးဘူတာမှစတင်၍ နံနက် ၈ နာရီတွင် အထူးရထားအဖြစ် ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီး-ပေါမူ ခရီးစဉ်သည် (၁၁ ဒသမ ၄၁) မိုင် ကွာဝေးပြီး ပြေးဆွဲချိန် ၁ နာရီ မိနစ် ၃၀ခန့် ကြာမြင့်မည်ဖြစ်သည်။ လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီးဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှု ခံစားနိုင်ရန် ထီသိမ်ဘူတာ၌ ၁၅ မိနစ် ရပ်တန့်ပေးမည်ဖြစ်ပြီး ပေါမူ ဘူတာသို့ရောက်ရှိပါက ရထားတွဲဆိုင်းကို တောင်ကြီးဘက်သို့ ပြန်လှည့် နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် ၁ နာရီ ရပ်တန့်ပေးမည်ဖြစ်သည်။ ပြေးဆွဲ မည့် ရထားတွဲဆိုင်းမှာ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းဖြင့် အထက်တန်း နှစ်တွဲ၊ ရိုးရိုးတန်း နှစ်တွဲနှင့် ရထားထိန်းတွဲတစ်တွဲတို့ဖြင့် ပြေးဆွဲပေးမည်ဖြစ်သည်။ တောင်ကြီး-ပေါမူ ခရီးစဉ်တွင် အထက်တန်း လက်မှတ် တစ်ဦးလျှင် အသွား ၂၀၀၀ ကျပ်၊ အပြန်ခရီး ၂၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ် တစ်ဦးလျှင် အသွား ၁၀၀၀ ကျပ်၊ အပြန်ခရီး ၁၀၀၀ ကျပ်ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ခရီးသွားပြည်သူများ၏ စီးနင်းမှုအပေါ် မူတည်၍ ရထားတိုးချဲ့ပေးသွားမည်ဖြစ်ကြောင်းနှင့် စိတ်လက်အေးချမ်းပျော်ရွှင်စွာ ရထားစီးပြီး အပန်းဖြေသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်